Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 30, 2015

လေးပွင့်ဆိုင်ဆွေးနွေးမှု မပြေလည်ပါက သပိတ်တိုက်ပွဲ အရှိန်မြှင့်မည်ဟု ကျောင်းသားများဆို

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဖေဖော်ဝါရီလဆန်းတွင် ပြုလုပ်မည့် လေးပွင့်ဆိုင် ညှိနှိုင်းမှု မပြေလည်ပါက သပိတ်တိုက်ပွဲများ ထပ်မံအရှိန်မြှင့် ပြုလုပ်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက ပြောကြားသည်။
လေးပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထားဝယ်ခရိုင် သပိတ်မှောက် ကျောင်းသားများက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“သပိတ်လှန်ဖို့ အစီအစဉ် မရှိသေးဘူး။ ဒီမိုကရေစီ စံနှုန်းနဲ့ညီတဲ့၊ ကျောင်းသားတွေအတွက် အာမခံချက်ရှိတဲ့ ပညာရေးဥပဒေကို အတည်ပြုပြီးမှပဲ သပိတ်လှန်နိုင်မယ်” ဟု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောဆိုသည်။
အစိုးရ၊ လွှတ်တော်၊ NNER နှင့် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်မည့် လေးပွင့်ဆိုင် ဆွေးနွေးဆဲ ကာလအတွင်း စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး ဆွေးနွေးပွဲကို ဖျက်သိမ်းခြင်း၊ ကျောင်းသားများ၏ တောင်းဆိုချက်များကို လျစ်လျူရှုခြင်း ပြုလျှင် ယခုထက် ပိုပြင်းထန်စွာ ပြုလုပ်မည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရအဖွဲ့နှင့် ကျောင်းသားသပိတ် ကော်မတီ ကိုယ်စားလှယ် ၁၀ ဦး ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၀ နာရီခန့်က နေပြည်တော်တွင် ဆွေးနွေးပြီး လေးပွင့်ဆိုင် ညှိနှိုင်းရေး သဘောတူခဲ့ရာ ဖေဖော်ဝါရီလ ၁ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတုခန်းမတွင် ဆွေးနွေးမည် ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
လေးပွင့်ဆိုင်တွေ့ဆုံရေးကို ကြိုဆိုထောက်ခံသော်လည်း တွေ့ဆုံဆွေးနွေးမှုများကို ရိုးသားပွင့်လင်းမှု၊ အပြန်အလှန် လေးစားမှုများဖြင့် ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း မုံရွာတက္ကသိုလ် ဆရာများအသင်းက ဇန်နဝါရီ ၂၉ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်း မရှိ၍ သပိတ်မှောက်မှုများ ပိုမိုပြင်းထန်လာခြင်း ဖြစ်ပြီး အားကောင်းလာစေသော အဓိကအချက်မှာ ကျောင်းသားနှင့် ဆရာများကို အဓိက အကျိုးသက်ဆိုင်သူများ အဖြစ် သတ်မှတ်ခဲ့မှုမရှိ၍ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မန္တလေးမှ ချီတက်လာသော ကျောင်းသားသပိတ် အဖွဲ့သည် ဇန်နဝါရီ ၂၈ ရက်က ပုပ္ပါးသို့ ရောက်ရှိခဲ့၍ ဇန်နဝါရီ ၂၉ ရက်တွင် ဆက်လက်ချီတက်ရာ ယင်းနေ့တွင်ပင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိပြီး သုခဝတီကျောင်းတိုက်တွင် တည်းခိုမည် ဖြစ်ကြောင်း၊ ကြိုဆိုသူများမှာ ဒေသခံများ အပါအဝင် အင်အားသောင်းဂဏန်းခန့် ရှိကြောင်း ကျောက်ပန်းတောင်း မြို့ခံများထံမှ သိရသည်။
ပခုက္ကူမြို့ရှိ သပိတ်မှောက် ကျောင်းသားများမှာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပြုလုပ်မည့် ကျောင်းသားသပိတ် လူထုထောက်ခံပွဲသို့ သွားရောက်ရန် ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကားများ ငှားရမ်းထားသောလည်း ရဲသတင်းတပ်ဖွဲ့၏ လိုက်လံခြိမ်းခြောက်မှုများကြောင့် ယာဉ်ပိုင်ရှင်များက ယာဉ်မောင်းများ မရှိဟုဆိုကာ ပြန်လည်ဖျက်သိမ်းလိုက်ကြောင်း သပိတ်မှောက် ကျောင်းသားများက ပြောကြားသည်။
ပညာရေးဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့်၊ သမဂ္ဂများကို တရားဝင် အသိအမှတ်ပြုရေး၊ အရေးအခင်းတွင် ကျောင်းထုတ်ခံရသူများကို ပြန်လည်ကျောင်းတက်ခွင့်ပြုရေး၊ အခမဲ့ အလယ်တန်းပညာရေးစနစ်ထိ လုပ်ဆောင်ရေး၊ ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းနှင့်အထက် သုံးစွဲရေး အပါအဝင် နောက်ဆုံးအဆင့် ဆွေးနွေးမည့်အချက် ၁၁ ချက်ကို ဇန်နဝါရီ ၁၄ ရက်တွင် သပိတ်ကော်မတီက ထုတ်ပြန်ခဲ့သည်။
သပိတ်ကော်မတီကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ပြုလုပ်သော နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးမှ တစ်ဆင့် တကသအဖွဲ့ဝင် ခြောက်ဦး၊ ဗကသအဖွဲ့ချုပ်ဝင် ခြောက်ဦး၊ မြေလတ်ဒေသ ကျောင်းသားကိုယ်စားလှယ် သုံးဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
http://www.thevoicemyanmar.com/index.php/news/item/5612-lps

No comments:

Post a Comment