Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ထွက်ပြေး တိမ်းရှောင်သွားသော တော်ဝင် နှင်းဆီ ဆေးရုံ ပိုင်ရှင်က ရဲတပ်ဖွဲ့သို့ အကြောင်းကြားစာပို့

အေးမြတ်စိုးဇင်

       မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီ ဆေးရုံတွင် လိုင်စင်မရှိဘဲ ဆေးကုသ နေခြင်းနှင့် ပတ်သက်၍ အမှုဖွင့် စစ်ဆေးနေစဉ် ထွက်ပြေး တိမ်းရှောင်သွား ခဲ့သော ပိုင်ရှင် ဇနီးမောင်နှံမှာ လတ်တလော ကျန်းမာရေး ဆေးစစ် ဆောင်ရွက်ရန် အတွက် နိုင်ငံခြားသို့ ခေတ္တရောက်ရှိ နေသည်ဟု ဇန်န၀ါရီလ (၁၂) ရက်စွဲပါစာဖြင့် အကြောင်းကြား ထားကြောင်း သတင်း ရရှိသည်။

       ဆေးရုံ ပိုင်ရှင် ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန် တို့မှာ ကျန်းမာရေး ဆေးစစ် ဆောင်ရွက်မှုများ ပြီးစီးပါက ၎င်းတို့နှင့် သက်ဆိုင်သည့် အမှုကိစ္စ များကို အမြန်လာရောက် တင်ပြမည်ဟု ယင်းစာတွင် ဖော်ပြ ထားကြောင်း သိရှိရသည်။ အဆိုပါ စာမှာ ဦးတင်မောင်မှ စင်ကာပူ နိုင်ငံတွင် မှတ်ပုံတင် ပြုလုပ်ပြီး၊ စခန်းမှူး၊ အမှတ် (၈) မြို့မ ရဲစခန်းသို့ လိပ်မူကာ တိုင်း ရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ မန္တလေးတိုင်း ဒေသကြီးသို့ မိတ္တူ ပေးပို့ထားကြောင်း သိရှိရ သည်။

           ဒီအမှုနဲ့ ပတ်သက်လို့ ဆက်လက် ဆောင်ရွက်နေ ပါတယ်။ သက်သေတွေ ထုတ်ပြီး၊ တရားခံတွေကို ရှာဖွေနေ ပါတယ်။ ရဲတွေ လုပ်ရမယ့် လုပ်ငန်း တာဝန်တွေ အားလုံးကို လုပ်ဆောင်နေ ပါတယ် ဟု အမှတ် (၈)မြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်မှာ တောင်ဝင် နှင်းဆီ ဆေးရုံ သုံးလွှာတွင် လိုင်စင်မရှိဘဲ Health News အမည်ဖြင့် အထူးကုဌာန ဖွင့်ကာ ညစ်ညမ်း ရုပ်ပုံနှင့် စာရွက်စာတမ်းများ ဖြန့်ချိ ဝေငှခြင်းနှင့် မြန်မာနိုင်ငံ ဆေးကောင်စီမှ ထုတ်ပေး ထားသော လိုင်စင်မရှိဘဲ ဆေးကုသခြင်းတို့ ပြုလုပ်ခဲ့ သဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း၊ ယင်းအမှုနှင့် ဆက်စပ်နေသည့် ပိုင်ရှင် ဇနီးမောင်နှံနှင့်  တရုတ်နိုင်ငံသား ခြောက်ဦးမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။

            ယင်းအမှုနှင့် ပတ်သက်၍ ချမ်းအေးသာဇံ၊ မြို့မရဲစခန်းတွင် (ပ)၈/၂၀၁၅ လ၀က အက် ၁၃(၁)၊ (ပ) ၉/၂၀၁၅ ပြစ်မှု ပုဒ်မ ၂၉(က)၊ (ပ) ၁၀/၂၀၁၅၊ ပုဂ္ဂလိက ကျန်းမာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၃/၃၅၊ (ပ) ၁၁/၂၀၁၅ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေ ပုဒ်မ ၄၁/၄၂ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

                အမှုကို ရင်ဆိုင် ဖြေရှင်းခြင်း မပြုသေးသော ဦးတင်မောင်နှင့် ဒေါ်နန်းလှစိန် တို့၏ နေအိမ်နှင့် ၎င်းတို့ သွားလာ နိုင်သည့် နေရာ များကို စောင့်ကြည့်လျက် ရှိကြောင်း၊  ပိုင်ရှင် ဇနီးမောင်နှံနှင့် အဆက်အသွယ် ရှိမရှိ သိရှိရန် ဆေးရုံအုပ်အား စစ်ဆေးလျက် ရှိကြောင်းနှင့် နိုင်ငံခြားသားများ တည်းခို နိုင်သည့် ဟိုတယ်များ ကိုလည်း စောင့်ကြည့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

                 ထို့အပြင် ထွက်ပြေး တိမ်းရှောင်နေသော တရုတ် နိုင်ငံသားများကို ဖမ်းဆီးရန် အတွက် ပြစ်မှု ၂၈/၆၂ အမှတ်စဉ် (၃-၄-၅-၆-၇-၈-၂၀၁၅) တို့ဖြင့် တရားခံပြေးပုံစံ ပြုစုကာ မမစ (ချမ်းအေးသာဇံ) ၏ ၂၀၁၅ ဇန်န၀ါရီလ ရက်စွဲဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့အပြင် အခြား ရဲတပ်ဖွဲ့များနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် မှတ်ပုံတင် ဦးစီးဌာန များသို့ ပေးပို့ အကူအညီ တောင်းခံ ထားကြောင်း သိရှိရသည်။ အဆိုပါ တရုတ် နိုင်ငံသားများ အနက် ငါးဦးမှာ ဇန်န၀ါရီလ (၄) ရက်နေ့က တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ပြေး သွားခဲ့ခြင်း ဖြစ်ပြီး၊ ကျန်တရုတ် နိုင်ငံသား တာဝန်ခံ မန်နေဂျာ မှလည်း ထွက်ပြေး တိမ်းရှောင် နေကြောင်း သိရှိရသည်။
http://www.messengernewsjournal.com/news/Local/detail.php?id=30054

No comments:

Post a Comment