Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 6, 2014

စည်းမဲ့ကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်ကား (၁၇)စီးအား ဖမ်းဆီး အရေးယူ


ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ စည်းကမ်းမဲ့စွာ မောင်းနှင်မှုကြောင့် အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်စေသဖြင့် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရန်ကုန်မြို့အတွင်းတွင် ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ စည်းကမ်းမဲ့စွာ မောင်းနှင်မှုကြောင့် အသံများ ဆူညံစေပြီး အများပြည်သူ၏ စိတ်နှလုံးကိုထိခိုက်စေကာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်လာသဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် စီမံချက်ချမှတ်ကာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်မှ အနီးကပ်ကွပ်ကဲ၍ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ်အား ဦးဆောင်စေပြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီး အရေးယူခဲ့ပါသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ၅.၁၂.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်မှ ၆.၁၂.၂၀၁၄ ရက်နေ့ ၀၁၃၀ အချိန်ထိ ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့စွာမောင်းနှင်နေသော ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များအား ပိတ်ဆို့ဖမ်းဆီးခဲ့ရာ စည်းကမ်းမဲ့မောင်းနှင်သည့် ပြိုင်ကား(၃)စီးအပါအ၀င် ပါဝါအိပ်ဇောတပ် ဆလွန်း မော်တော်ယာဉ် အမျိုးအစားမျိုးစုံ(၁၄)စီး၊ ပေါင်း(၁၇)စီးတို့အား ဖမ်းဆီးရမိခဲ့ ပါသည်။

ယခုကဲ့သို့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည့်အပြင် အသံဆူညံစွာ စည်းကမ်းမဲ့ မောင်းနှင်မှု ကြောင့် အများပြည်သူတို့၏ စိတ်တွင် အနှောက် အယှက်ဖြစ်စေပြီး ယာဉ်အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ စီမံချက်ချမှတ်ကာ ထိထိရောက်ရောက်ဖမ်းဆီး အရေးယူ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ စည်းကမ်းမဲ့ မောင်းနှင်သော ပြိုင်ကားများနှင့် ပါဝါအိပ်ဇော တပ်ဆင်ထားသည့် မော်တော်ယာဉ်များအား နေ့စဉ်ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် မိမိတို့၏ မော်တော်ယာဉ် များ၌ ပါဝါအိပ်ဇောများ တပ်ဆင် မောင်းနှင်ခြင်း မပြုရန်နှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများနှင့်အညီ မောင်းနှင်စေလိုကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment