Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 26, 2015

ရွေးကောက်ပွဲနှင့် ပြည်သူတို့ ကံကြမ္မာ


 နိုင်ငံရေးပါတီ အသီးသီးသည် ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲအတွက် ယခုနှစ်ဆန်းကပင် မဲဆွယ်စည်းရေး လှုပ်ရှားမှုများ ပေါ်ပေါ်တင်တင် စတင်လာကြပြီ ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲတွင် ပါတီ ၆၀ ကျော် ပါဝင်ယှဉ်ပြိုင်ရန် တာစူလျက် ရှိနေသော်လည်း အဓိက ပါတီကြီး အနည်းငယ်ခန့်သာ အားပြိုင်မည့်ပွဲဟု ဆိုရမည် ဖြစ်သည်။

အားလုံးသိကြသည့်အတိုင်း ယခင် တပ်မတော်အစိုးရ လက်ထက်ကပင် အရပ်သားပါတီအသွင် ကြိုတင်ပြင်ဆင် ဖွဲ့စည်းထားခြင်းကြောင့် လက်ရှိ တပ်မတော်က နည်းမျိုးစုံဖြင့် အထောက်အပံ့ပေးဖွယ် ရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လူထု၏ ချစ်ခင်ထောက်ခံမှု ရရှိထားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့ အသည်းအသန် ယှဉ်ပြိုင်မည့် ပွဲဟုလည်း ဆိုရမည် ဖြစ်သည်။

လက်ရှိ ရွေးကောက်ပွဲသည် တပ်မတော် ခေါင်းဆောင်ဟောင်းများ၏ ခွာစစ်ဗျူဟာ သဘောအရ ဒုတိယအဆင့် တစ်ထောက်နားသည့် စခန်းထောက် ဖြစ်ဖွယ်ရှိရာ ခွာစစ်လမ်းကြောင်း တစ်လျှောက် ၎င်းတို့ကို ချုံခိုတိုက်ခိုက်ဖွယ် ရှိသည်များကို သံသယအမြင်ဖြင့် အသင့်အနေအထားအတိုင်း မျက်ခြည်မပြတ် စောင့်ကြည့်နေမည် ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီသည် အရည်အချင်းနှင့် စွမ်းဆောင်ရည် လိုအပ်ချက်များ ရှိနေသော လက်ရှိအစိုးရအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ယုံကြည်မှု ထိုက်သင့်သလောက် မရရှိခဲ့သောကြောင့် ယခုရွေးကောက်ပွဲတွင် မဲရရှိရန် ပိုမိုခက်ခဲသွားမည်ကို ရိပ်စားမိပြီး ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး ဗျူဟာများ ရေးဆွဲထားပြီး ဖြစ်မည်ဟု ခန့်မှန်းရသည်။

တပ်မတော် ခေါင်းဆောင်ဟောင်း အချို့၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးနှင့် ရောနှောထားသည့် တပ်မတော်၏ ခွာစစ်ဗျူဟာသဘော ကောင်းစွာ သဘောမပေါက်ဘဲ ဒီမိုကရေစီ အင်အားစုများနှင့် အတိုက်အခံပါတီများဘက်မှ ဖွင့်တိုက်သော ဗျူဟာဖြင့် တိုက်စစ်အား မြှင့်လာပါက မည်သည့်ဗျူဟာမျိုးဖြင့် တန်ပြန်လှုပ်ရှားမည် ဆိုခြင်းကိုလည်း ကြိုတင်ပြင်ဆင်ထားဖွယ် ရှိပေသည်။

ဆိုလိုသည်မှာ ဒုတိယအဆင့် ခွာစစ်စခန်းထောက်အတွက် လိုအပ်သော မဲအရေအတွက် ရရှိရေး အလို့ငှာ ပုံမှန်နည်းလမ်းဖြင့်ရော ပုံမှန်မဟုတ်သည့် နည်းလမ်းဖြင့်ပါ ကြိုးစားလာနိုင်သည်ကို အတိုက်အခံများဘက်က ဆင်ခြင်တုံတရား လက်ကိုင်ထားကာ ပါးနပ်လိမ္မာစွာ ရှောင်ရှားနိုင်ရန် အထူးအရေးကြီးလှကြောင်းပင် ဖြစ်သည်။

ရာစုနှစ်ဝက်ခန့် အာဏာထိုင်ခုံတွင် လက်ညှိုးညွှန်ရာ ရေဖြစ်လာခဲ့သူများ၏ ထွက်ပေါက်မဟာဗျူဟာကို ကောင်းစွာမရိပ်စားမိဘဲ ပုဂ္ဂိုလ်ရေး အားပြိုင်ပွတ်တိုက်မှုများဖြင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ တော်လှန်ရေးနည်းလမ်းများ အပြင် ရယ်ဒီကယ်ဆန်သော အပြုတ်တိုက်၊ အပြီးဖယ်ရှားရေး ဗျူဟာခင်းလာပါက ပြည်ထောင်စု နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့ရမည် ဖြစ်ကြောင်း ပြောလိုရင်းဖြစ်သည်။

အယ်ဒီတာ (၂၅-၁-၂၀၁၅)

—————————
Editorial, The Voice Daily Vol-2/No-246

No comments:

Post a Comment