Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 5, 2014

လူဖြစ်ရကျိုး၊ ထောင်ကျခံရကျိုးနပ်တဲ့သူ၏ ဇနီးထံမှပေးစာ – ဒေါ်ခင်မာလေး

ဦးဆန်းဆင့်က ကျွန်မတို့ မိသားစုရဲ့ အိမ်ဦးနတ်ကြီး ပါ။ ထောင်ဝင် စာကို နှစ်ပတ်တစ်ကြိမ် တွေ့ခွင့်ရလို့ သွားတွေ့ပြီး ၀ါကျွတ်မို့ မြေးလေး ပါခေါ်ပြီး ကန်တော့ခဲ့ပါတယ်။ ကျန်းမာရေး ကတော့ ကောင်းလိုက်၊ မကောင်းလိုက်ပါပဲ၊ အရွယ်ကလေးလည်း ရနေပြီလေ။

ဦးဆန်းဆင့်ကို ၁၉-၆-၂၀၁၄ မှာ ရမည်းသင်း အကျဉ်းထောင် ကို ခေါ်သွားပါတယ်။ ၈-၇-၂၀၁၄ မှာ မိသားစုဝင် တွေကို ရမည်းသင်း အကျဉ်းထောင်မှာ စတွေ့ခွင့်ရတုန်းက ကျွန်မပြောတာတွေကို လိုက်မှတ်နေတဲ့ ထောင်ပိုင် ကြီးကို ကျွန်မငိုပြီး ပြောခဲ့တာကို ယခုထိ ကျွန်မ မှတ်မိနေသေးတယ်။ ထောင်မှူးကြီးရယ် ကျွန်မရဲ့ခင်ပွန်းက သူတော်ကောင်းကြီးပါ။ သူ့မှာအပြစ် မရှိပါဘူး။ ၁၉၉၆ ခုနှစ် စစ်ဒေသ (၂)မှူးနဲ့ တာဝန် ထမ်းဆောင်စဉ် ကာလတည်းက ရဟန်းကိစ္စပြီး ပြီဖြစ်တဲ့ ဆားတောင်ဆရာတော်ဘုရား၊ မေဃ၀တီ ဆရာတော်ဘုရား၊ မုန်လယ် ဆရာတော် ဘုရားကြီးတို့ထံမှာ ဆုကြီးပန်ခဲ့တဲ့သူပါ။ ကိုယ် ကျင့်တရားကို အသက်တမျှ စောင့်ထိန်းခဲ့တဲ့သူပါ။ လူကြီးတွေ ကို ပြောပေးပါလို့ ကျွန်မခင်ပွန်းမှာ အပြစ်မရှိပါဘူးလို့ ထောင်ပိုင် ကြီးကို ငိုပြောမိပါတယ်။

ကျွန်မတို့ တပ်မတော်မှာ အနှစ် (၄၀) တာဝန်ထမ်းဆောင်ပြီး ဧရာဝတီတိုင်းမှာ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ဖြင့်(၂)နှစ်၊ သာသနာရေး ၀န်ကြီးဌာနမှာ (၁) နှစ်ခွဲ စုစုပေါင်း (၄၃)နှစ်ခွဲ လုပ်ခဲ့တာတွေ အစ်ကိုရဲ့ကိုယ် ကျင့်တရား၊ ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တ အားလုံးဟာ သဲထဲရေသွန်သလို ဖြစ်သွားပြီး ကျွန်မတို့ မိသားစုတွေပါ အစ်ကို့နဲ့ အတူ စောင့် ထိန်းခဲ့ရတာတွေ ပြန်စဉ်းစားရင် ကျွန်မတို့ ၀ဋ်ကြွေးခံရတာပါ။ ကျွန်မပြောတာတွေကို စာဖြင့် လိုက်မှတ်နေ တဲ့ ထောင်ပိုင်ကြီးကို ကျွန်မငိုပြီး ပြောခဲ့တာပါ။

အစ်ကိုက ကျွန်မကို ပြန်ပြီးနှစ်သိမ့်ပါတယ်။““ဒါတွေကို တရားနှင့်ဖြေပါ။ သူတို့က ထောင်ဝန်ထမ်းတွေ၊ စိတ်မ ကောင်းရုံပဲ ဖြစ်မယ်။ ဒီကထောင်ပိုင်ကြီးလည်း မတတ်နိုင်ပါဘူးကွာ””တဲ့။ ဘုရားဟောခဲ့တာပဲ အမိဝမ်းတွင်းက မွေးတုန်းကလည်း ဘာမှပါမလာဘူး။ ဗလာကိုယ်ချည်း သက်သက်ပါတဲ့၊ သေတော့လည်း (၆) ပေ ကျင်းထဲ ရောက်တာ (ပြာဖြစ်သွားတာ) ဘာမှမပါသွားဘူး။ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဆင့်လည်း မဟုတ်တော့၊ လွှတ်တော် ဥက္ကဋ္ဌလည်းမဟုတ်၊ ပြည်ထောင်စုဝန်ကြီးလည်း မဟုတ်တော့ပါဘူး။ ရာထူး၊ အာဏာ၊ အသပြာ၊ ခန္ဓာဆိုတာလည်း မမြဲတဲ့ တရားတွေပါ။ ဘုရားဟောတဲ့အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အစိုးမရလို့ နှလုံး သွင်း ဖြေဖျောက် ဖို့နဲ့ မငိုရန် ကျွန်မကို ပြောပါတယ်။

သူ့ကိုယ်စားမိသားစုကို ဦးစီးရတော့မှာမို့ ကလေးတွေရှေ့မှာ မငိုရန်နှင့် စိတ်ဓာတ်မကျဖို့ အကျဉ်းထောင်ထဲ ကနေပြီး ကျွန်မတို့ မိသားစုကို အားပေးရှာပါတယ်။ ကံကံ၏ အကျိုးပါပဲလို့ သူလည်း ဖြေသိမ့်နေတယ် လို့ ပြောပါတယ်။ ဦးဆန်းဆင့်က နှလုံးစည်းချက်မမှန် (အက်တိုးပစ်ဘိ) ရောဂါရှိပေမယ့် စိတ်ဓာတ်ပိုင်းမှာ အလွန်ကြံ့ခိုင် ရင့်ကျက်တယ်ဆိုတာ အခုလို ဒုက္ခတွေ ပင်လယ်ဝေတဲ့အချိန် အတိဒုက္ခရောက်တဲ့ အခါကျမှ ပိုလို့သိလာ ရပါတယ်။

ဒါကြောင့် တရားခွင်မှာ မှန်မှန်ကန်ကန် နိုင်ငံရေး အမြတ်မထုတ်ဘဲ ဥပဒေကို လေးစား တရားရေးမဏ္ဍိုင်ကို ယုံကြည် အားကိုးပြီး ကျွန်မတို့ ရင်ဆိုင်ခဲ့တာပါ။ ဓမ္မနှင့် အဓမ္မကို အထင်အရှား မှတ်ကျောက်တင်ခဲ့နိုင်ဖို့ ချုပ်ချယ်မှု၊ တင်းကျပ်မှု၊ ဖိနှိပ်မှု၊ အနိုင်ကျင့်ခံရမှု၊ တစ်ဖက်သတ် တင်စီးမှုတွေကို လည်စင်းခံပြီး ရင်ဆိုင်ခဲ့ရတာပါ။

ကျွန်မခင်ပွန်းသည် တိုင်းပြည်အတွက်၊ သာသနာအတွက်၊ ရဟန်းရှင်လူ ပြည်သူများအတွက်၊ ဧရာဝတီ တိုင်းရင်းသားများအတွက် ဘာတွေလုပ်ခဲ့တယ်။ ထောင်ကျခံတဲ့အထိ ကိုယ်ကျိုးစွန့်ခဲ့တာတွေကို ရဟန်း ရှင်လူတွေသိရင် ကျွန်မတို့ မိသားစုတွေ ကျေနပ်ပါပြီ။ တစ်နေ့နေ့မှာတော့ “အဓမ္မ”ကို “ဓမ္မ” အမှန်တရားက အနိုင်ရမှာပဲလို့ ယုံကြည်မှု အပြည့်နဲ့ ရိုးသားစွာ ရင်ဆိုင်ဖို့ ဦးဆန်းဆင့်ရော မိသားစုတွေပါ ဆုံးဖြတ် ဆောင်ရွက် ခဲ့တာပါ။ တရားခွင်ကို Political Stage အဖြစ် အသုံးမချချင်ပါဘူးတဲ့။ သူက ပြစ်မှု မကျူးလွန်မှန်း၊ ကိုယ်ကျိုး အလွဲသုံးစားမလုပ်၊ ကိုယ်ကျင့်တရား မဖောက်ဖျက်တာမို့ မိသားစုတွေ မရှက်ဖို့၊ လူတောထဲမှာ ရဲရဲဝံ့ဝံ့ ရှင်းပြနိုင်ရန် ကျွန်မတို့ကိုမှာပါတယ်။

ပြစ်ဒဏ် ၁၃ နှစ် ချခံရပြီးတော့ ရမည်းသင်းထောင်တွင်း ထောင်ဝင်စာ သွားတွေ့တော့ အစ်ကိုက ကျွန်မ ကို ပြောပါတယ်။ သူ့ကို(ဦးဆန်းဆင့်ကို) အရေးယူခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ဒုသမ္မတ ဦးဉာဏ် ထွန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုနဲ့ ဒက္ခိဏခရိုင် တရား သူကြီး ဦးဌေးအောင် တို့ကို ကျေးဇူးတင်ကြောင်း၊ ထောင် ထဲမှာ တရားအားထုတ် ၀ိပဿနာ အလုပ်လုပ်ရ တာကြောင့် အချိန်မှန်စား၊ အိပ်ခိုင်းပြီး နေ့စဉ် တရား ၄ ကြိမ် ထိုင်ကြောင်း၊ နံနက် ၅ နာရီမှ ၆ နာရီ၊ ၁၀ နာရီမှ ၁၁ နာရီ၊ ညနေ ၃ နာရီမှ ၄ နာရီ၊ ည ၁၀ နာရီမှ ၁၁ နာရီအထိ တရားမှတ်ရတဲ့အတွက် သူ့ကို ပါရမီဖြည့်သူများအဖြစ် တရားထိုင်ပြီး တာနှင့် နေ့စဉ်မေတ္တာ ပို့ပေးလျက်ရှိကြောင်း ကျွန်မကို ပြောပါတယ်။

အစ်ကိုက ထောင်ထဲမှာ ကျန်းမာရေး သိပ်မကောင်းပါ။ စိတ်ဓာတ်ကြံ့ခိုင်လွန်းလို့သာ ခံနိုင်ရည်ရှိတာ။ မကြာခဏမောပြီး မူးလဲတတ်လို့၊ ရင်ထဲမောလာရင် တစ်ဆို့ဆို့ မွန်းကျပ်လို့ အောက်ဆီဂျင် တပ်ရှူရကြောင်း၊ (အင်ဂျီဆစ်) နှလုံးဆေး လျှာအောက်ထည့်ရကြောင်း ကျွန်မ သိရှိခဲ့ရပါတယ်။

သူ့ရဲ့ ကျန်းမာရေးအတွက် ဆေးဝါးကိရိယာ ပြည့်စုံတဲ့ ရန်ကုန်ဆေးရုံကြီးနဲ့ နီးတဲ့နေရာမှာ ဘာလို့ မထားပေး နိုင်တာလဲဆိုတာ ကျွန်မစဉ်းစားလို့ မရပါ။ ထောင်ပိုင်တွေ၊ ထောင်ဆရာဝန်တွေက တစ်ဆင့်တော့ တာဝန်ရှိသူ တွေကို ပြောင်းပေးဖို့ သူတင်ပြထားကြောင်းကိုတော့ ကျွန်မကို ပြောပါတယ်။ မိသားစုတွေ စိတ်ဓာတ်မကျ ရန်နှင့် သူ့အတွက်လည်း အပူတွေ သိမ်းမထားဘဲ မိမိတို့ လျှောက်ရမည့်လမ်းကို တစိုက်မတ်မတ် လုပ်ဆောင်ရန် မှာပါတယ်။

ကျွန်မရဲ့ခင်ပွန်းသည်ကို ကျန်းမာရေးအရ ရန်ကုန်ကို ရွှေ့ပေးစေချင်ပါ တယ်။ သေနတ်လည်း ၃ ခါမှန်ပြီးပါပြီ။ အသက်အရွယ်တွေလည်း တတိယအရွယ်ကို ရောက်နေကြပါပြီ။ ဘ၀တစ်ခုကို အတူတူ ခရီးသွား နေကြတဲ့ လူတွေပါ။ ကိုယ်ချင်းလည်း စာပေးကြပါ။ မိသားစုက ရန်ကုန်မှာ အနေများတော့ ကျွန်မလည်း ကလေးတွေနဲ့ အတူနေဖြစ်တာ များပါတယ်။

ကျွန်မလည်း ၂၀၀၈ ခုနှစ်တုန်းက လူကြီးသားတစ်ယောက် မင်္ဂလာဆောင်ကို နေပြည်တော်မှ ရန်ကုန်အသွား အမြန်လမ်းမကြီးမှာ ကားဘီးပေါက်ပြီး အက်ဆီးဒင့် ဖြစ်ဖူးပါတယ်။ မင်္ဂလာဒုံ အရိုးဆေးရုံမှာ တစ်ပတ်နီးပါး ကုသမှု ခံယူခဲ့ရပါတယ်။ ယခု ဦးဆန်းဆင့်ကို တောင်ငူထောင် တိုက် (၄)မှာ ထားပါတယ်။ ယခင်က သေဒဏ် ကြိုးဒဏ်တွေ၊ ပုဒ်မ(၅)ညတွေ ထားတဲ့တိုက်မှာ နေရပါတယ်။ ၈’ x ၁၀’ အခန်းကျဉ်းလေးက သမံတလင်း၊ ပျဉ်ချပ်လေးတွေအပေါ်မှာ နေရပြီး ခေါင်နိမ့်တော့ အရမ်းပူတယ်၊ အနံ့မကောင်းခြင်း၊ ယင်၊ ပိုးဟပ်၊ ပိုးနှံကောင်၊ ပင့်ကူ၊ ခြ၊ ပုရွက်ဆိတ်၊ ခိုချေး၊ စာကလေးချေး၊ ကင်းခြေများ၊ ကင်းမည်းကြီးတွေ ပေါပြီး အဆိုးဆုံးက နှလုံး မကောင်းတဲ့သူ ဖြစ်တဲ့အတွက် မိလ္လာအနံ့က အဆိုးဆုံးပါပဲ။ ထောင်ပိုင်နှင့် ထောင်ဝန်ထမ်းတွေကတော့ ကြည့်ရှု ကူညီပေးတဲ့အတွက် သူတို့ကို ကျေးဇူးတင်မိပါတယ်။

နှလုံးနှင့် ပတ်သက်တဲ့ ရောဂါရှိလို့ ပါရဂူ၊ သမားတော်တွေကလည်း ထောက်ခံနေတာပဲရှင်။ ဆေးဝါးကိရိယာ အစုံအလင်ရှိတဲ့ နေရာမှာ ကုသခွင့် ကျန်းမာရေး စောင့်ရှောက်ခွင့် ပေးသင့်တာပေါ့။ အခုတော့ ထောင် ဆရာ ၀န်လေးနဲ့ မပြည့်မစုံ ကုသမှုတော့ပေးတယ်။ နှလုံးရောဂါဆိုတာ ချက်ချင်း ရုတ်တရက်ဆိုသလို ဖြစ် တတ်တာ ဆိုတော့ ဆေးရုံကြီးတွေနဲ့ ဝေးတဲ့နေရာမှာ အခုလို ဘာကြောင့် ထားသလဲဆိုတာ နားမလည် နိုင်အောင်ပါပဲ။

နေပြည်တော် ဒက္ခိဏခရိုင် တရားရုံး မှာ ဦးဆန်းဆင့် အမှုစစ်ဆေးနေစဉ် ကာလမှာ အစိုးရဘက်က ပြစ်မှုပုဒ်မ (၄၀၉) ဆွဲချ ရှေ့နေတစ်ယောက် အကောင်းကြီးကနေ အသက်ရှူကျပ်ပြီး ရုတ်တရက် ဆုံးသွားပါ တယ်။ မေးကြည့်တော့ နှလုံးရောဂါရှိတယ် ပြောပါတယ်။ ကျွန်မလည်း ခင်ပွန်းသည် ဦးဆန်းဆင့်ကို အမြဲစိတ် ပူ နေရတယ်။ လူသားအချင်းချင်း စာနာစိတ် အပြည့်ထားကြရင် ကောင်းပါတယ်။

နောက်ပြီး စိတ်ဓာတ်ခိုင်မာ ရင့်ကျက်ဖို့ကို ကျန်တဲ့ အကျဉ်းသားတွေနဲ့ တွေ့တဲ့အခါ စိတ်ဓာတ် ကျနေတဲ့ သူတွေကို တတ်နိုင်သရွေ့ အားပေးနှစ်သိမ့်မှုတွေ လုပ်ပေးတယ်တဲ့ ကျွန်မအမျိုးသားက ၀န်ကြီးလုပ်ချင်ခဲ့တာ မဟုတ် ဘူး၊ ပြည်သူ့ဝန်ထမ်း၊ ပြည်သူ့ရဲ့ကျွန်ပဲ လုပ်ချင်တာ၊ ဒီစကားက ခဏခဏ သူပြောလွန်းလို့ ကျွန်မ အလွတ်တောင် ရနေပြီ။ လွှတ်တော်ဥက္ကဋ္ဌတုန်းက လယ်သမား၊ အလုပ်သမား၊ ရွာသူရွာသားတွေကြားမှာ မကြာခဏ ပြောတဲ့ စကားတွေပေါ့။ “ဒေါ်စု” လို ပြည်သူ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်အဖြစ်ကို အားကျခဲ့တာ ပဲ။ နောက်ပြီး ကျွန်မကို ပြောခဲ့တာ ရှိပါတယ်၊ သူ ဘာဖြစ်လို့လဲဆိုတော့-

၁။ ရွှေတိဂုံစေတီတော်ကြီး၏ ရွှေထီးတော်အသစ်တင်ရန်နှင့် ထာဝရဘက်စုံ ပြုပြင်မွမ်းမံခွင့်ကို ကိုယ်တိုင် အနီးကပ်ကြီးကြပ် ဆောင်ရွက် ကုသိုလ်တာဝန်ယူခွင့် ရခဲ့တာရယ်၊

၂။ ရွှေတိဂုံစေတီတော်ကြီး၏ မုခ်(၅) ခု၊ စောင်းတန်း (၅)သွယ်လုပ်ပြီး ဘုရား၏ အင်္ဂါရပ်ကြီးများ ပျက်ယွင်းနိုင်မှု၊ ဘုရားကုန်းတော်နှင့် စေတီတော်ကြံ့ခိုင်မှု၊ ရေရှည်တည်တံ့ ခိုင်မြဲမှုကို ပျက်စီးစေမယ့်ကိစ္စများကို တားဆီး ဖယ်ရှားနိုင်တဲ့ ကုသိုလ်ပြုနိုင်မှု၊

၃။ ဘာသာရေး ပဋိပက္ခဖြစ်ရပ်များကို စစ်ဒေသမှူး၊ ဒုတိုင်းမှူးဘ၀က (၁၉၉၇/ ၁၉၉၈က) အေးအေးချမ်း ချမ်းနဲ့ အောင်မြင် ပြီးဆုံးအောင် အနီးကပ် ကိုယ်တိုင် ဆောင်ရွက်ခဲ့မှု၊ ၂၀၁၃ ခုနှစ် မိတ္ထီလာ၊ လားရှိုးကိစ္စများ၌ မီးရှို့၊ သတ်ဖြတ်၊ ဖျက်ဆီး၊ လုယက် နေတဲ့ကြားက ရာနဲ့ချီပြီး ၀ိုင်းခံထားတဲ့ကြားက အသက်စွန့်ပြီး ငြိမ်းချမ်းေ အာင် ဆောင်ရွက်နိုင်ခဲ့မှု၊

၎။ ဘာသာရေး ပဋိပက္ခဖြစ်နိုင်သည့် ရွှေတိဂုံ စေတီတော်ပုံတံဆိပ် လက်ဖက် ခြောက်ဘူး ကိစ္စ၊ ရွှေတိ ဂုံ စေတီတော်ပုံ ကိတ်မုန့်လှီးဖြတ်မှု ကိစ္စများကို အာဃာတ မဖြစ်စေရေး၊ ထေရ၀ါဒဘာသာ သန့်ရှင်းရေး၊ မရောယှက်ရေး ဆောင်ရွက်နိုင်မှု၊

၅။ သာသနာရေး ၀န်ကြီးဌာနနှင့် ၀န်ကြီးက သံဃာမဟာနာယက (မဟန)နှင့် သံဃာ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးမှု မဖြစ်စေရေး၊ သာသနာရေး ၀န်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏ ညွှန်ကြားချက်၊ (မဟန)၏ ဆုံးဖြတ်ချက်များကို လိုက်နာ၍ အကောင်အထည် ဖော်ရသည့်တာဝန် (၂) ရပ်ထမ်းရသည့် Dual Purpose (ဒူရယ်ပါပို့စ်) ဌာနဖြစ်၍ အခြားဝန်ကြီးဌာနများနှင့် မတူဘဲ Sensitive (ဆန်းစတစ်(ဖ်)) ထိလွယ် ရှလွယ်၍ အထူးဂရုပြု အလေးထားရပြီး (မဟန) ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ သံဃာတော်ကြီးများ၏ ဆရာ-ဒကာအဖြစ် ကုသိုလ်ယူနိုင်ခဲ့မှု၊

၆။ ဗုဒ္ဓဂယာ၊ ဟာဂျီဘွဲ့၊ ဘုရားဖူးကိစ္စများ ငွေကြေး ကင်းရှင်းအောင် ဆောင်ရွက်ပြီး၊ ဖြေလျှော့မှု (၂၀)ခန့် ဆောင် ရွက်ပေးနိုင်ခဲ့မှု၊

၇။ တောင်တန်းနှင့် နယ်စပ်ဒေသများသို့ ဘာသာ၊ သာသနာရေး ကိစ္စရပ်များကို ခက်ခဲကြမ်းတမ်းသည့် ကိစ္စရပ်များ ဖြစ်သည့်ကြားမှ သွားရောက် ဆောင်ရွက်နိုင် ပြီး အခြားဘာသာဝင်များကို တတ်နိုင်သမျှ ကူညီ ဆောင်ရွက်နိုင်ခဲ့မှု၊

၈။ ၅ နှစ်တစ်ကြိမ် ကျင်းပရမည် ဖြစ်သော်လည်း နှစ်ပေါင်း ၂၀ ခန့် မကျင်းပနိုင်သည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီးကို ကမ္ဘာအေးကုန်းမြေ၌ သံဃာတော် အပါး ၃၀၀၀ ကျော်ဖြင့် ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်မှု၊

၉။ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး မကျင်းပမီ ၁ ရက် အလိုတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟို (မဘသ)မှ မဟနသို့ သြ၀ါဒခံယူပွဲကြီး ကျင်းပရန် သံဃာတော် ညီညွတ်ရေးကို မထင်မှတ်၊ မမျှော်မှန်း ထားသည်အထိ အောင်မြင်မှုရအောင် ဆောင်ရွက်ခဲ့ပြီး အတိုင်းမသိ ညီညွတ်စွာ (သားအဖတွေ ညီအစ်ကိုတွေ လိုဟု) တစ်သားတည်း၊ ညီညွတ်အောင် ဆောင်ရွက်နိုင်မှု၊

၁၀။ သံဃာတော်များ၏ ဓမ္မာစရိယ ပထမကြီး/လတ်/ငယ် စာမေးပွဲများ ဗဟိုက ဦးစီးကျင်းပနိုင်ပြီး တိပိဋက ရွေး ချယ်ရေး စာမေးပွဲများကို စနစ်တကျ အောင်မြင်စွာ ကျင်းပ ဆောင်ရွက်နိုင်ခဲ့မှု၊

၁၁။ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းနှင့် စပ်လျဉ်း၍ မြတောင်ဆရာတော်ကြီးနှင့် ဂိုဏ်းပေါင်းစုံ ထေရ်ကြီး ၀ါကြီး ဆရာတော်ကြီးများ၏ သြ၀ါဒအတိုင်း “တောင်း”ဘွဲ့၊ “၀ယ်”ဘွဲ့၊ “ငွေ”ဘွဲ့များ ကင်းရှင်းပြီး သန့်ရှင်း ထိုက်တန်သည့် “ထိုက်”ဘွဲ့များ ဆက်ကပ်နိုင်မှု၊

၁၂။ ၀ိနိစ္ဆယ အဆုံးအဖြတ်များ အကောင်အထည်ဖော်မှုနှင့် ၀ိနည်းတော် တည်တံ့ရေး ““၀ိနယောနာမ သာသနာသ အာယု” ဘုရားအဟောအတိုင်း ၀ိနည်းတော်သည် သာသနာရဲ့ အသက်ဖြစ်ပြီး ၀ိနည်းတည်မှ သာသနာ တည်မည်ဖြစ်၍ မိမိက အလေးထား ပံ့ပိုးကူညီနိုင်မှု၊ ကိုယ်ကျိုးစွန့်ဆောင်ရွက်နိုင်ခဲ့မှု၊

၁၃။ ပြည်နယ်/တိုင်းဒေသကြီးများသို့ ကိုယ်တိုင် သွားရောက်၍ ရဟန်းရှင်နှင့် လူများကို သာသနာရေး ၀န်ကြီးဌာန ရည်ရွယ်ချက်၊ မူဝါဒများ ချပြရှင်းလင်း လျှောက်ထားပြီး ဒေသအသီးသီး၊ ဂိုဏ်းအသီးသီး၊ စာသင်တိုက်ကြီး အသီးသီးတို့၏ ဆရာတော်၊ သမားတော်ကြီးများ၏ သြ၀ါဒခံယူ နိုင်ပြီး သာသနာရေး ၀န်ကြီးဌာန၏ “အလင်းအမှန်”ကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်နိုင်မှု၊

သူက ရမည်းသင်းထောင်နှင့် တောင်ငူထောင် (၂)ထောင်က ထောင်ကျတဲ့ အကျဉ်းသားတိုင်းဟာ လူသတ်သမား၊ မူးယစ်သမား၊ မုဒိမ်းသမား၊ အရက်သမား၊ သူခိုး၊ ကြမ်းပိုး၊ အလစ်သမား မဟုတ်ဘူးတဲ့။ မတရားစွပ်စွဲ ခံရသူတွေ များတယ်၊ ရာထူး၊ အာဏာ၊ ငွေကြေးနဲ့ အနိုင်ယူခံရလို့ကျတဲ့သူ၊ လတ်တလော ဒေါသမထိန်းနိုင်၊ စိတ်မထိန်းနိုင် လို့ ခြေလွန်လက်လွန် ဖြစ်သူများတယ်။ အရပ်ထဲမှာ စားဝတ်နေရေး မပြေ လည်လို့ ထောင်ထဲမကြာခဏ အကျခံပြီး (အရပ်နဲ့ထောင်ကို အိမ်လုပ်သူ) ၀င်စို့ထွက်စို့ သမားတွေလည်း ရှိတယ်။ ထောင်တွေမှာ လူတွေသိပ်များ သိပ်ကျပ်နေတယ်။ ထစ်ခနဲဆို ထောင်ချနေတာ ထောင်မဆံ့ တာတွေ ဖြစ်နေတယ်။

ထောင်ထဲမှာ စိတ်ဓာတ်အရရော၊ ကျန်းမာရေးအရရော စိတ်ဓာတ်ကျသူတွေကို တတ်နိုင်သလောက် သူအားပေး နှစ်သိမ့်တဲ့ သူတို့ကို ပြောတာက လူတိုင်း ထောင်မကျဘူးတဲ့သူမရှိ၊ လူတိုင်းထောင်ကျဖူးတယ်လို့ သူပြောတဲ့ ဦးဆန်းဆင့်က ထောင် ၇ထောင် ကျဖူးတယ်ပြောလို့ အံ့သြနေကြတယ်လို့ ပြောပါတယ်။

ထောင်ထဲမှာ လူသတ်မှု ၃ ခါဖြစ်ဖူးတဲ့ တန်းစီး (ထောင်အခေါ်)ကို သူမေးတယ်။ တန်းစီး ထောင်ဘယ်နှခု ကျဖူးလဲ လို့ မေးတယ်။ သူထောင် ၃ ထောင် ကျဖူးကြောင်း မန္တလေး၊ တောင်ငူ၊ ပဲခူး ထောင် ၃ ထောင် ကျဖူးတယ် လို့ ပြော တယ်။ ခင်ဗျားတန်းစီး ယခု ၃၈ နှစ် ထောင်သက် ၂၁ နှစ်ဆိုတော့ ၁၇ နှစ်သားက တည်းက ထောင် ကျတာ ဒေါသ အလျောက် စိတ်လိုက်မာန်ပါ ခြေလွန်လက်လွန် ထောင် ၃ ထောင် ကျခဲ့တယ်။ ကျွန်တော်က အသက် ၆၃ နှစ် ၀န်ကြီးဖြစ်မှ ထောင် ၇ ထောင်ဆိုတော့ ဘယ်ထောင်တွေမှာ ဘယ်လို ကျခဲ့တာလဲလို့ ပြန်မေးတယ်တဲ့။ သူကပြန်ပြောတယ်တဲ့။ မင်းတို့က သတိမထား မိလို့ပါကွာ။

၁။ ဇာတိထောင် – အမိဝင်းတွင်း ပဋိသန္ဓေထောင်၊

၂။ ဗျာဓိထောင် – နာရသည့် ဝေဒနာ ခံစားရသည့်ထောင်၊

၃။ ဇရာထောင် – အိုမင်းရင့်ရော်တဲ့ ထောင်၊

၎။ မရဏထောင် – သေခြင်း ၆ပေ တွင်းကျင်းထောင်၊

၅။ အိမ်ထောင် – ဇနီး သား၊ သမီးတွေ ၀န်းရံကာဆီးတဲ့ ထောင်၊

၆။ အစိုးရထောင် – အကျဉ်းထောင် (ရမည်းသင်း)၊

၇။ အကျဉ်းထောင် (တောင်ငူ)၊

လူတိုင်းကတော့ ဇာတိ၊ ဗျာဓိ၊ ဇရာ၊ မရဏထောင် ၄ ထောင်ကို လူတိုင်းကျတာပဲ။ မလွန်ဆန်နိုင်ဘူး။ သူကတော့ အိမ်ထောင်ရော၊ အစိုးရထောင် ရမည်းသင်း၊ ယခု တောင်ငူထောင်ပါ အားလုံး ၇ ထောင် ကျခဲ့တာ လို့ ပြောလိုက် တယ်။

အားမငယ်ကြပါနဲ့။ မြတ်စွာဘုရား ဟောကြားခဲ့တာက လူတိုင်းထောင်ကျတာမို့ ထောင်ကျ ထောင်ထွက်ဆိုပြီး စိတ်အားမငယ်ကြပါနဲ့။ ငါ့ကိုကြည့်။ သာသနာရေးဝန်ကြီးလည်း ထောင်ကျတာပဲ။ ဘုရားသားတော် ရဟန်း သံဃာတော်တွေလည်း ထောင်ကျခဲ့တာပဲဆိုပြီး စိတ်ဖြေလျှော့ကြဖို့၊ စိတ်ဓာတ်မကျဖို့ ဆိုဆုံးမနေတယ်တဲ့။ ““တန်းစီး””ကို အာဃာတတွေ မထားနဲ့။ ဒေါသတွေ မထိန်းနိုင်လို့ လူသတ်မှု ၃ခါဖြစ်ပြီး ၁၇ နှစ်သားတည်း ကနေပြီး အခုထက်ထိ ထောင်ထဲနေရလို့ ဘ၀ဆုံးပြီးဆိုပြီး စိတ်အားမငယ်ဘဲ ဒီတစ်ခေါက် ထောင်ကလွတ်ရင် စိတ်သစ်လူသစ်ဘ၀နဲ့ အပြင်လောကမှာ နေနိုင်အောင် ယခုထဲက စိတ်ကိုပြင်ဆင်ပြီး ကြိုးစားနေရန် မှာပါတယ်။

သူက ၁၉၇၃ ခုနှစ် DSA ကျောင်းဆင်းပြီးတည်းက ယခုဝန်ကြီးဘ၀ နောက်ဆုံးအချိန်ထိ တပ်မတော်မှာ အနှစ် ၄၀ ကျော် နိုင်ငံတော်ပေါ်ကို သစ္စာရှိစွာဖြင့် ဘာအမည်းစက်မှ မရှိအောင် ငွေကြေးကိစ္စ ရှင်းပြီး နိုင်ငံတော် လူကြီးတွေ အပေါ်မှာ အမိန့်ကို တစ်သဝေမတိမ်း နာခံပြီး တာဝန်ကို ကျေပွန်စွာဖြင့် ထမ်းဆောင်ခဲ့ပါတယ်။

နိုင်ငံတော် သမ္မတကြီးထံ ကျွန်မ နေပြည်တော်စာတိုက်ကြီးမှ မိသားစု အသနားခံစာကိုပို့တာ အကြိမ် အရေအ တွက် မနည်းတော့ပါဘူး။

ယခုဖော်ပြပါ စာအရေးအသားများဟာ ကျွန်မထောင်ဝင်စာတွေ့တိုင်း ကျွန်မကိုယ်တိုင် နေစဉ် မှတ်တမ်း တင်ထားတဲ့ ခံစားချက်များနှင့် ၁၉-၁၁-၂၀၁၄ တောင်ငူ အကျဉ်းထောင်မှာ တွေ့စဉ် ဦးဆန်းဆင့်၏ အစ်ကို ရှေ့နေကြီး ဦးဆန်းမြင့် အပါအ၀င် ကျွန်မရဲ့ သား၊ သမီး၊ မြေး၊ ညီမ၊ တူ၊ တူမ ဆွေမျိုးများတွေ့ဆုံ စဉ် ဦးဆန်းဆင့်ရဲ့ ပြောကြားပါ စကားများကို စိတ်ဖြင့်မှတ် သားပြီး ပြန်မှတ်မိသလောက် ရေးသား တင်ပြရခြင်း ဖြစ်ပါသည်။ တချို့စာများကို ဦးဆန်းဆင့်၏ စာအုပ်များမှဖတ်ပြီး လေ့လာမှတ် သား ရေး သား ဖော်ပြခြင်း ဖြစ်ပါတယ်။

ပုံညွှန်းစာ (၁) – ဒေါ်ခင်မာလေး

No comments:

Post a Comment