Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 28, 2014

နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ဇော်မျိုးနှင့် တွေ့ဆုံခြင်း

‘‘လူဦးရေသန်းငါးဆယ်ကျော်မှာ ဆယ်ယောက်နဲ့ ကုသခွဲစိတ်နေရတော့ မနိုင်ဘူးပေါ့’’


နှလုံးတွင် ဓားဖြင့်ထိုးခံရသည့်ဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသည့် လူနာဦးမြင့်ဦးကို ရန်ကုန်ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနက အချိန်တိုအတွင်း အရေးပေါ်ခွဲစိတ်ကုသမှုတစ်ခု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ယခင်က နှလုံးကို ဓားထိုးခံရသည့် လူနာများ ခွဲစိတ်မှုများရှိခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ ရန်ကုန်ဆေးရုံကြီး၌ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာဝန်နှင့် ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် အရေးပေါ်ဆေးကုသမှုဌာနက အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
အရေးပေါ်ဌာန တာဝန်ကျဆရာဝန်များဖြစ်သည့် ဒေါက်တာကျော်ဇေယျနှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်မျိုးနိုင်တို့က မိနစ်ပိုင်းအတွင်း အရေးပေါ်ကုသမှုပေးနိုင်ခဲ့ပြီးနောက် နှလုံးနှင့် သွေးကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ဇော်မျိုးက ပေါက်ပြဲနေသောနှလုံးကို ခွဲစိတ်ချုပ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ဆေးရုံကြီး၌ နှလုံးခွဲစိတ်ကုသပေးမှုနှင့် သီးသန့်အရေးပေါ်ဌာနတို့အကြောင်းနှင့် ပတ်သက်၍ 7DAY NEWS က အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ဇော်မျိုးနှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး- ဓားထိုးခံရလို့ ပေါက်ပြဲသွားတဲ့ နှလုံးကို ခွဲစိတ်ကုသမှု အောင်မြင်နိုင်ဖို့အတွက် ဆရာတို့အနေနဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေအဖြစ် ဘာတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရပါသလဲ။
ဖြေ- လူနာရဲ့အသက်ကို ကယ်နိုင်ဖို့ အချိန်ကအရေးကြီးတယ်။ အချိန်ကို မြန်မြန်ဆန်ဆန်လုပ်နိုင်လေ၊ လူနာအသက်ကို ကယ်တင်နိုင်လေပဲ။ အဲဒီအချိန်မှာ အရေးကြီးဆုံးက လူနာဘာဖြစ်နေတယ်ဆိုတဲ့ ရောဂါအခြေအနေကို သိရမယ်။ အချိန်တိုလေးအတွင်းမှာ လိုအပ်တာကို လုပ်ပေးနိုင်ရမယ်။ ဒါအရေးပေါ်ပထမဆင့်။ လူနာအခြေအနေ နည်းနည်းတည်ငြိမ်သွားပြီဆိုမှ သူ့အတွက် လိုအပ်တဲ့ အရေးပေါ်ခွဲစိတ်မှုကို လုပ်ပေးရတယ်။ အရေးပေါ်အခြေအနေမှာ ကယ်တင်လိုက်နိုင်ဖို့က အဓိကစိန်ခေါ်မှုပဲ။
မေး- ခွဲစိတ်နေစဉ်အတွင်းမှာ လူနာအသက်ရှင်နိုင်ဖို့ အခွင့်အရေးအတွက် ဆရာတို့အနေနဲ့ စွန့်စားပြီး ဆုံးဖြတ်ဆောင်ရွက်ခဲ့တာများ ရှိပါသလား။
ဖြေ- လူနာဦးမြင့်ဦး ရောက်လာချိန်မှာ အရေးပေါ်ဌာနက ဆရာတွေနဲ့ အရင်ဆုံးတွေ့ရတယ်။ အရေးပေါ်က ဆရာတွေက ဝိုင်းပြီးပြုစုကုသကြတယ်။ အဲဒီအချိန်မှာ လူနာအခြေအနေက သွေးပေါင်တွေကျနေပြီးတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ နှလုံးနဲ့ နှလုံးအမြှေးကြားထဲမှာ သွေးတွေကစုနေပြီ။ ဒီသွေးတွေကို မြန်မြန်ထုတ်ပေးနိုင်မှ လူနာအခြေအနေကို ထိန်းချုပ်လို့ရမယ်။ အဲဒီလိုအခြေအနေမှာ သွေးပေါင်ချိန်မှန်သွားပြီ၊ တည်ငြိမ်သွားပြီဆိုမှ မေ့ဆေးပေးပြီး ခွဲစိတ်ရင် အောင်မြင်နိုင်ခြေပိုများတယ်။ ဒီလူနာကိုခွဲစိတ်မှုမှာ အရေးပေါ်ကုသမှုက အရေးကြီးဆုံးပဲ။ အရေးပေါ်အခြေအနေမှာ လိုအပ်တဲ့ကုသမှုကို ပေးနိုင်ခဲ့လို့ ခွဲစိတ်တဲ့အခါမှာ ပေါက်ပြဲနေတဲ့ နှလုံးကို ချုပ်ဖို့က ပိုပြီးလွယ်လွယ်ကူကူ လုပ်နိုင်သွားတာပါ။ ခွဲစိတ်ချိန် တစ်နာရီ၊ နှစ်နာရီအတွင်းမှာပဲ အားလုံးစုစည်းပြီး ခွဲလိုက်နိုင်တယ်။ အချိန်တိုတွင်းလို့ ပြောရမှာပေါ့။
မေး- အရင်က နှလုံးခွဲစိတ်ကုသမှုတွေ လုပ်ခဲ့တာဟာ အောင်မြင်တာလည်းရှိသလို ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဆရာကြီးပြောတာ သိရပါတယ်။ ဘာကြောင့် ဆုံးရှုံးခဲ့တာပါလဲ။ ဥပမာ နည်းပညာကြောင့်လား။ ပစ္စည်းကိရိယာလိုအပ်ချက်ကြောင့်ပါလား။
ဖြေ- အရင်ကလည်း ဒီလိုလူနာမျိုးတွေ ရောက်လာတာ ရှိခဲ့ပါတယ်။ ကျွန်တော်တို့နှလုံးခွဲစိတ်ဆရာဝန်တွေတင်မကဘူး အထွေထွေခွဲစိတ်ဆရာကြီးတွေအပါအဝင် ကြုံရင်ကြုံတဲ့သူက ရတဲ့အခြေအနေပေါ်မူတည်ပြီး ရတဲ့ပစ္စည်းကိရိယာနဲ့ ဖြစ်အောင် ပြုစုကုသသွားကြတယ်။ အောင်မြင်တဲ့သူတွေလည်းရှိသလို မကယ်နိုင်တဲ့လူနာတွေလည်းရှိခဲ့တယ်။ ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ်ဌာနဆိုပြီး သီးခြားဖွဲ့စည်းမှုမရှိခင်ကတည်းက ကျွန်တော်တို့ ဒီလိုလူနာတွေ တစ်နှစ်မှာ နှစ်ခါ၊ သုံးခါကြုံပါတယ်။ တာဝန်ကျခွဲစိတ်ဆရာဝန်တွေ အရေးပေါ်ကုသမှုပေးရတယ်။ အခုအရေးပေါ်ဌာနဆိုပြီး သေချာစုစည်းလုပ်နိုင်တဲ့အခါကျတော့ အချိန်တိုတိုအတွင်းမှာ ရောက်လာတဲ့ လူနာကို ဘာဖြစ်နေလဲဆိုတာ ချက်ချင်းနီးပါးသိသွားတယ်။ အချိန်တိုအတွင်း တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ပြီး လုပ်သွားနိုင်တယ်။ Well Organized ဖြစ်သွားတာပေါ့။ ဆေးရုံအုပ်ချုပ်မှုပိုင်းက အကူအညီပေးတာတွေလည်းပါတယ်။ သက်ဆိုင်ရာ မေ့ဆေးဆရာဝန်၊ အရေးပေါ်ဌာနဆရာဝန်၊ ခွဲစိတ်ခန်းဆရာဝန်၊ ဆရာမတွေအကုန်လုံးက Team work နဲ့၊ အားလုံးက စုစုစည်းစည်းနဲ့ လူနာအသက်ရှင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အောင်မြင်တာတွေရှိတယ်။ ဆုံးရှုံးတာတွေရှိတယ်။ အခုချိန်မှာတော့ တကယ့် organized ဖြစ်တဲ့ အရေးပေါ်ဌာနတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေပြီဆိုရင် လူနာတွေအတွက် ပိုပြီးအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
မေး- နှလုံးခွဲစိတ်ကုသမှု ခံယူလိုတဲ့ လူနာတွေအနေနဲ့ တန်းစီစနစ်နဲ့ စောင့်ဆိုင်းနေရတုန်းပါ။ လူနာတွေကတော့ ဒီလိုစောင့်ဆိုင်းမှုအပေါ် ဝေဖန်မှုလေးတွေလည်း ရှိထားပါတယ်။ ဘာကြောင့် လူနာတွေ တန်းစီစောင့်ဆိုင်းရတာပါလဲ။
ဖြေ- ကျွန်တော်တို့ ခွဲစိတ်ကုသဌာနမှာ လူနာကို ပထမဆုံးအဆင့်ကတော့ အရေးပေါ် မြန်မြန်ဆန်ဆန်ခွဲရမယ့် လူနာလား၊ ခဏလေးစောင့်ပြီးမှ ခွဲလို့ရနိုင်တဲ့ လူနာလားဆိုတာ ခွဲခြားရပါတယ်။ မြန်မြန်ခွဲစိတ်ရမယ့် လူနာကိုကျတော့ ရောဂါအပေါ် ဦးစားပေးပြီး တန်းစီထားရတာပေါ့။ ပုံမှန်ကုသမှုပေးနေကျနှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေခွဲဖို့၊ စိတ်ဖို့တွေဆိုရင်တော့ ကျွန်တော်တို့လည်း တန်းစီဇယားထားရပါတယ်။ လူနာတွေက အများကြီးဖြစ်ပြီး ဆရာဝန်အင်အားက အဲဒီလောက်အများကြီးမရှိဘူး။ တစ်နိုင်ငံလုံးမှာမှ နှလုံးသွေးကြောခွဲစိတ်ကုသမှုပေးနိုင်တဲ့ ဆရာဝန်က ဆယ်ယောက်လောက်ပဲရှိတယ်။ လူဦးရေသန်းငါးဆယ်ကျော်မှာ လူဆယ်ယောက်နဲ့ ဒီအလုပ်ကိုလုပ်နေရတော့ မနိုင်ဘူးပေါ့။ ဒါကြောင့် ဌာနတွေမှာ ဆရာဝန်တစ်ဦးတည်းတင်မက လူ့စွမ်းအားတွေရော၊ ပစ္စည်းကိရိယာတွေရော ခွဲခန်းပေးနိုင်တဲ့ အချိန်တွေ ဒါတွေဖြည့်ဆည်းရမယ်။ ဒီဌာနတစ်ခုတည်းတင် မဟုတ်ဘူး။ ဌာနတိုင်းဒီလိုပဲ။ ဒါကြောင့် Waiting Lists ထားရတယ်။ ဘယ်သူကမှတော့ လူနာတွေကို တမင်သက်သက်ကြီးတော့ တန်းစီးထားခိုင်းတာ မဟုတ်ပါဘူး။
မေး- မြန်မာနိုင်ငံအနေအထားမှာ အစားအသောက်အလေ့အကျင့်ကြောင့် နှလုံးနဲ့ပတ်သက်လို့ တော်တော်အဖြစ်များလာကြတယ်လို့ သိရပါတယ်။ အစားအသောက် အလေ့အကျင့်နဲ့ နှလုံးရောဂါဖြစ်ပွားမှုက ဘယ်လိုများ ဆက်စပ်ပါသလဲ။ မြန်မာနိုင်ငံမှာ နှလုံးရောဂါဖြစ်တဲ့နှုန်းက နိုင်ငံတကာနဲ့ယှဉ်ရင် ဘယ်လိုအဆင့်မှာ ရောက်ရှိနေပါသလဲ။
ဖြေ- အစားအသောက်ကြောင့်ဖြစ်တဲ့ နှလုံးရောဂါက အဓိက,က နှလုံးသွေးကြောကျဉ်းတဲ့ရောဂါပေါ့။ ဒါမျိုးက သွေးတိုး၊ ဆီးချို၊ အဆီများတဲ့သူ၊ မျိုးရိုးလိုက်တဲ့သူနဲ့ ဆေးလိပ်သောက်တဲ့သူတွေမှာ ဒီရောဂါပိုအဖြစ်များပါတယ်။ ဒါကြောင့် ဒီဟာတွေကို များများမဆင်ခြင်ဂရုမစိုက်ဘဲ ဖြစ်သလိုနေမယ်၊ ထိုင်မယ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေစားမယ်ဆိုရင် ပိုဖြစ်လာနိုင်တယ်။ တခြားနိုင်ငံတွေမှာတော့ ဒီနှလုံးသွေးကြောကျဉ်းတဲ့ရောဂါက ပိုဖြစ်လာနေပြီ။ ကျွန်တော်တို့ဆီမှာလည်း တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာနေတော့ နှလုံးသွေးကြောကျဉ်းရောဂါက ပိုပြီးဖြစ်ပွားလာဖို့များပါတယ်။ အရင်နဲ့စာရင် အခု ဒီရောဂါက ပိုပိုပြီးဖြစ်လာနေတယ်။ အဓိက,က အစားအသောက်အနေအထိုင်နဲ့ဆိုင်တဲ့အတွက် သတိထားစရာဖြစ်နေပါပြီ။ ကျန်တဲ့မွေးရာပါနှလုံးရောဂါကတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးပေါ့။
မေး- မြန်မာပြည်သူတွေအနေနဲ့ နှလုံးရောဂါဝေဒနာမခံစားရအောင် လုံးဝမလုပ်သင့်ရှောင်သင့်တဲ့ အရေးကြီးအချက်သုံးချက်လောက်ကို ဆရာကြီးအနေနဲ့ အကြံပြုပေးပါဆိုရင်... ။
ဖြေ- နံပါတ်တစ်က အစားအသောက်နဲ့ပတ်သက်ရင် သွေးတိုး၊ ဆီးချိုဖြစ်စေနိုင်တဲ့ အဆီ၊ အစိမ့်များတဲ့ အစားအသောက်တွေကို ရှောင်နိုင်ရင်ရှောင်ပါ။ မရှောင်နိုင်ရင် လျှော့စားပါ။ နံပါတ်နှစ်ကတော့ အရက်၊ ဆေးလိပ်သောက်တာကို မလုပ်တာအကောင်းဆုံးပါ။ နံပါတ်သုံးကတော့ လူတိုင်းဟာ ဘဝကိုရုန်းကန်ရတယ်။ ဒါပေမဲ့ ဒီစိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်လျော့အောင် ဘာသာရေးလိုက်စားတာပဲဖြစ်ဖြစ်၊ ကျန်းမာရေးလေ့ကျင့်ခန်းလေးလုပ်တာပဲဖြစ်ဖြစ် ပုံမှန်လုပ်သင့်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ပုံမှန်ဆေးစစ်တာပေါ့။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးတိုးပြီလား၊ ဆီးချိုဖြစ်ချင်နေလားဆိုတာ ပုံမှန်လေးစစ်ဆေးနေတာတော့ ကောင်းတာပေါ့။
မေး- အစိုးရဆေးရုံတွေနဲ့ပတ်သက်လို့ အရင်ကဝေဖန်မှုတွေ အမျိုးမျိုးရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ဆေးရုံတွေရဲ့ ဝန်ဆောင်မှုနဲ့ပတ်သက်လို့ အပြုသဘောနဲ့ ချီးကျူးမှုများကို တွေ့ရပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုများက ကျန်းမာရေးဝန်ထမ်းများနဲ့ ပြည်သူများကြားမှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိပါသလဲ။
ဖြေ- ကျွန်တော်တို့က လူနာတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကောင်းဖို့လုပ်ကြတာပါ။ အလုပ်နဲ့လူနဲ့မမျှတဲ့ နားလည်မှုလွဲတာလေးတွေလည်း ရှိကြပါတယ်။ လူနာဘက်က ကြည့်ရင်လည်းမှန်သလို ဆရာဝန်ဘက်က ကြည့်ရင်လည်းမှန်ပါတယ်။ တတ်နိုင်သလောက်တော့ ကျွန်တော်တို့က လူနာကောင်းဖို့ဆိုတဲ့ ဦးတည်ချက်ကိုပဲထားပြီး အလုပ်လုပ်ပါတယ်။ ကျန်တဲ့လူမှုရေးနဲ့ စိတ်ခံစားမှုတွေကို ဘေးဖယ်ထားပြီးတော့ ကောင်းအောင်လုပ်ကြတာပါ။
မေး- နှလုံးအစားထိုးကုသဖို့အတွက်ကကော ဆရာ။
ဖြေ- နှလုံးကို အစားထိုးခွဲစိတ်ကုသဖို့ အခြေအနေကတော့ ကျွန်တော်တို့ဆီမှာ လတ်တလောမဖြစ်နိုင်သေးပါဘူး။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ 
http://www.7daydaily.com/story/25872#.VHilJckS24w

No comments:

Post a Comment