Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 5, 2015

ကျောင်းသားသပိတ်မှာ ပညာရေး လှုပ်ရှားမှုသာဖြစ်ပြီး အထွေထွေသပိတ် အဖြစ် ပြောင်းလဲရန် မရှိဟုဆို


Friday, February 6, 2015
အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက် လှုပ်ရှားမှုများသည် ပညာရေးစနစ် ပြုပြင်ရေးအတွက် သီးသန့်လှုပ်ရှားမှုသာ ဖြစ်ပြီး ပြင်ပတွင် ကောလာဟလများ ထွက်ပေါ်နေသကဲ့သို့ အထွေထွေသပိတ်အဖြစ် ပြောင်းလဲရန် မရှိကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက ပြောကြားသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် ယခုလအတွင်း ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းတွင် အထွေထွေသပိတ်ပုံစံ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ထွက်ပေါ်နေခြင်းအပေါ် ၎င်းက ယင်းသို့ တုံ့ပြန်ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကော်မတီမူအရ ပညာရေး ဥပဒေ တစ်ခုတည်းကို တိုက်မှာ။ ပညာရေးအတွက် လှုပ်ရှားမှုသာ ဖြစ်တယ်။ အထွေထွေသပိတ်တွေ ဘယ်လိုမှ မဟုတ်ဘူး” ဟု ကိုရဲဇာနည်ထွန်းက ပြောကြားသည်။
ကျောင်းသားသပိတ်နှင့် ပတ်သက်၍ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီ လူမှုကွန်ရက် စာမျက်နှာကသာ အတည်ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် မဖြိုးဖြိုးအောင်က ရှင်းပြသည်။
“အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ သတင်းတွေကိုတော့ အတည်ပြုပေးလို့ မရပါဘူး။ သပိတ်ကော်မတီဆိုက်က သတင်းသာ အတည်ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ယခုအခါ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် မန္တလေး သပိတ်စစ်ကြောင်း၊ ဧရာဝတီ သပိတ်စစ်ကြောင်း၊ ထားဝယ် သပိတ်စစ်ကြောင်း၊ မုံရွာ သပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့တော်တွင် ပေါင်းစည်းကာ သပိတ်စခန်း ဖွင့်ပြီး တောင်းဆိုသွားမည် ဖြစ်ကြောင်း ယင်းကော်မတီက သတင်းထုတ်ပြန်ထားသည်။
ပညာရေးဥပဒေ ပြင်ဆင်ရေး၊ နည်းဥပဒေနှင့် ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့်၊ သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းထိ အသုံးပြုရေး၊ တိုင်းရင်းသား ဘာသာစကားများ လွတ်လပ်စွာ ပြဋ္ဌာန်းသင်ကြား ခွင့်ပြုရေး အချက် ၁၁ ချက် ပါဝင်သော တောင်းဆိုချက်ကို ကျောင်းသားသမဂ္ဂများက တာဝန်ရှိသူများထံ ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ကျောင်းသားသပိတ် ကော်မတီကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးမှ တစ်ဆင့် တကသ ကိုယ်စားလှယ် ၆ ဦး၊ ဗကသ ကိုယ်စားလှယ် ၆ ဦး၊ မြေလတ်ကိုယ်စားလှယ် ၃ ဦးဖြင့် ဖွဲ့စည်းထားသည်။
The Voice Weekly

No comments:

Post a Comment