Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 19, 2014

ဘန်ကောက်တွင် လူလိမ်များနှင့် တည့်တည့်တိုးခြင်း - မာဂျေ

တူမောရိုးဂျာနယ် ထုတ်စတုန်းကပေါ့။ မိတ်ဆွေ ကျောက်မျက်ကုန်သည် တစ်ယောက်က ဘန်ကောက်ကနေ သတင်းတစ်ခု လှမ်းပေးဘူးတယ်။ မြန်မာ ကျောက်မျက်ပြပွဲကို လာကြည့်တဲ့ အထဲက ဒူဘိုင်းကပါဆိုတဲ့ စုံတွဲက ဒေါ်လာငွေတွေ လိမ်သွားတဲ့ အကြောင်း။ အဲဒီသတင်းနဲ့ အတူ သူတို့ရိုက်ယူထားတဲ့ပုံပါ ပို့လိုက်လို့ တူမောရိုး ဂျာနယ်မှာ ဖော်ပြခဲ့ဘူးတယ်။ အဲဒီမတိုင်ခင် ခြောက်လလောက်ကလဲ ဘန်ကောက်က ကုန်တိုက်ကြီး တစ်ခုမှာ ဒူဘိုင်းက စုံတွဲပါဆိုပြီး မြန်မာ နိုင်ငံက ဒေါ်လာငွေဆိုရင် အစွန်းအထင်း မပါမှ လက်ခံတယ်ဆိုတာ ဟုတ်လား၊ နမူနာ ပြစမ်းပါ ဆိုပြီး ဒေါ်လာ တစ်ထောင်လောက် လက်လှည့်ပညာနဲ့ လိမ်သွားဖူးတယ်။ အဲဒီတုန်းကလည်း မာဂျေက ဘန်ကောက် ရောက်နေချိန်လဲဖြစ် အလိမ်ခံရတာကလည်း မန္တလေးက တပည့်မတစ်ဦး ဖြစ်နေလို့ မာဂျေက နားရည်ဝနေပြီ။

ဟော အဲဒီလူလိမ်စုံတွဲနဲ့ မာဂျေက တိုက်တိုက်ဆိုင်ဆိုင် ဘန်ကောက်မှာ လာတွေ့သလို အရင်လူတွေကို လိမ်တဲ့ပုံစံနဲ့ပဲ ချဉ်းကပ်လာတယ်။ မာဂျေ ဒီတစ်ခေါက် ဘန်ကောက် လာရတာက မိန်းမရဲ့ သိုင်းရွိုက်ရောဂါကို ခွဲစိတ်ဖို့ဖြစ်တယ်။ ရန်ကုန်မှာ ပြနေတဲ့ သမားတော်က မြန်မြန်သာ သွားခွဲလိုက်ဆိုလို့ ဘက်ရွမ်ဂရပ် ဆေးရုံမှာ ခွဲစိတ်ဖို့လာတာ ဖြစ်တယ်။ တည်းတာကတော့ မြန်မာတွေ အတည်းများတဲ့ နေရာမှာပါပဲ။ ဆူခွန်ဗစ် လမ်းသွယ်တစ်မှာပေါ့။ စနေနေ့မှာ ဆေးရုံတက်ရမှာ ဖြစ်လို့ ကြာသပတေးညမှာ လင်မယား နှစ်ယောက် လမ်းပေါ် ဟိုလျှောက်ဒီလျှောက် လုပ်နေတုန်း စုံတွဲတစ်တွဲက အနားကပ်လာတယ်။ တရုတ် စားသောက်ဆိုင် ဘယ်ဘက်မှာ ရှိသလဲတဲ့။ မာဂျေက ရှိတဲ့ဘက် ညွှန်ပြပေမဲ့ သူတို့က မသွားသေးဘဲ ဘယ်နိုင်ငံကလဲလို့ ထပ်မေးတယ်။ မြန်မာပြည်ကလဲ ဖြေရော သူတို့စုံတွဲက ဒူဘိုင်းကလာတာပါ။ မနက်ဖြန် ရန်ကုန်ကို သွားလည်မလို့ပါ။ မြန်မာနိုင်ငံမှာ ငွေလဲရတာ လွယ်လွယ်ကူကူလဲလို့ ရသလား ထပ်မေးတယ်။ မာဂျေက ဘယ်နားလဲလဲ ရတယ်လို့လဲ ဖြေရော အမျိုးသားက သူကြားဖူးတာက ရန်ကုန်မှာ ဒေါ်လာငွေက အစွန်းအထင်းပါရင် လက်မခံဘူးလို့ ကြားတယ်။ ဘဏ်တံဆိပ်တွေ ဘာတွေပါရင်လဲ လက်မခံဘူးကြားလို့ မြန်မာနိုင်ငံမှာ သုံးလို့ရတဲ့ ဒေါ်လာ တစ်ရာတန် တစ်ရွက်လောက် နမူနာ ပြပါတဲ့။ ချက်ခြင်းပဲ မာဂျေက သဘောပေါက်လိုက်ပြီ။ ဒီဇာတ်ညွှန်းကြီးကို ကြားဖူးတာ ဒါနဲ့ဆိုရင် သုံးကြိမ် ရှိနေပြီဆိုတော့ ဘာဒေါ်လာမှ မပါဘူး။ ထိုင်းဘတ် ငွေတွေပဲ ပါလာတယ် ပြောလိုက်တယ်။ သင်းက လက်မလျှော့ဘဲ ဒါဆိုရင် ထိုင်းဘတ်ငွေ တစ်ထောင် တန်ပြစမ်းပါ။ သူတို့ မမြင်ဘူးသေးလို့ပါတဲ့။ စိတ်အချဉ် ပေါက်လာတဲ့ မာဂျေက တစ်ထောင်တန်တော့ မရှိဘူး၊ တစ်ဘတ်တန် အကြွေစေ့ပဲ ပါတယ်ဆိုပြီး ထုတ်ပြတော့ ဒါဆိုရင်လဲ နေပါစေတော့။ မြန်မာပြည်မှာ သုံးတဲ့ ပိုက်ဆံ အကြီးဆုံး မြင်ဘူးအောင် ပြပါတဲ့။ အလွန်ရိုးတဲ့ မာဂျေရဲ့ မိန်မက သူ့အိတ်ထဲက မြန်မာငွေတွေ ထုတ်နေချိန်မှာ မာဂျေက ငါးရာတန် တစ်ရွက် ပြပြီး ဒါပဲလို့ ဖြတ်လိုက်ရတယ်။

ဒီစုံတွဲက အနားက မခွာသေးဘဲ ဒေါ်လာပါရင် ဘယ်လောက်တန် ဖြစ်ဖြစ် ပြပါဆိုပြီး ဘေးကနေအတူ လမ်းလိုက် လျှောက်ရင်း ပြောပြန်တယ်။ မာဂျေက အေးပြမယ်။ ဒါပေမဲ့ မင်းတို့စုံတွဲနဲ့ ငါတို့ လင်မယား ဓာတ်ပုံအရင် တွဲရိုက်ရအောင်ဆိုပြီး ကင်မရာ ထုတ်လိုက်မှ အဲဒီစုံတွဲက ကျေးဇူးပါ။ မကြည့်တော့ပါဘူး ဆိုပြီး လမ်းပေါ်မှာ ရပ်ကျန်ခဲ့တော့တယ်။ မြန်မာတွေ အများဆုံးလာပြီး ဆေးကုတဲ့ နေရာမှာ ဒီစုံတွဲက သေသေချာချာ အကွက်ချပြီး လာလိမ်တာ ဖြစ်တယ်။ ဒါကြောင့် ဒီနေရာကနေ ဘန်ကောက်မှာ ဆေးကုမဲ့ သူတွေနဲ့ တစ်ခြားအကြောင်းနဲ့ သွားမဲ့သူတွေကို လူရည်သန့်သန့် စုံတွဲက သူတို့က ဒူဘိုင်းကပါ။ မနက်ဖြန် ရန်ကုန် သွားမလို့ပါဆိုပြီး ဒေါ်လာများ ပြခိုင်းရင် လုံးဝမပြမိဖို့ အကြံပေးချင်တာ ဖြစ်ပါတယ်။ နားဝမှာ အီနေအောင် ကြားဖူးတဲ့ မြန်မာတွေကိုပဲ ပစ်မှတ်ထားပြီး လိမ်နေတဲ့ လူလိမ်စုံတွဲကို သေသေချာချာ တွေ့ခဲ့ရပါတယ်။ သူများနိုင်ငံ ဖြစ်လို့ပေါ့။ ကိုယ့်နိုင်ငံမှာဆို ရဲခေါ်ပြီး တစ်ခါထဲ ဖမ်းခိုင်းပါတယ်။ ဟိုတယ်ရောက်တော့ အရင် ကျောက်မျက်ပြပွဲမှာ လိမ်နေတုန်းက ကျောက်ကုန်သည် တစ်ယောက်က မသင်္ကာလို့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ မာဂျေ့ ကွန်ပျူတာထဲကနေ ပြန်ကြည့်တော့ အဲဒီတုန်းက လိမ်ခဲ့တဲ့ စုံတွဲပဲ ဖြစ်နေတယ်။ မြန်မာလူမျိုးတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုကို ထိုင်းနိုင်ငံက ဆေးရုံတွေက တာဝန်ယူထားသလို ဖြစ်နေတော့ မြန်မာနိုင်ငံက မကျန်းမာတဲ့ သူတွေဟာ ရှိတာလေးတွေ စုပြီး ဘန်ကောက်လာပြီး ဆေးကု နေကြရတာ ကြာပါပြီ။ ဒီလိုလူတွေမှာ ပိုက်ဆံပါလာမယ်ဆိုတာသိလို့ လိမ်စားနေကြတာပဲ ဖြစ်တယ်။

သေသေချာချာ စဉ်းစားကြည့်ရင် ဒူဘိုင်းက စုံတွဲက တရုတ်စားသောက်ဆိုင် ဘယ်မှာလဲ မေးစရာလားဗျာ။ သူတို့မေးရမှာက မူဆလင် စားသောက်ဆိုင် ဘယ်နားမှာလဲပဲ မေးရမှာ မဟုတ်ပေလား။ ဆေးလာကုတဲ့ သူတွေဆိုတာ မရှိမဲ့ ရှိမဲ့နဲ့ ကျန်းမာရေး အတွက် လာကြရတာလေ။ ဆေးကုမဲ့ ပိုက်ဆံတွေ ပါသွားရင် ဘယ်လောက် ဒုက္ခရောက်ကြမလဲ။ ဒါကြောင့် ဘန်ကောက်မှာရှိတဲ့ မြန်မာတွေ အများဆုံး လာကုနေတဲ့ ဆေးရုံတွေ အနေနဲ့ ဒီစုံတွဲ အကြောင်းကို သတိပေးချက်တွေ ထုတ်သင့်သလို မြန်မာ စကားပြန်တွေကလည်း လာပြီး ဆေးကုမဲ့ လူနာတွေကို ကြိုတင်သတိပေး သင့်ပါတယ်။ ကိုယ့်လူမျိုးကလည်း အားနာတတ်လေတော့ ဟိုကပတ်ချွဲနှပ်ချွဲနဲ့ ပြခိုင်းရင် ကိုယ့်ပိုက်ဆံကို ထုတ်ပြီး ပြမိမှာ။ ပြရင်တော့ ပါသွားပြီသာမှတ်။ ဒီကိစ္စက ဗဟိုဘဏ်နဲ့လဲ ပတ်သက်တယ်။ ဒေါ်လာဆိုရင် အစစ်ဆိုပြီးရောပေါ့။ ဘယ့်နှယ်ဗျာ ပိုက်ဆံပေါ်မှာ အစွန်းအထင်း မပါရဘူး။ ဘာတံဆိပ် ညာတံဆိပ်တွေ မပါရဘူး။ ခေါက်ရာကျိုးရာ မပါရဘူးတွေ လျှောက်အမိန့် ထုတ်ထားတော့ အဲဒါကို လုပ်စားတဲ့သူတွေ ပေါ်လာတော့တာပဲ။ ကိုယ့်ပိုက်ဆံတောင် တစ်ချိန်က ကော်ကပ်ပြီး သုံးခဲ့သေးတာ။ ဒေါ်လာကျမှ ဗဟိုဘဏ် ကိုယ်တိုင်က မျက်နှာလိုက်ထားတာကတော့ ဗဟိုဘဏ်ဟာ ခေတ်ဟောင်း စနစ်ဟောင်းမှာပဲ ကျန်ခဲ့တယ်ဆိုတာ ပြနေတာပဲ။

အရင် ရွှေနိုင်ငံ သတင်းစာမှာ မာဂျေ ရေးခဲ့ဘူးတယ်။ အွန်လိုင်း ကနေ ငွေလွှဲတဲ့ သူတွေကို ပစ်မှတ်ထားပြီး ငွေစာရင်း အတုတွေထဲကို လွှဲခိုင်းလို့ ရေလုပ်ငန်းက သူဌေး တစ်ယောက် အလိမ်ခံရတာ၊ ကားသွင်းနေတဲ့ သူဌေး တစ်ယောက် အလိမ်ခံရတာတွေ ရေးပြခဲ့ဘူးတယ်။ အဲဒီအကျိုးကတော့ ဂျပန်ကို ဒေါ်လာ ငါးသိန်းလွှဲမဲ့ ကုမ္ပဏီ တစ်ခုက မာဂျေ့ ဆောင်းပါးကို ဖတ်မိချိန်မှာ အဲဒီအတိုင်း အလိမ်ခံရဖို့ ဖြစ်လာလို့ သူတို့ကာကွယ်လိုက်နိုင်တယ်။ အခုလဲ ဘန်ကောက်မှာ မြန်မာတွေကို ပစ်မှတ်ထားပြီး လိမ်နေတဲ့ ဒူဘိုင်းက လာပါတယ်ဆိုတဲ့ သက်လတ်ပိုင်း စုံတွဲအကြောင်း ရေးလိုက်ပြန်ပါပြီ။ ဒူဘိုင်းက လာတာပါ၊ မနက်ဖြန် ရန်ကုန်သွားမှာပါဆိုပြီး ကိုယ့်မှာပါတဲ့ ဒေါ်လာပြခိုင်းရင် ဝေးဝေးသာ ပြေးကြပေတော့။

မာဂျေ
http://www.tomorrow.com.mm/?q=articles/1245

No comments:

Post a Comment