အင်ဒီယာနာပြည်နယ်၊ ဖို့တ်ဝိန်းမြို့၏ မြို့လယ်ရှုခင်းဓာတ်ပုံ ဖြစ်ပါသည်။
သာယာလှပသော မော်လမြိုင်
၎င်းတို့အဖွဲ့သည် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ မွန်ပြည်နယ်၊ ပင်လယ်ကမ်းခြေရှိ မော်လမြိုင်မြို့တွင် သုံးရက်ကြာ နေထိုင်လေ့လာခဲ့၏။ မော်လမြိုင်တွင် ရောက်ရှိနေစဉ် ၎င်းတို့အဖွဲ့သည် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ပြည်နယ်ဝန်ကြီး ၂၀ ကို ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်သည် ညီအစ်မမြို့ ဆက်ဆံရေး ထူထောင်ရန် အလွန်စိတ်ဝင်စားပုံရကြောင်း အဖွဲ့ခေါင်းဆောင် တွမ် ဟားက ပြောကြားသည်။ ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံပြီးနောက် ၎င်းတို့အဖွဲ့သည် မော်လမြိုင်တက္ကသိုလ်သို့ သွားရောက်၍ ဌာနမှူးနှင့် ပါမောက္ခ ၂၀ ခန့်နှင့်တွေ့ဆုံခွင့် ရရှိခဲ့သည်။
မော်လမြိုင်မြို့နှင့် ညီအစ်မမြို့ဆက်ဆံရေး ထူထောင်ရန် ပထမဆုံး ကမ်းလှမ်းသော မြို့မှာ အမေရိကန် ပြည်ထောင်စုမှ ဖို့တ်ဝိန်းမြို့ ဖြစ်၏။
မော်လမြိုင်သည် ပဲခူးလောက် မကြီးမားခြင်း သို့မဟုတ် မဖွံ့ဖြိုးခြင်းတို့ ရှိစေကာမူ ထိုမြို့သည် စိတ်ဝင်စားဖွယ် ဖြစ်နိုင်ခြေ အချို့ရှိသည်ဟု အဖွဲ့ခေါင်းဆောင် တွမ် ဟားက ပြောကြားသည်။ ရန်ကုန်မှ မော်လမြိုင်သို့ ကားဖြင့် မိုင် ၁၅၀ ကွာဝေးသော်လည်း ကားလမ်း ချောမွေ့ကောင်းမွန်ကာ လမ်းမှာလည်း ကြည့်ရှုစရာ များစွာရှိကြောင်း အဖွဲ့ဝင် အီဝပ်က ပြောဆိုပါသည်။
မော်လမြိုင်သည် ဖို့တ်ဝိန်းနေ ကလေးသူငယ်အများစု တွေ့ဖူးမည် မဟုတ်သော နွားလှည်းများ၊ ရာဘာ ကြက်ပေါင်စေးအချပ်များကို လမ်းဘေးတွင် သဘာဝအတိုင်း နေလှန်းထားသည်များ ရှိကြောင်း အဖွဲ့ ဒုဥက္ကဋ္ဌ ခိတကက ပြောပြသည်။ မော်လမြိုင်မြို့သည် မြစ်များစွာ စီးဆင်းပေါင်းဆုံလာသော အရပ်တွင် တည်ရှိ၍ မြို့ပတ်လည်ရှိ တောင်တန်းများပေါ်တွင် စေတီပုထိုးများဖြင့် ရင်သပ်ရှုမောဖွယ် ရှုခင်းဖြစ်ကြောင်း အီဝပ်က ပြောပါသည်။
အဖွဲ့တခုလုံး သဘောကျသော အချက်မှာ မော်လမြိုင်၏ လူမျိုးစုများ ပေါင်းစုနေထိုင်ပုံသည် ဖို့တ်ဝိန်းမြို့ရှိ မြန်မာပြည်မှ ရောက်လာသူများနှင့် နီးနီးစပ်စပ် တူညီခြင်း ဖြစ်၏။ ဖို့တ်ဝိန်းမြို့တွင် မြန်မာပြည်မှ ရောက်လာသူ ခုနစ်ထောင်ခန့် ရှိမည်ဟု မှန်းဆရပြီး မြန်မာ၊ မွန်၊ ကရင်လူမျိုးများ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များ နေထိုင်လျက် ရှိသည်။
ပိုမိုဖွံ့ဖြိုးသော ပဲခူး
အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ပဲခူးမြို့တွင် တိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းနှင့် တိုင်းဝန်ကြီး သုံးဦးတို့ဖြင့် တွေ့ဆုံရာ၌ ၎င်းတို့သည် ညီအစ်မမြို့ အစီအစဉ်ကို အားတက်သရော အကောင်းမြင်ကြောင်း သိရ၏။ ပဲခူးမြို့သည် ပိုမို တိုးတက်ဖွံ့ဖြိုးပြီး တက္ကသိုလ်များစွာ ရှိသည်။ ပဲခူးတွင် လေဆိပ်တခုကိုလည်း တည်ဆောက်လျက်ရှိရာ ၂၀၁၇ ခုနှစ်တွင် ပြီးစီးသွားပါက သွားလာရေး ပိုမိုလွယ်ကူမည် ဖြစ်သည်။
ပဲခူးမြို့သည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင်များနှင့် အခြေခံအဆောက်အအုံတို့တွင် ပိုမိုရှေ့တန်းရောက်ကြောင်း ၎င်းတို့အဖွဲ့က သတိပြုမိသည်ဟု တွမ် ဟားက ပြောကြားသည်။ ဧရာဝတီဒေသတွင် တည်ရှိသော ပဲခူးမြို့သည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်သည့် အဓိက လမ်းမကြီးပေါ်တွင် တည်ရှိပါသည်။
ဖို့တ်ဝိန်း ညီအစ်မမြို့အစီအစဉ်၏ မြန်မာမြို့တခုကို အပြီးသတ် ရွေးချယ်ရေး ခြေလှမ်း နောက်တဆင့်မှာ ဖို့တ်ဝိန်းမြို့ရှိ မြန်မာလူမှုအသိုင်းအဝိုင်း ခေါင်းဆောင်ပိုင်း၏ ထင်မြင်ယူဆချက်နှင့် အကြံဉာဏ်များကို ဒေါ်မင်းမြင့်နန်းတင်မှ တဆင့် ရယူရန် ဖြစ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ မြန်မာအသိုင်းအဝိုင်းက ဘဝင်မကျလျှင် ၎င်းတို့သည် ဇွတ်အတင်း တရားဝင်ဖြစ်အောင် လုပ်လိုသော ဆန္ဒမရှိကြောင်း တွမ် ဟားက ပြောဆိုပါသည်။
ဒေါ်မင်းမြင့်နန်းတင်က ပြောကြားရာတွင်၊ သူတို့အဖွဲ့ကို ခရီးစဉ်အတွင်း အလွန်ကောင်းမွန်စွာ ဆက်ဆံကြပြီး၊ စကားပြောခဲ့သူများက အမှန်တကယ် စိတ်ဝင်စားခဲ့ကြသော်လည်း မြန်မာပြည်၏ နယ်မြေဒေသ အနည်းဆုံး သုံးခုတွင်မတည်ငြိမ်ခြင်းနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းတို့ကြောင့် သူမသည် စိတ်ပူပန်ဆဲ ဖြစ်သည်ဟု ဆိုပါသည်။
ညီအစ်မမြို့ဆိုသည်မှာ
ညီအစ်မမြို့ ဆက်ဆံရေးဆိုသည်မှာ မြို့နှစ်ခုတို့ အပြန်အလှန် ကူညီဆောင်ရွက်ပြီး ယဉ်ကျေးမှုချင်း ဖလှယ်သော အစီအစဉ် ဖြစ်ပါသည်။
- အနုပညာနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း
- လူလူချင်းစာနာထောက်ထားသော အကူအညီပေးခြင်း
- လူငယ်နှင့် ပညာရေးအစီအစဉ်များ လုပ်ဆောင်ခြင်း
- စီးပွားရေးနှင့် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးရေးအစီအစဉ်များ လုပ်ကိုင်ခြင်း
-တို့ ဖြစ်ကြသည်။
စောင့်ကြည့်ရမည့် အခြေအနေကို သူမက အလေးထား ပြောကြားပြီး၊ ညီအစ်မမြို့ အစီအစဉ်ကို ၂၀၁၅ ရွေးကောက်ပွဲ ပြီးမှသာ ဆက်လုပ်လျှင် သူမအနေဖြင့် စိတ်အေးနိုင်မည် ဖြစ်ကြောင်း ဒေါ်မင်းမြင့်နန်းတင်က ရှင်းပြသည်။ ရွေးကောက်ပွဲသည် မြန်မာပြည်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ရှိမရှိ ပိုမို၍ သက်သေသာဓက တွေ့ရလိမ့်မည်ဟု သူမက မျှော်လင့်လျက်ရှိပါသည်။
ဖို့တ်ဝိန်းမြို့သည် ဂျပန်နိုင်ငံ တာကာအိုကာမြို့၊ ပိုလန်နိုင်ငံ ပလော့မြို့၊ ဂျာမနီနိုင်ငံ ဂီရမြို့၊ တရုတ်နိုင်ငံ တိုင်ဂျိုးမြို့တို့ဖြင့် ညီအစ်မမြို့ ဆက်ဆံရေး ထူထောင်ထားကာ မြန်မာမြို့သည် ပဉ္စမမြောက် ဖြစ်လာပါမည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့သည်လည်း မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် မြို့တော်ဟောင်း ရန်ကုန်နှင့် ညီအစ်မမြို့ ဆက်ဆံရေး တည်ထောင်ရန် ကြိုးပမ်းလျက်ရှိသည်။
ဖို့တ်ဝိန်းကိုယ်စားလှယ်အဖွဲ့နှင့် ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်များ ပဲခူးမြို့တွင် တွေ့ဆုံနေပုံ ဖြစ်ပါသည်။
http://kabarthit.com/index.php?option=com_content&view=article&id=523:2014-11-10-00-59-37&catid=8:2013-10-13-17-09-02&Itemid=214
No comments:
Post a Comment