Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 5, 2014

ငရုပ်သီးနဲ့ ပေါင်းလို့ အထောင်းခံရတဲ့ကြက်သွန်



နော်ဝေဘုရင်ရဲ့ ဗမာပြည်ခရီးစဉ်ကတော့ ၀မ်းနည်းကြေကွဲဖွယ်နဲ့ အဆုံးသတ်သွားခဲ့ပါပြီ။ စိတ်စေတနာ ကောင်းပြီး တရားမျှတမှုကို အလေးထားတဲ့ ဘုရင်ကြီးဟာ သူ့ကြောင့် ဗမာပြည်သူတချို့ရဲ့ အိုးအိမ်တွေ ဖျက်ဆီးခံရတယ်လို့ ၀မ်းနည်းကြေကွဲစွာ ခံစားသွားရတော့မှာပါ။ သူကတော့ ဗမာပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုကို မျက်ဝါးထင်ထင်ရှုမြင်နိုင်ဘို့ မြစ်ကြောင်းခရီးကို စီစဉ်ခဲ့တာပါ။ အကျိုးဆက်က သူလိုလူ ဘယ်လိုမှတွေးတော မျှော်လင့်မထားတဲ့ အဖြစ်ကိုသိသွားရတာပါပဲ။ တနည်းအားဖြင့်ပြောရရင်တော့ အာဏာရှင်ရဲ့ စရိုက်ကို ကိုယ်တိုင်ကြုံတွေ့လိုက်ရတာပါပဲ။
ဒီနေရာမှ ဆက်စပ်လို့ နော်ဝေဘုရင်ကြီးရဲ့ စိတ်သဘောထားကို သိနိုင်ဘို့ အဖြစ်အပျက် နှစ်ခုကိုပြောပြချင် ပါတယ်။ ၁၉၇၀ ၀န်းကျင်က နော်ဝေအစိုးရက လောင်စာချွေတာတဲ့အနေနဲ့ ပြည်သူပြည်သားအားလုံး ကိုယ်ပိုင်ကား မစီးပဲ အစိုးရယဉ်ရထားတွေစီးဘို့ အစီအစဉ်လုပ်ခဲ့ပါတယ်။ ဘုရင်ကြီးဟာရယ်က မြေအောက်ရထားပေါ်မှာ အစောင့် မပါပဲ စီးတယ်။ ပြည်သူတယောက်က ဘုရင်ကြီးမှန်းရိပ်မိသွားပြီး သူ့အတွက် လက်မှတ်ဝယ်ပေးသတဲ့။ဖြစ်ချင်တော့ဘီဘီစီသတင်းထောက်နဲ့တွေ့တယ်။ ခင်ဗျားလုံခြုံရေးမပါဘူးလား လို့မေးတော့ ရှိသမျှပြည်သူတွေ သူ့လုံခြုံရေး တပ်သားတွေလို့ဖြေသတဲ့။
အခါတပါးမှာလည်း သူ့ကျန်းမာရေးကိုဆေးစစ်ဘို့ပြည်သူ့ဆေးရုံမှာ သွားပြီးတန်းစီစောင့်တယ်။ ပြည်သူတွေက ဘုရင်ကြီးမှန်းသိတော့ သူတို့အလှည့်မယူပဲ အရင်ဦးစားပေးကြတယ်။ ဘုရင်ကြီးက ငြင်းပယ်ပြီး အလှည့်ကျပဲတန်းစီ သတဲ့။ အဲ ဆေးစစ်တဲ့ အခါကျတော့ သူ့ကို အသေးစိပ်ဆေးစစ်ဘို့ နောက်နှစ်ပါတ်လောက် ကျမှပြန်လာခဲ့ပါလို့ တာဝန်ရှိသူကပြောသတဲ့ ဒါနဲ့ဘုရင်ကြီးက သာမန်လူတွေဆို ဘယ်လောက်ကြာမှာလည်းလို့ မေးမြန်းစုံစမ်းတော့ (၆)လလောက်တော့ ကြာတတ်ပါတယ်လို့ တာဝန်ရှိသူက ပြန်ဖြေသတဲ့။ ဒီအခါ ဘုရင်ကြီးက သူလည်း(၆)လကြာမှ ပြန်လာမယ်လို့ ပြန်ပြောခဲ့သတဲ့။
တခါဘုရင်မကြီးဆွန်ညာရဲ့ လူနည်းစုတွေနဲ့ပါတ်သက်ပြီးလုပ်နေတာလေးကိုလည်း ပြောချင်ပါသေးတယ်။ ဒီနိုင်ငံမှာလည်း နော်ဝေမဟုတ်ပဲ အပြင်က အခြေချနေထိုင်သူတွေ ရှိကြပါတယ်။ မထူးသဖြင့် မွတ်စလင်ဘာသာ ၀င်တွေပါ။ သူတို့နဲ့ပါတ်သက်ပြီး အခြေအတင်ပြော ဆိုမှုတွေရှိတာပါပဲ။ သူတို့တွေက နော်ဝေရဲ့ ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေမရှိဘူး။ သူတို့ရဲ့ သူတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကို အသေကိုင်ထားကြတယ်။ စသဖြင့် အမြင်မကြည်မှုတွေ ရှိပါတယ်။ ဒီလို ဘာသာရေးနဲ့ ယဉ်ကျေးမှု ထိပ်တိုက်တွေ့မှုတွေကို လျော့ချနိုင်ဘို့ အတွက် မိဘုရားကြီးဆွန်ညာက မွတ်စလင်အပါအ၀င် နော်ဝေမဟုတ်တဲ့ အပြင်က အခြေချ လာသူတွေရဲ့ အိမ်တွေကို လက်ဖက်ရည်သောက်လည်ပါတ်တဲ့ အစီအစဉ်လုပ်နေတာ ဒီနေ့အထိပါပဲ။
ပြောချင်တာကတော့ သူတို့နှစ်ဦးစလုံးက လူမှုရေးမညီမျှမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ဥပဒေအထက်ကနေ အခွင့်ထူးခံမှုတွေကို လုံးဝ မလိုလားကြတဲ့သူတွေပါ။ ဗမာပြည်ကိစ္စကိုကြည့်ရင်လည်း သူ့နိုင်ငံရဲ့ အကျိုးစီးပွားကို ရနိုင်ဘို့ ရည်ရွယ်ချက်ပါခဲ့တာ အသေအချာပါပဲ။ ဒါပေမဲ့လို့ ငါတို့ရရင်ပြီးရောဆိုတဲ့ တကိုယ်ကောင်းစိတ်နဲ့ လုပ်မှာတော့ မဟုတ်ပါဘူး။ ပြီးတော့ ဆင်းရဲသားတွေကူညီဘို့ ဗမာတပြည်လုံးမီးလင်းဘို့ဆိုတဲ့ ရည်ရွယ်ချက်တွေကို ပြောပြီးသားပါ။ သိန်းစိန်အစိုးရနဲ့ မဆက်သွယ်မှီကတဲက နော်ဝေဟာမြန်မာပြည်ဒီမိုကရေစီ ပြန်လည် ထွန်းကားဘို့ နှောင်ကျိုးမဲ့ ကူညီခဲ့တဲ့နိုင်ငံပါ။
ခုတော့ ငရုပ်သီးနဲ့ပေါင်းမိတဲ့ ကြက်သွန် အထောင်းခံရတဲ့ ကိန်းရောက်သွားရပါတော့တယ်။ တကယ်တော့ ဒီအဖြစ်အပျက်ကို ဝေဘန်နေတဲ့ NRK ဆိုတာက အစိုးရမီဒီယာပါ။ နော်ဝေမှာ တီဗွီရှိသူတိုင်းတနှစ်ကိုနော်ဝေကရိုနာ ၁၂၀၀ ကျော်အခွန်ပေးကြရပါတယ်။ ဒါပေမဲ့ သူတို့က လွတ်လပ်ပါတယ်။ အစိုးရဆီက အထောက်အပံ့အပြည့်အ၀ ယူပြီး အစိုးရကိုလည်း မြင်တဲ့အတိုင်း ဝေဘန်နိုင်တဲ့ သတင်းဌာနပါ။ ဦးစိုးသိန်းနော်ဝေလာတုန်းက သူခေါ်လာတဲ့ သတင်းထောက်တွေကို " မင်းတို့ကောင်တွေ သတင်းကြည့်တင်နော် ပြသနာတက်သွားမယ် " လို့ အမိန့်ပေးနိုင်တာမျိုးမဟုတ်ပါဘူး။
အခုအဖြစ်အပျက်က တကယ်ပြောရင် ဗမာပြည်သူတွေအတွက် ရိုးနေပါပြီ။ ဦးနေ၀င်းတက်လာကတဲက အာဏာပြခဲ့တဲ့ လုပ်နည်းတွေပါ။ လူကြီးလာမယ်ဆိုပြီး လမ်းကို သုံးရက်လောက်ပိတ်ပြီး တကယ်လာတော့ ရဟတ်ယဉ်နဲ့။ ဒီလိုအဖြစ်မျိုးတွေ မရေတွက်နိုင်အောင်ရှိခဲ့တာပါပဲ။ ဒါပေမဲ့ လူလိုကျင့်ဝတ်နဲ့နေထိုင်တဲ့ နော်ဝေမှာတော့ ဒါက ရာဇ၀တ်မှုတခုလို ကြီးမားတဲ့ ပြစ်မှုပါ။ ပုဂ္ဂိုလ်ရေးအရ ကြည့်ရင်လည်း တသက်လုံး ကိုယ်သိက္ခာနဲ့ကိုယ် နေလာတဲ့ ဘုရင်ကြီး ခုမှ အကြီးအကျယ်အရှက်တကွဲဖြစ်ရတာပါပဲ။ လက်ရှိတက်နေတဲ့ လက်ယာအစိုးရလည်း အကြီးအကျယ်အထိနာခဲ့ရပါတော့တယ်။
တကယ်တော့ နော်ဝေက စစ်အုပ်စုကို လျော့တွက်နေကြတာပါ။ စစ်အုပ်စုကလည်း သူတို့လိမ်သမျှ ရမယ်လို့ တချိန်လုံးထင်နေခဲ့တာပါပဲ။ ခုပြသနာက ရက်ပိုင်းအတွင်းပျောက်သွားမဲ့ သတင်းမဟုတ်ဘူးဆိုတာကိုတော့ ဗမာပြည်က ဗိုလ်ပြုတ်တွေ သိကောင်းမှသိပါလိမ့်မယ်။
ဘုရင်ကြီးကို နေအိမ်တွေ အတင်းအကြပ်ဖျက်သိမ်းခံခဲ့ရသူတွေအတွက် လျော်ကြေးပေးရမယ်လို့ Amnesty နော်ဝေကတောင်းဆိုနေတာပါ။ ဒါဟာနောင်လာမဲ့ရွေးကောက်ပွဲအတွက်ပါ သက်ရောက်မှုရှိနိုင်တယ်ဆိုတာ ဘုရင်ကြီးကို ခေါ်သွားတဲ့ လက်ရှိ လက်ယာအစိုးရလည်း ကောင်းကောင်းနားလည်ပါတယ်။
မြွေအရည်ခွံလဲယုံနဲ့ အဆိပ်ပြယ်ပြီလို့ ထင်ထားတဲ့ နော်ဝေ ဘုရင်ကြီးနဲ့ နော်ဝေ အစိုးရလည်း ပြည်သူတွေရဲ့ ဝေဘန်မှုကို အပြင်းအထန်ခံနေရပါပြီ။ နော်ဝေအစိုးရကို အချဉ်ဖမ်းပြီး ကိုယ်ကျိုးရှာဘို့ ကျိုးပမ်းနေတဲ့ ဗိုလ်သိန်းစိန်တို့ အုပ်စုလည်း နော်ဝေဆီက တုန့်ပြန်လာမဲ့ ပညာပြမှုတွေကို ခံဘို့ ပြင်ထားကြပါလို့ သတိပေးလိုက်ချင်ပါတယ်။

မြင့်အေး

Aung Sanaye  facebook မှ

No comments:

Post a Comment