Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 27, 2015

သမိုင်းတွင်မယ့် တောင်သာသို့ သွားရာလမ်း (Text Report)

မြင်းခြံကနေ တောင်သွားမြို့အသွား ဇန်နဝါရီ ၂၇ရက်နေ့ ညနေ ၅နာရီကျော်မှာ လုံခြုံရေးအဆီးအတားတွေကို အန္တရာယ်ကင်းကင်း ကျော်ဖြတ်လာနိုင်ခဲ့တဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ တောင်သာမြို့ထဲကို ရောက်လာချိန်မှာတော့ ထောင်နဲ့ချီတဲ့ တောင်သာမြို့ခံတွေက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
ဒီမိုကရေစီပညာရေးလွတ်လပ်ခွင့်အတွက် တောင်းဆိုနေတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ တောင်သာမြို့မှာ တစ်ညတာအနားယူကြမှာဖြစ်ပြီး ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီက ကိုယ်စားလှယ် ၂ယောက်ဟာ နေပြည်တော်မှာ အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး လိုလားချက်တွေကို တင်ပြတောင်းဆိုဖို့ ရှိနေပါတယ်။ ကျောင်းသားတွေ မူလ တောင်းဆိုထားတာကတော့ အစိုးရ၊ ကျောင်းသား၊ လွှတ်တော်နဲ့ NNER တို့ လေးပွင့်ဆိုင်ဖြစ်ပါတယ်။ NNER အဖွဲ့ဝင် ၁၁ယောက်ကလည်း တကယ့်ဆွေးနွေးပွဲတွေဖြစ်လာဖို့ တောင်သာကိုသွားဖို့ ရန်ကုန်ကနေ စတင်ခရီးထွက်နေပြီလို့ ကြေညာခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေ မြင်းခြံအထွက် တောင်သာအဝင်မှာ လုံခြုံရေးတွေ ပိတ်ဆို့ထားလို့ ပိတ်မိနေချိန်မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာဦးဆောင်ပြီး ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီ၊ ဒုဝန်ကြီး ဒေါက်တာ ဇော်မင်းမောင်၊ လွှတ်တော် ပညာရေးကော်မတီဥက္ကဌ ဒေါက်တာချမ်းငြိမ်းနဲ့ ဥပဒေကြမ်းကော်မတီက ဥက္ကဌတွေနဲ့အတူ အမျိုးသားပညာရေးဥပဒေကို ညှိနှိုင်းပြင်ဆင်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ပြင်ဆင်ရေးဆွဲဖို့အတွက် ကျောင်းသားတွေ တောင်းဆိုထားတဲ့အချက်တွေကို ဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက လွှတ်တော်ဒုတိယဥက္ကဌကို ရှင်းလင်းတင်ပြခဲ့ပြီး ပြင်ဆင်သင့်တဲ့အချက်တွေကိုပါ တင်ပြခဲ့ပါတယ်။ သပိတ်မှောက်ကျောင်းသားတွေနဲ့ မြန်မာအစိုးရ၊ လွှတ်တော်နဲ့အတူ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် NNER တို့ဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်နိုင်ကြမယ်ဆိုရင် မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းနဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ ပထမဆုံး မှတ်တမ်းဝင်မယ့် မှတ်တိုင်တစ်ခုဖြစ်သွားနိုင်ပါတယ်။

Kamayut Media

No comments:

Post a Comment