Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 25, 2015

မော်လမြိုင်တွင် ရဟန်းတစ်ပါး ကိုယ့်ကိုယ်ကိုယ်မီးရှို့ သေဆုံး


Sunday, January 25, 2015
မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာမှာရှိတဲ့ ရိုးဂိုးဘုန်းကြီးကျောင်းဝင်း အတွင်းမှာ သီတင်းသုံးနေထိုင်တဲ့ သက်တော် ၂၉ နှစ်အရွယ် ဦးကေသရဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်က သူသီတင်းသုံး နေထိုင်တဲ့ တစ်ပါးကျောင်းရှေ့ မြေကွက်လပ်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ အဆုံးစီရင်ခဲ့တယ်လို့ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။
မီးရှို့သတ်သေခဲ့တဲ့ ရုပ်အလောင်းနားတွင် မြေဖြူခဲဖြင့် “ဒါယကာ၊ ဒါယိကာမများ ဘယ်သူ့မှ အပြစ်မတင်ပါနဲ့ ဦးဇင်းခန္ဓာကိုယ် ဒီဘဝအတွက် ပူဇော်လိုက်ပါပြီ” လို့ မွန်-မြန်မာ ဘာသာ နှစ်မျိုးနဲ့ ရေးသားထားတဲ့ သုံးထပ်သားပြား တစ်ပြားလည်း တွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့ရုံးရဲ့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
“ကျောင်းထိုင်ဆရာတော် ဦးသီဟ၊ သံဃာတော် ဦးနန္ဒနဲ့ ဦးဝရတို့ အရုဏ်ဆွမ်းခံပြီး ပြန်လာတော့ ဦးကေသရ သီတင်းသုံး နေထိုင်တဲ့ ကျောင်းအရှေ့မှာ မီးတောက်များ တွေ့ရတယ်။ ဒါပေမဲ့ ဦးကေသရက မနက်တိုင်း အမှိုက်တွေ မီးရှို့လေ့ရှိတာကြောင့် အမှိုက်မီးရှို့တယ်လို့ပဲ ထင်မှတ်ခဲ့တာ။ သွားကြည့်မှ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး သေဆုံးနေတာ တွေ့ခဲ့ရတာလို့ ကျောင်းထိုင်ဆရာတော်က ပြောတယ်” လို့ ကျောင်းထိုင်ဆရာတော်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး မော်လမြိုင်မြို့ ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားပါတယ်။
ဦးကေသရရဲ့ ငယ်နာမည်မှာ မောင်ချမ်းသာဖြစ်ပြီး ဝါတော်မှာ ရှစ်ဝါဖြစ်ကာ မိသားစုဝင်တွေက မော်လမြိုင်မြို့နယ် ကော့ခမယ်ကျေးရွာ မြန်မာတန်းရပ်ကွက်မှာ နေထိုင်ကြတယ်လို့ သူက ဆက်ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးစဉ်တွင် သံဃာရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဟာ မီးလောင်ကုန်ဆုံးသွားပြီး အဲ့ဒီသေဆုံးမှုကို မုပွန်နယ်မြေ ရဲစခန်းတွင် သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရပါတယ်။
The Voice Weekly

No comments:

Post a Comment