Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 10, 2014

သခင်ဖြစ်သူ၏အသက်ကို ဖိလစ်ပိုင် ရဲဘက်သုံး ဗုံးရှာခွေး ကယ်တင်


ဖိလစ်ပိုင် နိုင်ငံတွင် ဗုံးရှာဖွေရာ၌ အသုံးပြုသည့် ရဲဘက်သုံး ခွေးတစ်ကောင်က ၎င်း၏ သခင်ဖြစ်သူကို အသက်ဘေးမှ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၀ ရက်တွင် ဖိလစ်ပိုင် ရဲတပ်ဖွဲ့က အရာရှိ မန်နျူရယ်လ် ယာနစ်ဒ်သည် ၎င်း၏ ရဲဘက်သုံးခွေး ဒီယေဂိုကြောင့် ဗုံးပေါက်ကွဲပြီး အသက်ဆုံးရှုံးမည့် အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း ကြေညာသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖိလစ်ပိုင်တောင်ပိုင်း ဆိပ်ကမ်းမြို့ ဇမ်ဘိုယန်ဂါတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ ယာဒင်သည် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
မြို့ခံရဲဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အေရီရယ်လ် ဟူစ်ကာက ယာနစ်ဒ်နှင့် ဒီယေဂိုတို့သည် ကျန်းမာရေး အနှိပ်ခန်းတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ၌ သွားရောက် စစ်ဆေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုပေါက်ကွဲမှုတွင် မည်သူမျှ အထိအခိုက် မရှိသော်လည်း အနီးရှိ ကားတစ်စီးကို စစ်ဆေးရန် ယာနစ်ဒ်က ချဉ်းကပ်သွားခဲ့သည်။ ထိုအခါ ဒီယေဂိုက ကားနောက်ခန်းတွင် ဗုံးရှိကြောင်း အသိပေးသည့် အနေဖြင့် ထိုးဟောင်နေခဲ့ရာ ခွေးရောလူပါ ကားနှင့်ဝေးရာသို့ ရှောင်ခွာခဲ့ကြသည်။ ထိုအချိန်တွင်ပင် ဗုံးထပေါက်ပြီး ယာနစ်ဒ်အနေဖြင့် ဒဏ်ရာရသွားခြင်း ဖြစ်သည်။ ဒီယေဂိုမှာမူ ဗုံးပေါက်ကွဲသည့် အချိန်တွင် မည်သည့် ဘေးအန္တရာယ်မျှ မရှိခဲ့ချေ။
ဟူစ်ကာက လုံခြုံရေး ပညာရှင်များ အနေဖြင့် ယင်းဗုံးသည် အမိုနီယမ် နိုက်ထရိတ်ကို အခြေခံ ပြုလုပ်ပြီး အဝေးမှ မိုဘိုင်းဖုန်း တစ်လုံးဖြင့် ထိန်းချုပ် ဖောက်ခွဲခြင်း ဖြစ်မည်ဟု သုံးသပ်ထားကြောင်း ဆိုသည်။ ယာနစ်ဒ်သည် ယခုအခါ ဆေးရုံတွင် ကုသမှု ခံယူနေပြီး အခြေအနေ တည်ငြိမ်ကြောင်း သိရသည်။
(၃)နှစ်သား အရွယ်ရှိ ဘယ်လ်ဂျီယံ မာလီနွိုက်စ် အမျိုးအစား ရဲဘက်သုံးခွေးကြီး ဒီယေဂိုမှာမူ သခင်ဖြစ်သူ ဒဏ်ရာရခဲ့သည့် အခြေအနေကြောင့် စိတ်ဖိစီးမှုများ ရှိနေသည့် လက္ခဏာများ ပြသနေရာ ၎င်းကို တစ်ပတ်ကြာမျှ အနားပေးထားကြောင်း ဟူစ်ကာက ဆိုသည်။ ဖောက်ခွဲရေး ပစ္စည်းများကို အနံ့ခံ ရှာဖွေဖော်ထုတ်နိုင်အောင် အထူးလေ့ကျင့်ပေးထားသည့် ဒီယေဂိုသည် ပြီးခဲ့သည့် လကလည်း လူအများ ဖြတ်သန်းသွားလာလေ့ရှိသည့် ရင်ပြင်တစ်ခုတွင် ဗုံးတစ်လုံး ထောင်ထားသည်ကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။
ဖိလစ်ပိုင် ရဲတပ်ဖွဲ့သည် ယာနစ်ဒ်ကို ထိခိုက်ဒဏ်ရာရစေခဲ့သည့် ဖောက်ခွဲမှု၏ လက်သည် တရားခံကို ရှာဖွေနေကြောင်း သိရသည်။ ဇမ်ဘိုယန်ဂါတွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွအချို့ လှုပ်ရှားမှုများ ရှိခဲ့ကြောင်း သိရသည်။ ယမန်နှစ်က အဆိုပါမြို့ကို တောခိုနေသည့် အစ္စလာမ်မစ် အစွန်းရောက် သူပုန်တပ်အချို့က သိမ်းပိုက်ခဲ့ရာ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်သဖြင့် ၃ ရက်ကြာ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားပြီး လူပေါင်း၂၄၀ ကျော် သေဆုံးခဲ့သည်။
ဖိလစ်ပိုင် အစိုးရက ဇမ်ဘိုယန်ဂါနှင့် အနီးတဝိုက် ဒေသများတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများကို အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်သည့် အဘူဆာယက်ဖ် အဖွဲ့က ကြိုးကိုင်စီမံကြောင်း စွပ်စွဲထားသည်။ အဘူဆာယက်ဖ် အဖွဲ့သည် ဖိလစ်ပိုင်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကြမ်းဖက် အဖွဲ့အစည်းဖြစ်ပြီး ဗုံးခွဲခြင်းနှင့် ပြန်ပေးဆွဲခြင်းစသည့် ရာဇဝတ်မှုများကိုလည်း ကျူးလွန်ခဲ့ဖူးသည်။
 http://7daydaily.com/story/24656#.VGDdpsnUgZI

No comments:

Post a Comment