ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံအဝှမ်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးသူအားလုံး၏ ထက်ဝက်ခန့်မှာ ရန်ကုန်နှင့် မန္တလေးတိုင်းအတွင်းဖြစ်သည်ဟု ရန်ကုန်တိုင်း၊ ယာဉ်စည်းကမ်း ထိန်းသိမ်း ရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်က ပြောကြားလိုက်သည်။

ခရီးသည်နှစ်ဦး တင်ဆောင်လာသည့် အငှားယာဉ်တစ်စီး ဇန်နဝါရီ ၈ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက် မင်းရဲကျော်စွာ ခုံးတံတားပေါ်မှ အရှိန်လွန်ကာ ပြုတ်ကျစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
ဇန်နဝါရီ ၁၈ ရက်က ရန်ကုန် သူနာပြုတက္ကသိုလ်၌ ဆဌမအကြိမ်မြောက်ကျင်းပသည့် ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများ၊ အမှတ်တရနေ့ထောက်ပံ့ငွေပေးအပ်ပွဲတွင် ပြောကြားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ယာဉ်မတော်တဆမှုကို ကြည့်မယ်ဆိုရင် ရန်ကုန်၊ မန္တလေး တို့မှာဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက် ဒဏ်ရာရရှိသူ၊ သေဆုံး သူတို့မှာ တစ်တိုင်းပြည်လုံးအတိုင်းအနေနဲ့ ထက်ဝက်ခန့် ရှိကြောင်းလေ့လာတွေ့ရှိရပါတယ်” ဟု ဝန်ကြီးက ပြောသည်။
အဆိုပါပွဲတွင် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း ၅၈ ဦး ကိုငွေကျပ် တစ်သိန်းစီ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေကြေးရရှိခဲ့သည့် သကေတမြို့နယ်တွင်နေသူ ဒေါ်ချိုချိုမာက “အန်တီက မိသားစု ဘုရားဖူး ကားလေးနဲ့ မော်လမြိုင်၊ ကျိုက်ထီးရိုးဘုရား ဖူးသွားရင်းနဲ့အပြန်မှာ ဘီးလင်းမှာ ဘေးကကားက ကျော်တက်ပြီး အန်တီတို့ကားလေးက မှောက်သွားတာ ပါ။ ခြေထောက် ကျိုးသွားတယ်။ စတီးချောင်းထည့် ထားရတယ်။လက်လည်း ထိခိုက်သွားတယ်” ဟု ပြောခဲ့သည်။
ယင်းအခမ်းအနားသို့ ကြက်ခြေနီအဖွဲ့အစည်း၊ ရွှေမင်းသားဖောင်ဒေးရှင်းအဖွဲ့အစည်း၊ NGO အဖွဲ့အစည်းများ၊ မထသ(ဗဟို)၊ အစိုးရ အဖွဲ့အစည်းများသည့် ကျန်းမာရေးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်း ကော်မတီ အဖွဲ့စသည်တို့တက်ရောက်ခဲ့ကြသည်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းတွင်ယာဉ်မတော်တဆမှုကြောင့်၊ နှစ်စဉ်သေဆုံးသူ ၁.၂ သန်းရှိပြီး၊ ဒဏ်ရာ ရရှိခြင်း၊ မသန်မစွမ်းဖြစ်ခြင်းမှာ သန်း ၅၀ ကျော်ရှိကြောင်း တွေ့ရသည်။ အချိန်အားဖြင့်တစ်ရက်တွင် လူဦးရေ (၃၀၀၀) ကျော်သေဆုံးနေပြီး၊ တစ်နာရီတိုင်း (၁၂၅) ယောက်သေ ဆုံးနေကြောင်း တွေ့ရသည်။
အထက်ပါအချက်များအရ လူသေဆုံးမှုသည် အဆင့် (၉) တွင်ရောက်ရှိနေပြီးယခုအတိုင်းဆက်သွားပါက သက္ကရာဇ် ၂၀၂၀ ခုနှစ်တွင် အဆင့်(၃) သို့ရောက်ရှိသွားနိုင်သည်ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများ၊ အမှတ်တရနေ့ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်ကစပြီး နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် ဆဌအမကြိမ် ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/37292-2015-01-18-14-37-40
No comments:
Post a Comment