Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

လော့စ်အိန်ဂျလိစ် မြန်မာကောင်စစ်ဝန်ရုံးနေရာ သတ်မှတ်


ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်စ်မြို့တွင် မြန်မာ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ရန် ရုံးခန်းနေရာကို ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့က စာချုပ်လက်မှတ်ရေးထိုး သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ၁၉၄၇ ခုနှစ်မှ စတင်ထူထောင်ခဲ့သော သံတမန်ဆက်ဆံရေးသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ခြင်း ဖြစ်သည်။
အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အရ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကပင် လော့စ်အိန်ဂျယ်လိစ်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ရန် နေရာရှာဖွေ ရွေးချယ်ခဲ့သည်။ လူစည်ကား၍ အချက်အချာကျသော Korea Town အရပ်ရှိ Equitable Life Building အဆောက်အအုံတွင် ရုံးနေရာ ရွေးချယ်သတ်မှတ်ကာ စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။လော့စ်အိန်ဂျလိစ်မြို့၏ အမြင့်ဆုံး အဆောက်အအုံများတွင် နံပါတ် ၂၆ ဖြစ်သော ယင်းအဆောက်အအုံ၏ ၁၇ ထပ်တွင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ပြီးနောက် လာမည့် ဧပြီလဆန်းတွင် ကောင်စစ်ဝန်ဆိုင်ရာ လုပ်ငန်းကိစ္စများ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။ ကောင်စစ်ဝန်ရုံးအကြီးအကဲ သံမှူးကြီးသည် ဖေဖော်ဝါရီလအတွင်း အမေရိကန်နိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်၏။
လော့စ်အိန်ဂျလိစ် မြန်မာကောင်စစ်ဝန်ရုံးသည် ပြည်နယ် ၈ ခုနှင့် အမေရိကန်ပိုင် နယ်မြေအချို့အတွက် ပတ်စပို့၊ ဗီဇာနှင့် ကောင်စစ်ဝန်လုပ်ငန်းဆောင်တာများကို တာဝန်ယူမည် ဖြစ်သည်။ အာလာစကာ၊ ကယ်လီဖိုးနီးယား၊ အော်ရဂန်၊ ဝါရှင်တန်၊ နီဗားဒါး၊ အရီဇိုးနား၊ နယူးမက္ကဆီကိုနှင့် ဟာဝိုင်ယီ ပြည်နယ်၈ ခုနှင့် ဂူအမ်၊ မာရှယ်အိုင်းလင်း စသော ပစိဖိတ်နယ်မြေများ အကျုံးဝင်သည်။
၎င်းပြည်နယ်နှင့် နယ်မြေများတွင် နေထိုင်သူများ၏ ပတ်စပို့နှင့် ဗီဇာကိစ္စများကို လော့စ်အိန်ဂျလိစ် မြန်မာကောင်စစ်ဝန်ရုံးက တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်၏။ ယခင်ကကဲ့သို့ ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးသို့ ပို့စရာမလိုတော့သဖြင့် ပို၍ လွယ်ကူ အဆင်ပြေစေမည် ဖြစ်ကြောင်း ဒေသခံ မြန်မာအသိုင်းအဝိုင်းကိုယ်စား လိုက်ပါကူညီပေးသူ ဦးအောင်မင်းနိုင်က ကမ္ဘာသစ်မီဒီယာသို့ ပြောကြားသည်။
“အမေရိကားမှာ မြန်မာအများဆုံး နေထိုင်တာ ကယ်လီဖိုးနီးယားပါ။ ကယ်လီဖိုးနီးပြည်နယ်မှာပဲ တောင်ပိုင်းမှာ ပိုများတယ်လေ။ လော့အိန်ဂျယ်လိစ်၊ ဆန်ဒီယေးဂိုး စတဲ့ မြို့တွေမှာ မြန်မာတွေ သောင်းနဲ့ချီပြီး ရှိတယ်။ အရင်တုန်းက မြန်မာနိုင်ငံကို သွားချင်ရင် ဗီဇာရဖို့ မိုင် ၃,၀၀၀ ကျော်ဝေးတဲ့ ဒီစီကို ပတ်စပို့ လှမ်းပို့ရတယ်။ အခု ဒီမှာ ဗီဇာထုတ်ပေးရင် အရမ်းမြန်သွားပြီ” ဟု ဦးအောင်မင်းနိုင်က ပြောပြပါသည်။
မြန်မာ-အမေရိကန်လူမျိုးများ ကွန်ရက်အသင်း (Network of Myanmar American Association) ၏  ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မင်းနိုင်သည် အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်းတွင် နေထိုင်သူ မြန်မာများ အဆင်ပြေလွယ်ကူစေရန်အတွက် ကောင်စစ်ဝန်ရုံးဖွင့်လှစ်ရေးကို စေတနာ့ဝန်ထမ်း ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း ရှင်းပြသည်။
“မြန်မာနိုင်ငံက လူကြီးမိဘတွေ နာမကျန်းဖြစ်လို့၊ ကွယ်လွန်အနိစ္စရောက်လို့ အမေရိကားမှာ နေသူက ချက်ချင်း ထသွားလို့ မရဘူး၊ ဒီစီအထိ ပတ်စပို့ကို ပို့ပြီး ဗီဇာလျှောက်ရတာ အနည်းဆုံး တပတ် ၁၀ ရက်ကြာတယ်၊ အယ်လ်အေမှာ ကောင်စစ်ဝန်ရုံး ဖွင့်ပြီးရင်တော့ လူကိုယ်တိုင် သွားလျှောက်နိုင်တယ်။ ဆန်ဖရန်စစ္စကိုတို့၊ ဆန်ဒီယေဂိုတို့၊ လတ်စ်ဗေးဂတ်စ်တို့က ကားမောင်းလာရင်လည်း ရတယ်လေ” ဟု ဦးအောင်မင်းနိုင်က ပြောကြားသည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ရန် နေရာရွေးချယ်ရာတွင် ဆန်ဖရန်စစ္စကိုလည်း စဉ်းစားခဲ့ကြသည်။ မြန်မာလူဦးရေပိုများပြီး အခြားမြို့များနှင့်လည်း သွားလာရေး ပိုအချက်အချာကျသော လော့စ်အိန်ဂျလိစ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
သမ္မတ အိုဘားမား၏ အစိုးရသည် မြန်မာအစိုးရနှင့် ဆက်ဆံရေး ပေါ်လစီကို ပြောင်းလဲကျင့်သုံးခဲ့ပြီးနာက် သမ္မတကိုယ်တိုင် မြန်မာနိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့သည်။ စီးပွားရေးပိတ်ဆို့ ပြစ်ဒဏ်ခတ်မှုများကို အတော်အသင့် လျှော့ပေါ့ကာ သံတမန်ဆက်ဆံရေး တိုးမြှင့်လာချိန်တွင် လော့စ်အိန်ဂျလိစ် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ရေး အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။
http://kabarthit.com/index.php?option=com_content&view=article&id=573:2015-01-16-02-13-29&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment