CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 8, 2014
တခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားတချို့ မြန်မာပြည်ဝင်ခွင့် ငြင်းပယ်ခံရ
ပြည်ပနိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသား တချို့ မြန်မာနိုင်ငံကို မြန်မာ သံရုံးမှာ ဗီဇာ လျှောက်ထားရာမှာ ငြင်းပယ်ခံ ရသူတချို့ရှိနေပါတယ်။
နော်ဝေနိုင်ငံသား ခံယူထားတဲ့ အဆိုတော် မွန်းအောင်ဟာ မြန်မာနိုင်ငံကို ပြန်လာဖို့ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှာ လူမှုရေးဗီဇာ လျှောက်ထားရာမှာ ထုတ်မပေးဘဲ ၂ ကြိမ် ငြင်းပယ်ခံ ရတယ်လို့ ဒီဗွီဘီကို အခုလို ပြောပါတယ်။
“အရှေ့၁ ပတ်က ကျနော်တို့ အေးဂျင့် ကနေလျှောက်တယ်။ ဒီချင်းမိုင်ကနေ ဆိုတော့ အေးဂျင့်ကနေ ငြင်းလိုက်တယ်။ သူတို့ မပေးနိုင်ဘူးပေါ့။ အဲဒါနဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ တနင်္လာနေ့မှာ လူကိုယ်တိုင် သွားတယ်။ အဲမှာလည်း ကျနော်တို့ကို တခါတည်းငြင်းတာ။”
ဗီဇာ ငြင်းပယ်ခံလိုက်ရပေမယ့် ဘာကြောင့် ငြင်းပယ်တယ်ဆိုတာကို တိကျတဲ့ အဖြေမပေးဘဲ အထက်အမိန့်အရလိုသာ ပြောဆိုခဲ့တယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ အနေနဲ့ကတော့ မပေးနိုင်ဘူး ဆိုရင်လည်း အကျိုး အကြောင်း ပြောပေါ့။ နောက်ပြီး အစိုးရ ပြောထားသလိုဆိုရင် ကျနော်တို့က ဥပဒေ ချိုးဖောက်ခဲ့တဲ့ သူတွေလည်း မဟုတ်ဘူး။ နိုင်ငံခြားမှာ နေတယ် ဆိုတာကလည်း တရား ဥပဒေကြောင်း အရ ပေးမ၀င်နိုင်ဘူး ဆိုရင်လည်း ဒါကတမျိုး အဲလိုလည်း မရှိဘူး။ ဒါမှမဟုတ်ရင်လည်း ဗမာအစိုးရက ကျနော်တို့ကို black list သွင်းထားတယ်ဆိုရင်လည်း ကျနော်တို့ကို တရားဝင် ပြောသင့်တယ်။ ဒါမှမဟုတ် တသက်လုံး ပေးမ၀င်နိုင်ဘူးဆိုရင်လည်း ရှင်းရှင်းလင်းလင်းပြော. .. ကျနော်တို့သိချင်တာက အဲဒါပဲ။”
သူအပါအ၀င် သူ့အမျိုးသမီးကိုကလည်း ဗီဇာမရဘဲ ငြင်းပယ်ခံရတယ်လို့လည်း ကိုမွန်းအောင်က ပြောပါတယ်။ သူမတိုင်ခင် နော်ဝေနိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသာတချို့ ဗီဇာငြင်းပယ်ခံရတယ်လို့ လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ မြန်မာသံအမတ်ကြီးဦးဝင်းမောင်ကိုမေးမြန်းကြည့်ရာမှာတော့ သံရုံးအနေနဲ့ အမည်းမဲစားရင်မှာပါတဲ့သူကို ဗီဇာမပေးဘူးလို့ ပြောပါတယ်။ဒါပေမယ့် အဆင့် ၃ ဆင့်ခွဲထားပြီး အဆင့် ၃မှာရှိတဲ့သူတွေကို သံရုံးအနေနဲ့ ပြည်ဝင်ခွင့်ရဖို့ ကြိုးစားပေးတာရှိတယ်လို့ ပြောပါတယ်။
အဆိုတောမွန်းအောင်ကတော့ အဆင့် ၃ မှာရှိနေတယ်လို့ သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။
“မွန်းအောင်တို့ကမရပါဘူး။ အဘတို့တင်ပြထားပါတယ်။ သူကတော့ အောက်ဆုံးက အရောင်ထဲမှာပါတဲ့အတွက် အဘတို့တင်ပြပေးထားပါတယ်။ ရရင်တော့ သူ့ကိုအကြောင်းကြားမယ်။ ဒါပေမယ့် သူက ပြောတာပဲရှိတယ်။ ဖုန်းနံပါတ်လည်းမပေးထားဘူး။ ဒီတိုင်းပဲ ပြန်ထွက်သွားတယ်။ အဘစစ်ပြီးပါပြီ။ သူက စစ်ကြီးတာပေါ့လေ။ လူကလည်း အများကြီးဆိုတော့ တင်ခဲ့ပါလို့ ပြောတဲ့ဟာကို မတင်တော့ဘဲနဲ့ ပြန်သွားတာပေါ့။”
သံရုံးအနေနဲ့ လူမှုရေးဗီဇာ လျှောက်သူတွေရဲ့စားရင်းကို နေပြည်တော်တဆင့်ပို့ရပြီး နေပြည်တော်ကနေ ပြန်ကျလာရင် သံရုံးက လုပ်ဆောင်ပေးတဲ့အတွက် အနည်းငယ်တော့ အချိန်ပေးရတယ်လို့လည်း သံမှူးက ပြောပါတယ်။
မြန်မာနိုင်ငံသားတချို့ ငြင်းပယ်ခံရမှုနဲ့ ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနကို မေးမြန်ကြည့်ရမှာတော့ တာဝန်ကျအရာရှိ ဒေါ်တင်တင်ဝင်းက “အဲဒါက သူတို့ သံရုံးဝင်တဲ့နေရာမှာပဲ ဆိုင်တယ်။ ကျမတို့နဲ့ မဆိုင်ဘူးလေ။ ဒီလ၀ကက ပေးတယ်၊ မပေးဘူးဆိုတာ ဟိုဖက်နိုင်ငံက သံရုံး ၀င်ထားလို့ သံရုံးပေးတယ်ဆိုရင် ဒီမှာ ထုတ်ပေးတာပဲ ရှိတယ်။ သံရုံးက မပေးတာတော့ ကျမတို့ လ၀ကက ပေးလို့ မရဘူး” လို့ ပြောပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူတချို့လည်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံတွင်း ၀င်ထွက်သွားလာမှုတွေ ရှိနေပါတယ်။
ဝင်ထွက်သွားလာနေကျသူတချို့ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ လောက်ကစပြီး သံရုံးဝင်ရာမှာ အရင်က ထက် ကြန့်ကြာတာနဲ့ စာရွက်စာတမ်းတွေ ပိုတောင်းလာတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/73226
တခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားတချို့ မြန်မာပြည်ဝင်ခွင့် ငြင်းပယ်ခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment