Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 30, 2015

“ မရွှေစင်ဝင်း ( ခေါ် ) Cynthia Win ”

“ စိတ်ကူးတန်ဖိုးများဖြင့် ဖြန့်ကျက်ကြပါစို့ - Idea Worth spreading ” ဆောင်ပုဒ်နဲ့ ဟောပြောပွဲ နဲ့ အသိပညာပေးဆွေးနွေးပွဲ၊ ငြင်းခုံစကားဝိုင်း၊ ဝေဖန်ရေး စတဲ့ လူထုစင်မြင့်ကွန်ဖရင့် TED Talk မှာ တက်ရောက်ဟောပြောခွင့်ရတဲ့ ( ပထမဦးဆုံးဟု ယူဆရပါသည် ) မြန်မာနိုင်ငံဖွား “ မရွှေစင်ဝင်း ( ခေါ် ) Cynthia Win ” ကို ဂုဏ်ပြုသောအားဖြင့် မူရင်းအသံဖိုင် နဲ့ မြန်မာဘာသာပြန်ကို တင်ဆက်ပေးလိုက်ပါတယ်။ အားကျကြပါကုန်။
.
လူတော်တော်များများက ကျွန်မကို စင်သီယာဝင်း လို့ သိထားကြပါတယ်။ ဒါပေမယ့် ကျွန်မကိုမွေးတုန်းကပေးတဲ့နာမယ်က မရွှေစင်ဝင်း ဖြစ်ပါတယ်။ ကျွန်မကို မြန်မာနိုင်ငံမှာမွေးခဲ့ပါတယ်။ သာယာလှပတဲ့ အရှေ့တောင်အာရှနိုင်ငံတစ်ခုပါ။ အရင်ကတော့ ဘားမား လို့ သိကြပါတယ်။
.
ကျွန်မနာမည်ကိုဖွဲ့စည်းထားတဲ့ စာလုံး ( ၄ ) လုံးကို ကြည့်လိုက်ရင် ဘယ်စာလုံးဟာ ကျွန်မရဲ့ မျိုးရိုးနာမည် - Last Name ဆိုတာကို မှန်းကြည့်လို့ရမလား? အဖြေမှန်က ကျွန်မမှာ Last Name မရှိပါဘူး။ ပထမဦးဆုံးစာလုံး “ မ - Ma ” ဟာ အမျိုးသမီးတွေကိုခေါ်တဲ့ ရိုသေမှုထိပ်စီးစာလုံးဖြစ်ပြီး “ ရွှေစင် - Shwe Sin ” ဆိုတာက သန့်စင်တဲ့ရွှေ ကို ပြောတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံမှာ အကယ်ဒမီပေးတဲ့ ရုပ်ထုကိုလည်း ရွှေစင် လို့ ခေါ်ပါတယ်။ ကျွန်မအမေဟာ ရုပ်ရှင်သိပ်ကြိုက်တဲ့ ဝါသနာအိုး တစ်ယောက်ပါ။ ( ရယ်သံများ )
.
.
နောက်ဆုံးစာလုံး “ ဝင်း - Win ” ဆိုတာ တောက်ပတယ်လို့ ပြောတာပါ။ တည့်တည့်ပြန်ရမယ်ဆိုရင် ကျွန်မနာမယ်ဟာ “ ရွှေအစစ်တောက်ပသော ရွှေစင်ရုပ်ထု - Shining Pure Gold Academy Award ” လို့ အဓိပ္ပာယ် ရပါတယ်။ ( ရယ်သံများ )
.
ကျွန်မ ကြိုက်တယ်။ အဲဒီနံမယ်က လျှမ်းလျှမ်းတောက်ပြီး တန်ဖိုးရှိတယ်။ ဒီပုံထဲက ကျွန်မအစ်ကိုပါ။ ဒီဖက်က ကျွန်မပုံ။ သူ့နာမည်က “ မောင်ရဲရင့်အောင် - Maung Ye Yint Aung ” လို့ ခေါ်ပါတယ်။ တွေ့တဲ့အတိုင်းပဲ ကျွန်မတို့နာမည်တွေမှာ အမျိုးတော်တယ်လို့ပြောလို့ရအောင် ဘုံ တူညီတဲ့ စာလုံးတွေ မပါပါဘူး။ ဒါတောင် ကျွန်မတို့က အဖေတူ အမေတူ မွေးလာကြတာပါ။
.
.
အခုဆို ကျွန်မတို့မျိုးဆက်နာမည်ကို ဘယ်လိုထိန်းသိမ်းသလဲဆိုတာ ပဟေဠိဖြစ်နေမှာပါ။ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့တန်းတူ ဘယ်လျှောက်လွှာမဆို ကျွန်မတို့ရဲ့ မျိုးရိုးနာမယ် - Last Name ဖြည့်ကိုဖြည့်ရမယ်ဆိုတဲ့ ထုံးစံကြီးတစ်ခုကို ကြုံတွေ့နေရပါတယ်။ ( ရယ်သံများ )
.
မြန်မာနိုင်ငံရဲ့ လျှောက်လွှာ - Form တွေမှာ Last Name မလိုပါဘူး။ ဒီ့အတွက် နာမည်အပြည့်အစုံဖြည့်ရတယ်။ ဖခင်နာမည် ဖြည့်ရတယ်။ အခုပုံမှာပါသလို မြန်မာသံရုံးမှာ ဗီဆာလျှောက်ရတဲ့ ဖောင်လိုပါပဲ။
.
.
မကြာသေးခင်ကပဲ စီးပွားရေးလူမှုကွန်ယက် - Linked In မှာ ဝင်းအောင် ဆိုတဲ့ လူတစ်ယောက်ဆီက ကျွန်မ Request တစ်ခု ရတယ်။ ကျွန်မ သူ့ကိုမသိဘူး။ ဒါကြောင့် လျစ်လျူရှုထားလိုက်မိတယ်။ တစ်ပတ်လောက်ကြာတော့ ကျွန်မအဖေက ဖုန်းဆက်ပြီး “ နင် ငါ့ကို Facebook မှာလည်း သူငယ်ချင်းအဖြစ်လက်မခံဘူး .. အခုလည်း Linked In မှာလည်း လက်မခံပြန်ဘူး ” လို့ လှမ်းပြောတယ်။ ( ရယ်သံများ )
.
အဖေ့နာမယ် ဦးတင်အောင်ဝင်း - U Tin Aung Win ကို First Name နဲ့ Last Name အကွက်တွေမှာ ထည့်သွင်းလို့ရအောင် အစိတ်စိတ်အမွှာမွှာပိုင်းပြီးတော့ “ ဝင်းအောင် - Win Aung ” ဖြစ်သွားမယ်လို့ ဘယ်သူထင်ပါ့မလဲ? ကျွန်မကိုယ်တိုင်တောင် အဖေ့နာမည်ကို မမှတ်မိဘူးလေ။ ( ရယ်သံများ )
.
.
Last Name မရှိတာဟာ ကျွန်မတို့မျိုးဆက်ကို မထိန်းသိမ်းဘူးလို့ ယူဆရန်မဟုတ်ပါ။ ရှေးမြန်မာဘိုးဘွားတွေရဲ့အစဉ်အလာအရ ကလေးနာမည်ပေးကင်ပွန်းတပ်မှာ မွေးတဲ့နေ့နံနဲ့ ပနံသင့်အောင် ပေးကြပါတယ်။ တနင်္လာနေ့သား/သမီးဆို ကျားနေ့ဖွားတဲ့အပြင် နေ့နံနဲ့ကိုက်တဲ့နာမည်ကို မှည့်ပေးပါတယ်။ အဂါင်္နေ့သား/သမီးဆိုရင်လည်း နေ့နံကိုက် နာမည်ပေးပြီး ခြင်္သေ့ ကိုယ်စားပြုပါတယ်။
.
ကျွန်မတို့ရဲ့ ရက်သတ္တပတ် ( ၁ ) ပတ်မှာ ( ၈ ) ရက် ရှိပါတယ်။ စိတ်မပူပါနဲ့။ ဗုဒ္ဓဟူးနေ့ကို မနက် နဲ့ ညနေ ဆိုပြီး ( ၂ ) ပိုင်း ခွဲလိုက်တာပါ။ ကိုယ်စားပြုသတ္တဝါက ဆင်ဖြစ်ပြီး အစွယ်ပါတာ နဲ့ မပါတာ ကွာပါတယ်။ ( ရယ်သံများ )
.
ဒီ တိရစ္ဆာန် ( ၈ ) ကောင်ကို မြန်မာနိုင်ငံရဲ့ စေတီပုထိုးများ ပတ်ပတ်လည်မှာ ဂြိုလ်ပြေဂြိုလ်နံအကောင်ရုပ်တွေအနေနဲ့ တွေ့နိုင်ပါတယ်။
.
အမေရိကန်သမ္မတအိုဘားမားဟာ သောကြာနေ့ဖွားပါ။ သူ့နေ့နံက “ ပူး ” ဖြစ်ပါတယ်။ သူ့လို သောကြာသားတွေဟာ တီထွင်ကြံဆတတ်တယ်။ တစ်ဖက်သားကို စာနာတတ်တယ်။ စကားများတယ်။
.
.
ကျွန်မရဲ့နာမည် တစ်ဖြည်းဖြည်း ဘယ်လိုပြောင်းလဲလာသလဲဆိုတာ ပြောပြချင်တယ်။ မွေးခါစက ကျွန်မကို ရွှေစင် လို့နာမည်ပေးခဲ့တယ်။ ( ၁၉၉ဝ ) မှာ မိသားစု စင်္ကာပူနိုင်ငံကိုပြောင်းတဲ့အခါ တရုတ်သူငယ်ချင်းအများစုတွေရဲ့နာမည်မှာ စာလုံး ( ၃ ) လုံးပါတယ်။ နောက်ဆုံးစာလုံး ( ၂ ) လုံးက သူတို့ရဲ့ First Name ဖြစ်နေပါတယ်။ ကျွန်မကို ( ၈ ) နှစ်အရွယ် စင်္ကာပူသူငယ်ချင်းနဲ့ မိတ်ဆက်ပေးတဲ့အခါ သူတို့လိုပဲ သတ်မှတ်ခေါ်ဝေါ်ကြတယ်။ ဒါဆို ကျွန်မရဲ့ First Name က “ စင်ဝင်း ” ဖြစ်သွားတာပေါ့။
.
အဲဒီအချိန်တုန်းက ကျွန်မ အင်္ဂလိပ် လိုရော တရုတ်လိုပါ မပြောနိုင်တဲ့အခါကျတော့ သူတို့ကို ကျွန်မနာမည်အကြောင်း အရေးတယူ ရှင်းမပြနိုင်ခဲ့ဘူး။ စင်္ကာပူမှာသိခဲ့တဲ့ လူအများစုက ကျွန်မကို စင်ဝင်း လို့ သိထားကြတယ်။
.
.
( ၂ဝဝ၈ ) မှာ ကျွန်မ သြစတေးလျကို ကျောင်းသွားတက်တဲ့အခါ အမေရွေးပေးတဲ့ အနောက်တိုင်းနာမယ်ကို ယူခဲ့တယ်။ “ စင်သီယာ - Cynthia ” က ကျွန်မရဲ့ First Name ဖြစ်သွားပြီး Last Name က “ ဝင်း - Win ” ဖြစ်လာခဲ့တယ်။ စင်သီယာကို ဘာကြောင့်မှည့်ယူခဲ့တာလဲ?
.
အကြောင်းရင်းကတော့ Cyn ဆိုတဲ့ စင် ကို မြန်မာလိုရေးရင် “ စလုံး ” နဲ့ ရေးတော့ ကျွန်မရဲ့ အင်္ဂါနေ့နံနဲ့ ကိုက်တယ်လေ။ ဝင်း ကျပြန်တော့ အားလုံးကို အလွယ်တကူမှတ်မိစေချင်လို့ ဆက်ယူထားခဲ့တယ်။ ဘယ်သူမဆို Last Name ကို Win လို့ထားချင်ကြမှာပဲနော်။ ( ရယ်သံများ )
.
.
တစ်ကယ်လို့ တစ်ယောက်ယောက်က ကျွန်မကို “ ရွှေစင် ” လို့ခေါ်လိုက်မယ်ဆိုရင် ဒီလူဟာ မြန်မာဆိုတာ သေချာတယ်။ ဒီနာမယ်နဲ့ ဖက်တွယ်ပြီး ကြီးပြင်းလာခဲ့ရတာမဟုတ်တော့ တစ်ခါတစ်ခါ ကိုယ့်နာမည်မှဟုတ်ရဲ့လားလို့ သတိပြန်ထားနေရတယ်။
.
“ စင်ဝင်း - Sin Win ” လို့ခေါ်သူကျပြန်တော့ စင်္ကာပူတုန်းက အလုပ် ဒါမှမဟုတ် ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်နေပါမယ်။ “ စင်သီယာ - Cynthia ” လို့ခေါ်ရင် ဒါက MBA သူငယ်ချင်းလား၊ အလုပ်အပ်သူဖောက်သည်လား၊ လုပ်ဖော်ကိုင်ဖက်လား တစ်ယောက်ယောက်ပဲ သေချာတယ်။ စင်သီယာဝင်း ဆိုရင်တော့ စီးပွားရေးလောကမှာ အဆင်ပြေပါတယ်။ ဒါပေမယ့် နာမည်တစ်ဝက်ဖြစ်တဲ့ “ ရွှေစင် ” ဆိုတဲ့ စာလုံးဟာ မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တယ်။
.
.
စင်္ကာပူလို အာရှတိုင်းပြည်များမှာ ကလေးတွေကို ခေါ်ရလွယ်ကူအောင် အနောက်တိုင်းနာမည်တွေ ပေးလာကြတယ်။ ဒီလိုနဲ့ ဒေးဗစ်၊ စင်သီယာ နဲ့ လင်ဒါ လိုနာမည်အများကြီး တွေ့လာရမှာပါ။ ဒီလိုသာဆိုရင် ကမ္ဘာပေါ်မှာ နောက်ထပ် ရွှေစင် တစ်ယောက်ကျန်ဖို့ဆိုတာ မလွယ်တော့ပါဘူး။
.
ဒီနည်းလမ်းနဲ့ ကျွန်မတို့တတွေဟာ တစ်ပါးသူရဲ့ ယဉ်ကျေးမှုကနေ မသင်ယူဘူးဆိုရင် နောင်လာနောက်သားမျိုးဆက်တွေမှာ မွေးကတည်းက တန်ဖိုးရှိ လှပတဲ့ နေ့သင့် နံသင့် နာမည်ဆိုတာမျိုးကို မြင်ရ ကြားရဖို့ အခွင့်အရေးရှိပါဦးမလား?
.
ကျေးဇူးတင်ပါတယ်
.
Thank You
.
“ မရွှေစင်ဝင်း ( ခေါ် ) Cynthia Win ”
.
.
( မှတ်ချက်။ ။ ဒီ TED Talk အစီအစဉ်မှာ ( ၆ ) မိနစ်ကျော် ချောချောမွေ့မွေ့ စကားတက်ပြောဖို့ မရွှေစင်ဝင်း ဟာ ( ၂ ) လ အတွင်း အကြိမ် ( ၃ဝဝ ) ကျော် လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ် )
.
.
Mp3 အသံဖိုင် -
.
1. https://shared.com/lm94wque0t?s=l


.
2. https://drive.google.com/file/d/0B88qWw_pvpY3cGdPNFFKWlhYb0E/view?usp=sharing

.
.
.
Mp4 ရုပ်သံဖိုင် -
.
1.
<iframe src="https://shared.com/lye91ynput/embed?s=e
" width="640" height="362" frameborder="0" allowfullscreen webkitallowfullscreen mozallowfullscreen></iframe>
.
2. https://drive.google.com/file/d/0B88qWw_pvpY3a2ZDMXlVbHk1dXc/view?usp=sharing

.
.
.
TED Talk YouTube: https://www.youtube.com/watch?v=TffL_gKlSFE
.
.
.
Cynthia Win’s Facebook: https://www.facebook.com/Csinwin?fref=ts



Ko Nyi Nyi Taunggyi

No comments:

Post a Comment