Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 27, 2015

ယုတ္တိရှိသော အဖြေမှန် လိုပါတယ်







 Written by - နေထွန်းနိုင်

(၁)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင် ပန်ဆန်းမြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာမှာ ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။

အသက် ၂ဝ အရွယ်ပဲရှိသေးတဲ့ ကချင်တိုင်းရင်းသူ ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာက ဇန်နဝါရီ ၁၉ ရက်ည ပိုင်းမှာ ဖြစ်ခဲ့တာပါ။ သူတို့နှစ်ဦးကို ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် (KBC) က စေလွှတ်ထားခြင်း ဖြစ်ပါတယ်။ KBC ဆိုတာ ကချင် တိုင်းရင်းသားတွေ ကြားမှာရော ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တို့ အပေါ်မှာပါ ဩဇာ တိက္ကမရှိတဲ့ ဘာသာရေး အဖွဲ့အစည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အခု ဖြစ်စဉ်ဟာ ကချင် တိုင်းရင်းသားတွေနဲ့တင် ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ စစ်မက် ဖြစ်ပွားရာ ပဋိပက္ခဇုန်တွေမှာ တိုင်းရင်းသူတွေ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေများစွာ ရှိခဲ့ပါတယ်။ ကိုယ်ထိလက်ရောက် ထိပါးစော်ကား ခံခဲ့ရတာတွေလည်း များစွာဖြစ်ခဲ့ပါတယ်။

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုက သာမန်မှုခင်းဖြစ်စဉ် ဆိုတာမျိုးထက် ပိုတဲ့ကိစ္စ ဖြစ်လာနိုင်ပါတယ်။ ဒီဖြစ်စဉ်အတွက် အမှုမှန်ပေါ်ပေါက်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။

(၂)

ကျိုက်ထီးရိုးမှာ ပီရူးနိုင်ငံသူတစ်ဦးကို အဓမ္မပြုကျင့်ခဲ့လို့ ကျူးလွန်ခဲ့သူကို ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့ပါတယ်။ မန္တလေးတိုင်းမှာ အမေရိကန်နိုင်ငံသူ တစ်ဦးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့သူကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချခဲ့ပါတယ်။ ဒီအမှုတွေကို ဖော်ထုတ်အရေးယူခဲ့တဲ့အချိန် သိပ်မကြာပါဘူး။ အမှုကို ကျူးလွန်ခဲ့သူတွေက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူတွေ မဟုတ်ပေမဲ့ ထောင်ဒဏ်နှစ်ရှည် ချခံခဲ့ရပါတယ်။

ကချင်ဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုအတွက် သေမှုသေခင်းဖြစ်စဉ် လူသတ်မှုပုဒ်မ ၃ဝ၂ နဲ့ ပန်ဆိုင်း၊ ကြူကုတ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒါဟာသာမန်လူသတ်မှု မဟုတ်ပါဘူး။ လူမဆန်စွာ ရက်ရက်စက်စက် အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာပါ။

အမှုဖြစ်စဉ်တွက် အရပ်သားဆယ်ဦးနဲ့ တပ်မတော်သား သုံးဆယ်ကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ လိုအပ်တဲ့ ဓာတုစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ကချင်အဖွဲ့အစည်းတွေအပြင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေက အမှုမှန်ပေါ်ပေါက်ဖို့ တောင်းဆိုထားပါတယ်။ ဖြစ်စဉ်ကို သေချာစွာ စုံစမ်းစစ်ဆေးပေးဖို့ကိုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

(၃)

ကချင်ဆရာမနှစ်ဦး အဓမ္မ ပြုကျင့် သတ်ဖြတ်ခံရတဲ့ နမ့်တောင်းအုပ်စု၊ ကောင်းခါးရွာဆိုတာ မူဆယ်နဲ့ မုံးကိုးကြားမှာ ရှိပါတယ်။ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ ဆယ်မိုင်ခန့်လောက်ပဲ ဝေးပါတယ်။ ပထမအချက်က သူတို့ ရှိနေတဲ့ဒေသဟာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ လွန်းတဲ့နေရာ မဟုတ်ပါဘူး။ ဒုတိယအချက်က တပ်မတော် စစ်ကြောင်းတွေ မကြာခဏ ဖြတ်သွားလေ့ရှိတဲ့ ကားလမ်းဘေးမှာ ရှိပါတယ်။

အခင်းဖြစ်ပွားချိန်မှာ အရှေ့မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် စကခ (၁) လက်အောက်ခံ ခမရ (၅ဝ၃) တပ်မတော် စစ်ကြောင်းက ကောင်းခါးရွာမှာ ရှိနေပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နံနက်ပိုင်းမှာ သူတို့ရောက်လာခဲ့ပြီး ညသန်းခေါင်မှာ ဒီအမှုဖြစ်ခဲ့တာပါ။ ဒီအတွက် အမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ စာရင်းမှာ တပ်မတော်စစ်ကြောင်းက ရဲဘော်တွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသား ဒေသတွေက တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ ပွင့်လင်းမှုရှိကြ တတ်ကြပါတယ်။ ဒါပေမဲ့ လူမျိုးရေး သန့်စင်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီလို ဖြစ်စဉ်တွေ ပေါ်လာတိုင်း တိုင်းရင်းသားတွေဘက်က စွပ်စွဲပြောဆိုတဲ့ အဖွဲ့တစ်ဖွဲ့ပဲ ရှိပါတယ်။ ဒါကြောင့်လည်း အခုဖြစ်စဉ်အတွက် တပ်မတော်အပေါ် သံသယဖြစ်မှုတွေကို ဒေသခံတွေ ပြောခဲ့ကြတာပါ။

အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေမဲ့ အခင်း ဖြစ်ပွားရာ နေရာအနီးမှာ တပ်မတော် စစ်ကြောင်း ရှိနေတာက ငြင်းမရပါဘူး။ အခင်းဖြစ်ပွားရာ နေရာနဲ့ အနီးဆုံး ပေ ၂ဝဝ အကွာမှာရှိတဲ့ နေအိမ်တွေမှာ တပ်မတော်သားတွေ ဝင်ရောက်နေထိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခင်းဖြစ်ပွားရာ ခရစ်ယာန် ဘုရားကျောင်း ဘေးပတ်ဝန်းကျင် မနိမ့်မမြင့် တောင်ကုန်းတွေမှာလည်း စစ်ကြောင်း ရောက်လာပြီးကတည်းက တပ်မတော် သားတွေ လုံခြုံရေး နေရာယူထားပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ နောက်တစ်ချက်က ဒီလိုအဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မျိုးဟာ ကောင်းခါးဒေသမှာမဖြစ်ဖူးဘဲ အခုမှပေါ်လာခဲ့တာပါ။

အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံ တစ်ချို့ကို သံသယဖြစ်နေတာတွေလည်း ရှိနေပါတယ်။ ဒီအချက်တွေထဲမှာ အခင်းဖြစ်စဉ်နဲ့ ပေ ၇ဝ ခန့်ဝေးတဲ့ နေအိမ်ကို အဲဒီနေ့မှာ လာရောက် နေထိုင်သူနှစ်ဦး ဖြစ်ပါတယ်။ နေအိမ်ပိုင်ရှင်ရဲ့သားနဲ့ သူနဲ့ အတူပါလာတဲ့ လူတစ်ဦးကို သံသယရှိနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကနဦးစစ်ဆေးမှု အပိုင်းကို ကြည့်ရင် စစ်ဆေးခံရသူ ပျမ်းမျှ ၄ဝ ဦးမှာ ၃ဝ ဦးက တပ်မတော်သားတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

(၄)

ဖြစ်စဉ်မှာ တပ်မတော်ကို ဒေသခံတွေ သံသယဖြစ်တာ အပြစ်ပြောလို့မရပါဘူး။

ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလထဲမှာ မြန်မာ အမျိုးသမီးများ အဖွဲ့ချုပ် (Women's League Burma) က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ WLB ဟာ တိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

If they had hope, they would speak လို့ ခေါင်းစဉ်ပေးထားတဲ့ အဲဒီအစီရင်ခံစာမှာ တိုင်းရင်းသား ဒေသတွေမှာ တပ်မတော်က လုပ်ဆောင်ခဲ့တယ်လို့ ဆိုတဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်တွေနဲ့ အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်မှုတွေကို ဖော်ပြခဲ့ပါတယ်။

WLB ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲပြီးချိန်ကနေ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအထိ သုံးနှစ်ကျော်ကာလမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်ခဲ့တဲ့ဖြစ်စဉ် ၁ဝ၄ မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်အများစုဟာ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေနဲ့ ချိတ်ဆက် နေတယ်လို့လည်း ပြောပါတယ်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီနဲ့ ဇွန်လအတွင်းမှာတင် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ပါဝင်ပတ်သက်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖြစ်စဉ် အစီရင်ခံမှုတွေ WLB က ဆက်ရခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ် အချိန် ခြောက်လအတွင်း တိုင်းရင်းသား ဒေသတွေမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရမှု (gang-rape) ဖြစ်စဉ် ၁၄ ခုရှိတယ်လို့ WLB အစီရင်ခံစာမှာ ပြောထားပါတယ်။

သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားချက်တွေအရ တပ်မတော်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရတဲ့ တိုင်းရင်းသား ဒေသတွေထဲမှာ ကချင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ ပါဝင်ခဲ့ပါတယ်။ ကရင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တပ်မတော်ရဲ့ လိင်အကြမ်းဖက်မှုတွေ ၂ဝ၁၄ ခုနှစ်အထိ ဆက်ဖြစ်နေတယ်လို့ WLB က ဆိုပါတယ်။ ဘယ်လောက်အထိ မှန်သလဲကတော့ ဆန်းစစ်ရမှာပါ။

(၅)

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ ကိစ္စမှာ တပ်မတော် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ အမှုမှန် ပေါ်ပေါက်ဖို့နဲ့ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ အရေးတကြီး လိုပါတယ်။ အများပြည်သူက ကျေနပ်နိုင်တဲ့ အဖြေဖြစ်ဖို့ အရေးကြီးဆုံးပါပဲ။

အကယ်၍ ဖြစ်စဉ်မှာ တပ်မတော်ပါဝင် ပတ်သက်နေတယ် ဆိုရင် ဥပဒေ အတိုင်း မှန်မှန်ကန်ကန် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၆) တရားစီရင်းရေးကဏ္ဍပုဒ်မ ၂၉၃ (ခ)မှာ “စစ်ဘက်ဆိုင်ရာ တရားရုံးကို ဖွဲ့စည်းခွင့်” ပြုထားပြီး ပုဒ်မ ၃၁၉ မှာ “ပုဒ်မ ၂၉၃ ပုဒ်မခွဲ (ခ)အရ စစ်ဘက်ဆိုင်ရာ တရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်” လို့ ဖော်ပြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) တပ်မတော်ကဏ္ဍ ပုဒ်မ ၃၄၃ မှာ “စစ်ဘက်တရားစီရင်ရာတွင် (က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်၊ (ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်” လို့ ဆိုထားပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေ ကို အရပ်ဘက် ဥပဒေနဲ့ စီရင်ဖို့ အခက်အခဲ ဖြစ်စေပါတယ်။ တပ်မတော်နဲ့ ပတ်သက်တဲ့ အမှုအခင်းတွေကို တိုက်ရိုက် မဟုတ်တောင် သွယ်ဝိုက် ပုံစံမျိုးနဲ့ တပ်မတော်က အပြီးအပြတ် စီရင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွေကို စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့အစည်း တွေကလည်း ဒီအချက်ဟာ အဟန့်အတား ဖြစ်တဲ့ အချက်တစ်ခုအဖြစ် မြင်ပါတယ်။

သေချာတဲ့ အချက်တစ်ခုက ကချင်ဆရာမ နှစ်ဦးကိစ္စမှာ အစိုးရ တင်မကဘဲ တပ်မတော်မှာပါ တာဝန်ရှိပါတယ်။ ကျေနပ်တဲ့ ဖြေရှင်းမှုကို ထုတ်ပြန်ရမှာပါ။ တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသူတွေ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာတွေက အစဉ်အလာလို ဖြစ်နေပါတယ်။

၁၉၈၈ ခုနှစ်တုန်းကလည်း လုံထိန်းတွေက ကျောင်းသူတွေကို အဓမ္မ ပြုကျင့်တယ်ဆိုတဲ့ ကောလဟာလတွေကြောင့် အဲဒီ မကျေနပ်ချက်တွေက ဒီမိုကရေစီ အရေးတော်ပုံကို ပိုအားကောင်း စေခဲ့ပါတယ်။

အခုဖြစ်စဉ်မှာ ကချင်တိုင်းရင်းသူ နှစ်ဦးဟာ ဆရာမတွေပါ။ မိတကွဲ၊ ဖတကွဲ၊ ငွေမရှိတဲ့ဘဝနဲ့ ကျေးလက်မှာလာပြီး ဆင်းရဲ နွမ်းပါးသူတွေရဲ့ ပညာရေးအတွက် လုပ်ကိုင်ပေးနေသူပါ။ သူတို့အတွက် တရားမျှတမှု၊ မှန်ကန်မျှတတဲ့ တရားစီရင်ရေး လိုပါတယ်။

(၆)

တပ်မတော်ကို ပြောဆိုကြတာ ရှိပါတယ်။ တစ်ခုက ကလေးစစ်သားတွေ ကိစ္စပါ။ နောက်တစ်ခုက စစ်ဆင်ရေး နယ်မြေတွေမှာ ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ တိုင်းရင်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပါတယ်။

ကလေးစစ်သားကိစ္စကို တပ်မတော်ဘက်က ဝန်ခံထားပြီး ပြန်လွှတ်ပေးတာတွေ ရှိပါတယ်။ ဒီအတွက်လည်း အခုဆိုရင် ဝေဖန် ပြစ်တင်တာတွေ လျော့ကျလာနေပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်တွေကိုတော့ ဝန်ခံပြောဆိုခြင်း မရှိပါဘူး။ အမျိုးသမီး တိုင်းရင်းသား အဖွဲ့အစည်းတွေကတော့ ဒီလိုဖြစ်စဉ်မျိုးတွေ ရှိတယ်ဆိုပြီး သက်သေအထောက်အထားတွေနဲ့ ပြောဆိုကြပါတယ်။

အခု ကချင်ဆရာမနှစ်ဦး ကိစ္စဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်နေပါတယ်။ အကယ်၍ ဖြစ်စဉ်မှာ တပ်မတော်သားတွေ ပါဝင်နေတယ်ဆိုရင် ထိရောက်တဲ့ အရေးယူအပြစ်ပေးမှု လုပ်ရပါမယ်။ ဒါဟာ ကချင်တစ်ခုတည်း မဟုတ်ဘဲ တိုင်းရင်းသား အားလုံးနဲ့ သက်ဆိုင်နေတဲ့ကိစ္စ ဖြစ်ပါတယ်။

မပါဘူးဆိုလဲ ယုံကြည်နိုင်လောက်တဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေနဲ့ ကျူးလွန်သူကို ရအောင် ဖော်ထုတ်ရပါမယ်။ ယုတ္တိတန်တဲ့ အဖြေမျိုးရအောင် ဖော်ထုတ် ပေးရပါမယ်။ ဘယ်သူလုပ်လုပ် ထိထိရောက်ရောက် အရေးယူရပါမယ်။

ပြည်သူတွေ ကျေနပ်လောက်တဲ့ အဖြေမဟုတ်ဘဲ လျှောချသွားတဲ့ ကိုပါကြီးအမှုလို မဖြစ်သင့်ပါဘူး။ လက်နက်လုပြေးလို့ သေနတ်မှန်ပြီး သေဆုံးခဲ့ ရတယ်ဆိုတဲ့ ကိုပါကြီး အမှုအတွက် အဖြေဟာ ပြည်သူတွေအတွက် ယုတ္တိတန်တဲ့ အဖြေ မဟုတ်ပါဘူး။

နိုင်ငံခြားသူတွေကို အဓမ္မပြုကျင့်သူကို ထောင်ဒဏ် ၄၃ နှစ်၊ အဓမ္မပြုကျင့်ဖို့ ကြိုးစားသူကို ထောင်ဒဏ် တစ်သက်ကျွန်းချခဲ့တဲ့ အမှုဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ရင် ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာက ပိုကြီးပါတယ်။ ဘယ်သူ ကျူးလွန်သည်ဖြစ်စေ တရားခံကို ဖော်ထုတ်ဖို့ အစိုးရမှာရော၊ တပ်မတော်မှာပါ တာဝန်ရှိပါတယ်။

အရေးကြီးဆုံးက ထုတ်ပေးတဲ့ အဖြေဟာ ယုတ္တိတန်တဲ့အဖြေ ဖြစ်ဖို့လိုပါတယ်။

------------------------------------------------------------------------------------

◘ သေဆုံးသွားသည့် ဆရာမနှစ်ဦးအား ရင်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့သော မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီး၏ ဆေးစစ်ချက်အဖြေ

• မခေါန်နန်စင် (ကချင်တိုင်းရင်းသူ၊ အသက် ၂၀၊ ဘာသာရေးဆရာမ)

စစ်ဆေးတွေ့ရှိချက်မှာ အမျိုးသမီးအင်္ဂါတွင် လတ်တလော ထိုးသွင်းထားသည့် လက္ခဏာရှိပြီး မျက်နှာတွင် ထိုးသွင်းဒဏ်ရာများကြောင့် သွေးထွက်လွန်၍ သေဆုံး။

• မရန်လုရာ (ကချင်အမျိုးသမီး၊ အသက် ၂၀၊ ဘာသာရေးဆရာမ)

စစ်ဆေးတွေ့ရှိချက်မှာ အဆုတ်၊ အသည်း၊ ၀မ်းခေါင်းနှင့် ရင်ခေါင်းကြားရှိ အမြှေးပါးပေါက်ပြဲ သွေးထွက်လွန်၍ သေဆုံး။

◘ အခင်းဖြစ်ပွားခဲ့သည့် နေအိမ် တည်ရှိရာနှင့် ပထ၀ီ အနေအထား

အခင်းဖြစ်ပွားခဲ့သည့် နေရာမှာ မူဆယ်မြို့နှင့် ၁၀ မိုင်ခန့်အကွာ ကောင်းခါးကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး ကောင်းခါးကျေးရွာသည် နမ့်တောင်းနှင့် မုံးပေါ်မြို့သို့ ဆက်သွယ် ဖောက်လုပ်ထားသော ကားလမ်းဘေး၌ တည်ရှိသည်။

ဆရာမနှစ်ဦး နေထိုင်သည့် နေအိမ်မှာ ကောင်းခါးကျေးရွာရှိ နေအိမ်များ ပတ်ပတ်လည် ၀န်းရံထားပြီး ချိုင့်ဝှမ်းသဖွယ် ဖြစ်နေသည်။ အခင်းဖြစ်ပွားသည့် နေအိမ် အနီးဝန်းကျင်တွင် ကချင်နှစ်ခြင်း ဘုရားကျောင်းရှိပြီး အနီးဆုံး ပေ ၇၀ ခန့်တွင် နေအိမ်တစ်လုံးနှင့် ပေ ၁၀၀ ကျော်ခန့် အကွာတွင်လည်း ဒေသခံကျေးရွာမှ နေအိမ်အချို့ ရှိသည်ကိုလည်း တွေ့ရသည်။

ခမရ ၅၀၃ တပ်မတော်စစ်ကြောင်း နားနေသည့် နေအိမ်များမှာ နမ့်တောင်းနှင့် မုံးပေါ် ကားလမ်းတွင် တည်ရှိပြီး အခင်းဖြစ်ပွားသည့် နေရာ၏ မြောက်ဘက်၊ ကားလမ်းနံဘေး ပေ ၂၀၀ ၀န်းကျင် အကွာအဝေး ရှိသည်ဟု ခန့်မှန်းရသည်။

ကောင်းခါးကျေးရွာတွင် အိမ်ခြေ (၃၀) ၀န်းကျင် ရှိပြီး ခရစ်ယာန် ကချင်အသင်းသား လူဦးရေ ၁၂၀ မှ ၁၃၀ ကြားရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

◘ ဆရာမနှစ်ဦး စာသင်ကြားပေးနေသည့် ကျောင်း၏ သမိုင်း

ဆရာမနှစ်ဦး စာသင်ကြားနေသော ကျောင်းသည် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် အဖွဲ့ချုပ် (KBC) ၏ ကိုယ်ထူကိုယ်ထကျောင်း ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ကျောင်းစတင် တည်ထောင်ခဲ့သည်။ ယခင်က ကောင်းခါးကျေးရွာတွင် ကျောင်းမရှိခဲ့ပါ။ နမ့်တောင်းနှင့် ကောင်းခါးကျေးရွာသည် သုံးမိုင်ခန့် ကွာဝေးသည်။ နမ့်တောင်းကျေးရွာရှိကျောင်းသို့ သွားရောက် ကျောင်းမတက်နိုင်သည့် ဆင်းရဲချို့တဲ့သည့် သူများအတွက် ရည်ရွယ်ပြီး အဆိုပါကျောင်းအား တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဆရာမနှစ်ဦး သင်ကြားပေးနေသည့် ကောင်းခါးကျေးရွာကျောင်းမှာ ဒုတိယတန်းအထိသာ ပညာသင်ကြားနိုင်ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ကျော်ရှိပြီး တတိယတန်းရောက်လျှင် နမ့်တောင်းကျောင်းသို့ ရွှေ့ပြောင်းကြရသည်။ ကချင်တိုင်းရင်းသူ လုပ်အားပေး ဆရာမနှစ်ဦးမှာ ကောင်းခါးကျေးရွာနှင့် ကျောင်းသို့ ၂၀၁၄ ခုနှစ်၊ မေလဆန်းပိုင်းက စတင်ရောက်ရှိခဲ့ပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် အဖွဲ့ချုပ်မှ စေလွှတ်ထားသည့် ဘာသာရေးဆရာမနှစ်ဦး ဖြစ်သည်။

ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် အဖွဲ့ချုပ်တွင် ယင်းကဲ့သို့ ပညာရေးဒါန လုပ်အားပြုသူ ဆရာ၊ ဆရာမ ၅၀ ကျော်ရှိပြီး ဝေးလံခေါင်သီသည့် ဒေသများတွင် ပညာရေး လိုအပ်ချက်အရ လုပ်အားဒါန ပြုလုပ်သည့် ဆရာ၊ ဆရာမများကို စေလွှတ်ကာ တာဝန်ထမ်းဆောင်စေကြောင်း၊ ယင်းကဲ့သို့ စေလွှတ်ရာတွင် နေရာဒေသတစ်ခုအား တစ်နှစ်သာ တာဝန်ထမ်းဆောင်ရပြီး တစ်နှစ်ပြည့်ပြီးပါက အခြားနေရာဒေသသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေကြောင်း သိရသည်။ ကောင်းခါးကျေးရွာရှိ ဒေသခံ ကချင်တိုင်းရင်းသား အများစုသည် ကြံ၊ ပြောင်း သီးနှံများကို အဓိကစိုက်ပျိုးကာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

◘ ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်သော ပြောကြားချက်များ

• အခင်းဖြစ်ပွားရာ နေရာအနီးရှိ ဒေသခံများ၏ ပြောကြားချက်

- ဒေါ်ခွန်မိုင် (ကောင်းခါးကျေးရွာ အခင်းဖြစ်ပွားသည့် နေရာနှင့် ပေ ၇၀ အနီးဝန်းကျင် နေအိမ်မှ) ၏ ပြောကြားချက်

ဒီမှာ ဖြစ်တဲ့ညက အဒေါ်ရဲ့သားနဲ့ သူ့မိန်းမက သူတို့ဆီမှာ တပ်မတော်သားတွေလာလို့ အိပ်စရာမရှိလို့ အဒေါ်အိမ်မှာ လာအိပ်တယ်။ အဒေါ်သားဘေးမှာ သူ့သူငယ်ချင်းတစ်ယောက် အိပ်သေးတယ်။ အဲ့ဒီတစ်ယောက်က ဟောက်တော့ သူအိပ်မရဘူး ဖြစ်နေတယ် ထင်တယ်။ အဲ့အချိန်မှာ မိန်းကလေးအော်သံ ကြားလိုက်တယ်။ ကြားတဲ့အချိန်မှာ အဒေါ်ကို နှိုးတယ်။ မိန်းကလေးငိုသံနဲ့ ပါးစပ်ကို ပိတ်ထားပြီး လည်ပင်းကို ညှစ်ထားသလို အသံကြားလိုက်တယ်လို့ ပြောပြီးနှိုးတယ်။ ထကြည့်ရအောင်လို့ ပြောလို့ အဒေါ်လည်း ထလိုက်တယ်။ အဒေါ်ရယ်၊ သားရယ်၊ သမီးရယ် သုံးယောက်ထလာပြီး ဆရာမတို့နေတဲ့ အိမ်နားကို ရောက်လာပြီး ဆရာမ၊ ဆရာမဆိုပြီး အော်ခေါ်လိုက်တယ်။ ဘာသံမှလည်း မကြားဘူး။ မီးတွေကလည်း မှိတ်ထားတယ်။ ဘုရားကျောင်းထောင့်နားမှာလည်း မီးလင်းနေတယ်။ အိမ်သာမှာလည်း မီးလင်းနေတယ်။ အဲဒါနဲ့ အကြားမှားတာပဲဆိုပြီး အိမ်နားကို ကပ်လာတယ်။ တံခါးကို သုံးခါခေါက်ပြီး ဆရာမ၊ ဆရာမဆိုပြီး ခေါ်တော့လည်း ဘာသံမှမကြားဘူး။ တိတ်ဆိတ်နေတယ်။ တံခါးကို ထပ်ခေါက်ပြီး နှိုးပေမယ့် အိပ်ပျော်နေမှာပါ။ ဒီနေ့ ဒီကို လာမအိပ်လောက်ဘူး ထင်နေတာ။ စိတ်ထဲမှာတော့ တစ်ခုခုတော့ ထူးနေပြီလို့ ထင်မိပါတယ်။ စိတ်ထဲမှာ ဇဝေဇ၀ါနဲ့ မိသားစုလိုက် အိမ်ကို ပြန်လာတယ်။ ပြန်သွားပြီး နောက်ပိုင်းလည်း ဘာမှ ထပ်မကြားရတော့ဘူး။

- ဒေါ်နန့်ဆိက် (ကောင်းခါးကျေးရွာ စာသင်ကျောင်း ကော်မတီဝင်၊ ဘုရားကျောင်းကော်မတီဝင် အခင်းဖြစ်ပွားသည့် နေအိမ်နှင့် ပေ ၁၀၀ ၀န်းကျင်မှ) ၏ ပြောကြားချက်

ကျွန်မက သူတို့ နှစ်ယောက်ကို အမျိုးအရင်းတွေလို အနီးကပ် ကြည့်ရှုနေသူပါ။ သူတို့ ဘယ်သွားတယ်။ ညသန်းခေါင်အထိ လည်လို့ရှိရင် ကျွန်မကို လာပြောတယ်။ ရွာက ကလေးတွေလည်း ည ၁၀ နာရီ ကျော်လို့ရှိရင် အိမ်ပြန်ခိုင်းတယ်။ ဆရာမတွေလည်း ကောင်းကောင်းအိပ်ဖို့၊ တံခါးတွေလည်း သေချာပိတ်ဖို့ ပြောတယ်။ မနက်ဆိုရင်လည်း ကျွန်မအိမ်ကနေ လှမ်းကြည့်ပြီးတော့ ဆရာမတွေထပြီး၊ မီးဖိုချောင်မှာ မီးခိုးထွက်ပြီလားဆိုပြီး အမြဲကြည့်ဖြစ်တယ်။

အဲဒီဖြစ်တဲ့ မနက်ပိုင်းမှာ ၈ နာရီ ခွဲနေပြီ ဆိုတော့ ကလေးတွေလည်း ကျောင်းမှာဆုံနေပြီ။ ပြီးတော့ အမြဲတမ်းလည်း ကျောင်းသွားရင် အိမ်ရှေ့က ဖြတ်သွားတယ်။ ဒီမနက် ဆရာမတွေ အိမ်ရှေ့ကဖြတ်ပြီး ကျောင်းသွားတာလည်း မတွေ့ဘူး။ မီးဖိုချောင်မှာ မီးခိုးလည်း မထွက်ဘူး။ မနေ့ညက ဘယ်သွားကြလဲ။ တစ်နေရာမှာ အိပ်တာလားဆိုပြီး စိတ်ထဲမှာ ထင်နေတာ။ အဲဒါနဲ့ အိမ်ကနေ ထွက်လာပြီး ဆရာမတွေနေတဲ့အိမ်ကို သွားကြည့်တယ်။ ပထမ မီးဖိုချောင်ထဲ ၀င်ကြည့်တော့ မီးမရှိဘူး။ သူတို့အိပ်တဲ့ အခန်းတံခါးကလည်း ပိတ်ထားတယ်။ ကျွန်မကလည်း ဒီကလေးမလေးတွေ အခုထိ အိပ်နေတုန်းပဲလား ဆိုပြီး တစ်ယောက်တည်းပြောတယ်။ ပြီးတော့ သူတို့ အိပ်ခန်းထဲကို ၀င်အသွားမှာ ဆရာမ နှစ်ယောက်လုံး သွေးတွေနဲ့ တွေ့ရတာပဲ။ အဲ့ဒါနဲ့ ကျွန်မလည်း အိမ်အပြင်ထွက်ပြီး ရွာသားတွေ လာကြပါဦး ဆရာမနှစ်ယောက် ဘာဖြစ်တာလဲ မသိဘူးဆိုပြီး အော်ခေါ်မိတယ်။

အဲဒီမဖြစ်ခင် မနက်ပိုင်းက ကျောင်းသားတွေကို နမ့်တောင်းမှာ ကာကွယ်ဆေး သွားထိုးဖို့ ခေါ်သွားတယ်။ ညနေက အဒေါ်အိမ်မှာ ကြံခွာသေးတယ်။ ကျွန်မ ခြံကနေ ပြန်တော့ ရွာရဲ့ ဆယ်အိမ်မှူးရဲ့ အိမ်မှာ ကလေး မွေးနေ့ရှိလို့ သွားကြသေးတယ်။ ၁၀ နာရီလောက်မှ သူတို့ အိပ်တဲ့ အိမ်ကို ပြန်ရောက်ကြတယ် ထင်ပါတယ်။ အရင်တုန်းကလည်း အပြင်သွားတာတွေ၊ ဘာတွေ မရှိဘူး။ ဈေးသွားချင်လည်း ပြောသွားတယ်။

ကျောင်းဖွင့်တာက ၈-၉ နှစ်ရှိပြီ။ အရင်တုန်းက ဆရာမတွေလည်း ဒီမှာပဲ နေတယ်။ အရင်ကအိမ်က ဒီလောက်လည်း မကောင်းသလို သိပ်လည်း မလုံခြုံဘူး။ အရင်က တပ်မတော် စစ်ကြောင်းတွေလည်း အမြဲတမ်း ဒီမှာ မနေဘူး။ ရွာမှာ စစ်ကြောင်းတွေ ဖြတ်သွားဖြတ်လာ ရှိတယ်။ ရွာမှာ နားမယ်ဆိုရင် သူတို့နှစ်ယောက်ကို ဒီမှာ မအိပ်ခိုင်းဘူး။ အိမ်မှာပဲ ခေါ်အိပ်တယ်။ အဲ့နေညက သူတို့နှစ်ယောက်လည်း ကလေးမွေးနေ့ သွားတယ်ဆိုတော့ ကျွန်မလည်း လာမခေါ်ဖြစ်ဘူး။ ရွာကို စစ်ကြောင်း ရောက်တာလည်း အဲ့ဒီဖြစ်တဲ့နေမှာပဲ ရောက်လာတယ်။ အရင်ရက်က မရှိဘူး။ အရင်နေ့က သူတို့က ဖြတ်သွားရုံလောက်ပဲ ညအိပ်မနားကြဘူး။ ၁၉ ရက် မနက်ပိုင်း ရောက်လာပြီးတော့ ညအိပ်ကြတယ်။ အဲ့ညမှာ အခုလို ဖြစ်ပျက်သွားတာပဲ။

- အခင်းဖြစ်ပွားချိန် ရောက်ရှိနေသော တပ်မတော်စစ်ကြောင်းမှ ဗျူဟာမှူး၏ ပြောကြားချက်

ဆရာမနှစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲမှူးကိုသာ မေးမြန်းရန်၊ ၎င်းအနေနဲ့ ၀န်ထမ်းဖြစ်နေသည့်အတွက် ထင်ရာမြင်ရာ ပြောပြ၍ မဖြစ်နိုင်ကြောင်း၊ ယခု အမှုကိုလည်း ၎င်းတို့အနေဖြင့် အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်ကြောင်း၊ အမှုနှင့် ပတ်သက်၍ ရဲဘော်များကို ရဲမှူးက ခေါ်ယူ မစစ်ဆေးမီကတည်းက ၎င်းအနေဖြင့် စစ်ကြောင်းရှိ ရဲဘော်များကို ခန္ဓာကိုယ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဖြေဆိုခဲ့သည်။
EMG

No comments:

Post a Comment