Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 25, 2014

အမျိုးသား ပြည့်တန်ဆာများနဲ့ သူတို့ဘဝ၊ သူတို့ အခက်အခဲများ

ရန်ကုန်မြို့ရဲ့ တခုသော မြို့နယ်ထဲက ရထားလမ်းနဲ့ အပြိုင်ဖြစ်နေတဲ့ ကွန်ကရစ်လမ်းလေးဘေးမှာ ကိုတိုးတိုး တယောက်တည်း မတ်တတ်ရပ်နေတယ်။ အချိန်ကလည်း ညနေစောင်း မှောင်ရီဝိုးတဝါး ဖြစ်နေပြီ။ ဒီလမ်းထဲမှာ ဈေးသည် တချို့ကလည်း ဈေးသိမ်းပြီးလို့ လူတွေလည်း ပြတ်စပြုနေပြီ။
ကိုတိုးတိုး ဝတ်စားထားတာက ဂျင်းဘောင်းဘီ အတို၊ တီရှပ်အင်္ကျီ လက်တို ဖြစ်နေပေမယ့်၊ သူ့ဟန်ပန်၊ သူ့အမူအရာ တွေက မိန်းကလေးတဦးလို သွားလာ၊ လှုပ်ရှားနေတာကို တွေ့ရတယ်။
ခဏ အကြာမှာ သူ့အနားကို ယောက်ျားလေး ၂ ဦး ကပ်လာပြီး စကားတွေ တီးတိုးပြောကြတယ်။ ပြီးတော့ အဲဒီထဲက ကောင်လေးတယောက်က ပိုက်ဆံ ထုတ်ပေးတာကို မြင်ရတယ်။ အဲဒီနောက်တော့ ပိုက်ဆံပေးတဲ့ ကောင်လေးက ထွက်သွားပြီး ကိုတိုးတိုးနဲ့ ကျန်ခဲ့တဲ့ ကောင်လေး ၂ ဦးတို့ဟာ ရထားလမ်းဘေးက အမှောင် ထဲကို တိုးဝင်သွားတယ်။
ကိုတိုးတိုးကို ရန်ကုန်မြို့နဲ့မလှမ်းမကမ်းက ရွာကလေးတရွာမှာ မွေးခဲ့ပြီး အလယ်တန်းအထိ ပညာသင်ခဲ့ပေ မယ့် အသက် ၁၄ နှစ်အရွယ် ရောက်တဲ့ အခါမှာတော့ သူကိုယ်တိုင်က လိင်တူယောက်ျားလေး တွေကိုသာ စိတ်ဝင်စားပြီး အပြောအဆို၊ အနေအထိုင်က အစ အမျိုးသမီးလိင် ဘက်ကို တိမ်းညွတ်လာတာ ကြောင့် မိသားစုနဲ့ အတိုက်အခံ စဖြစ်ခဲ့ရတယ်။
အသက် ၁၆ နှစ် အရွယ်မှာတော့ မိသားစုနဲ့ ကင်းကွာပြီး ကိုယ်ပိုင်ရပ်တည်ဖို့ ကြိုးစားရင်း အဲဒီ နယ်ဒေသ လေးမှာပဲ အခကြေးငွေ ဒါမှမဟုတ် ပစ္စည်းတစုံတရာ စတာတွေကို လက်ခံပြီး လိင်တူ ပြည့်တန်ဆာလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ ပါတယ်။
“ကျနော်နယ်မှာ လုပ်တုန်းကတော့ တချို့ဆို စပါးပေး၊ ဆန်ပေး၊ တချို့က ပိုက်ဆံပေးပေါ့ဗျာ။ ကိုယ့်ဘာ သာကိုယ် ရပ်တည်နိုင်အောင် အရမ်းကို ကြိုးစားရတယ်။ ကျနော်တို့နယ်မှာလည်း ကျနော်တို့လို လိင်တူ ကိုသာ စိတ်ဝင်စားတဲ့ အသိုင်းအဝိုင်းကလည်းရှိတော့ သူတို့တတွေနဲ့ပဲ ပေါ့။ တခါတလေမှာတော့ လိင်တူ၊ လိင်ကွဲ နှစ်မျိုးစလုံးကို စိတ်ဝင်စားတဲ့ သူတွေနဲ့လည်း ဆက်ဆံခဲ့ရဖူးတယ်။ များသောအားဖြင့် အရက်မူး နေတဲ့ သူတွေ၊ ပိုက်ဆံ မရှိလို့ ကျနော်တို့ဆီ လာတဲ့ သူတွေမျိုးပေါ့” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြန်ပြောပြတယ်။
၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ အသည်းအသန် နေမကောင်း ဖြစ်လာတော့မှ ရန်ကုန်တက်ပြီး ဆေးခန်းပြရာမှာ HIV ပိုး သူ့မှာ ရှိနေတာကို သိလိုက်ရပြီး ကမ္ဘာပျက်သလို ခံစားခဲ့ရတယ် လို့ သူက ဆက်ပြောပြတယ်။
အရင်အချိန်တွေ တုန်းကတော့ နယ်မှာ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတတွေကို လေ့လည်း မလေ့လာ၊ ဂရုလည်း မစိုက်ခဲ့တဲ့ အကျိုးဆက်က သူ့ဘဝကို အမှောင်ဆုံးအထိ ဖြစ်စေခဲ့ပြီး စိတ်ဓာတ်တွေလည်း အရမ်းကျကာ ကိုယ့်ကိုယ်ကို သတ်သေဖို့ အထိ စိတ်ကူးခဲ့တယ် လို့ သူက ဆိုပါတယ်။
“အဲဒီလောကမှာ တော်တော်များများက ကျန်းမာရေး အသိ ရှိရကောင်းမှန်း သိပ်မသိကြ သလို၊ ဂရုလည်း သိပ်မစိုက် ကြတာကို တွေ့ရတယ်။ ဖြစ်ကာမှ ဖြစ်ရောပဲ နေကြတာ။ မြို့ပေါ်တွေမှာ လောက်ပဲ ဂရုစိုက်ကြ တယ်။ နယ်တွေ ဘက်မှာ အဆိုးဆုံးပဲ။ လူ့အသိုင်းအဝိုင်း ကလည်း ပစ်ပယ်ထားသလို ဖြစ်နေတဲ့အပြင် ကိုယ့်ဘဝ ရပ်တည်မှု အတွက် ကိုယ့်အစုအဖွဲ့လေးနဲ့ကိုယ် ကျင်လည်နေကြရတော့ HIV ဆိုတာကို အလေး မထားတော့ဘူးပေါ့” လို့ လိင်တူ ချစ်သူများကို ကူညီဆောင်ရွက်ပေးနေတဲ့ Rainbow အဖွဲ့က ကိုတင်ကို ကိုက ဆိုတယ်။
လက်ရှိ အနေအထားများ အရ Gay ပြည့်တန်ဆာ လုပ်ငန်းအတွင်း လုပ်ကိုင်ကြသူတွေဟာ မြန်မာနိုင်ငံကို နိုင်ငံခြား ခရီးသွား ဧည့်သည် လာရောက်မှု များပြားလာတာနဲ့ အမျှ တချို့လိင်တူဆက်ဆံချင်ကြတဲ့ ဧည့်သည်တွေကို ဖျော်ဖြေ ပေးရတယ်လို့ သိရပါတယ်။
တချို့ လာရောက် ဆက်ဆံကြသူတွေထဲမှာ အသက်အရွယ် ကြီးနေပြီဖြစ်တဲ့ အမျိုးသားကြီးတွေလည်း ပါလာကြ ကြောင်း၊ ညဘက်တွေမှာ Gay ပြည့်တန်ဆာတွေနဲ့ ခေါ်ယူပျော်ပါးသူ ပိုမိုများပြား လာတာကိုလည်း တွေ့ရကြောင်း ညဘက် အငှား ယာဉ်မောင်းတဦးဖြစ်တဲ့ ကိုဦးက ပြောပြတယ်။
The Irrawaddy က တွေ့ဆုံမေးမြန်းခဲ့သူ ၂၀ ကျော်ရဲ့ အဆို အရတော့ ဆက်ဆံဖော် အများစုဟာ လိင်တူ ချင်း စိတ်ဝင်စားကြသူ ပိုများပြီး တချို့ဆက်ဆံဖော်တွေကတော့ သူတို့လောကကို အထင်သေးပြီး မထေ မဲ့မြင် ပြုတဲ့ လုပ်ရပ်တွေ ပြုမူတာကို ကြုံတွေ့ ကြရတယ်လို့ သိရပါတယ်။
“တခါက ကိုယ်ပိုင်ကားနဲ့ ကျနော့်ကို လာခေါ်တယ်။ ဒါပေမယ့် သူနဲ့ စကားပြော လိုက်ကတည်းက ကျနော် တို့ အပေါ် အနိုင်ကျင့်ချင်တဲ့ စိတ်ကို အကဲခတ်မိတယ်။ ကျနော်တို့မှာလည်း ကိုယ့်လုံခြုံရေး အတွက် လို အပ်တဲ့ အရန်းအတား လက်နက်တွေကို ဆောင်ထားတော့ သူလုပ်ချင်တဲ့ပုံစံ ကျနော်က မလိုက်လျောဘူး။ သူက သဘာဝမဟုတ်တဲ့ လိင် ဆက်ဆံမှုကို တောင်းဆိုတယ် ဆိုပေမယ့် အဲဒီ အပေါ်မှာ တကယ့်ကို ရိုင်း စိုင်းတဲ့ အပြုအမူတွေလုပ် လာတော့ ကျနော်နဲ့ ပြဿနာတက်ပြီး နင်ဘာလဲ၊ ငါဘာလဲ ဆိုတဲ့ အဆင့်အထိ ရောက်ခဲ့ဖူးတယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေတဲ့ အမျိုးသားပြည့်တန်ဆာ တဦးဖြစ်သူ ကိုချိုက ဆိုပါတယ်။
ဒါ့ကြောင့်ပဲ ပြည့်တန်ဆာ လုပ်ငန်းတွေမှာ မှုခင်းဖြစ်ရပ် အများဆုံး ဖြစ်ပျက်လေ့ ရှိတာက အမျိုးသားချင်း လိင်တူ ဆက်ဆံတဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေ ဖြစ်ကြောင်း၊ အဲဒီ ပြည့်တန်ဆာ လုပ်ငန်းကလည်း မြန်မာ နိုင်ငံမှာ ပြဋ္ဌာန်းထား တဲ့ ဥပဒေအရ တရားမဝင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတဦးက ပြောပြတယ်။
မြန်မာနိုင်ငံမှာတော့ ယောက်ျား ပြည့်တန်ဆာ တွေဟာ ဆန့်ကျင်ဘက်လိင်ပုံစံ နေထိုင်ပြုမူတဲ့ အမျိုးသား တွေကို ဖျော်ဖြေပေးရသူ (သူငယ်ထောင်ခံသူ)၊ အမျိုးသားစိတ်ရှိသူကို အမျိုးသားချင်း ဖျော်ဖြေပေးရသူနဲ့ အမျိုးသမီးတွေကို သဘာဝအတိုင်း ဖျော်ဖြေပေးရသူအဖြစ် လုပ်ကိုင်ကြတယ် လို့ Marie Stopes International Myanmar (MSI-M) မှ ဒေါက်တာစစ်နိုင်က ဧရာဝတီကို ပြောပြတယ်။
“ဒီအမျိုးအစားက မြန်မာနိုင်ငံမှာ ဘယ်အဖွဲ့ အစည်းကမှ တိတိကျကျ လေ့လာစစ်တမ်း ကောက်ယူတာမျိုး၊ ကူညီ စောင့်ရှောက် ပေးတာမျိုး သိပ်မတွေ့ရသေးဘူး။ အမျိုးသမီးတွေကို ကူညီနေရင် HIV/AIDS ရောဂါ ဖြစ်လာတော့မှ ဆေးဝါးကူညီတာ မျိုးလောက်ပဲ ကျွဲကူးရေပါလို ကူညီနေသေးတာ။ ဒါ့ကြောင့် အဲဒီလောက အကြောင်းကို တကယ်တမ်း တိတိကျကျ ပြောဖို့က သိပ်ကို ခက်နေသေးတယ်” လို့ သူက ဆိုပါတယ်။
အခုနောက်ပိုင်းမှာ ရန်ကုန်မြို့ နေရာတော်တော် များများမှာ ဆန့်ကျင်ဘက် လိင်လို ဝတ်စားဆင်ယင် ထားပြီး ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ကြတဲ့ သူတွေ ပိုများလာတာ တွေ့လာရပြီး သူတို့ကို အသုံးပြုတဲ့ အမျိုးသားတွေလည်း ပိုမို များပြားလာတယ် လို့ စုံစမ်း သိရှိရပါတယ်။
ဒါပေမယ့် များများ တွေ့လာရတိုင်း ဒီလုပ်ငန်းလုပ်သူ ပိုများလာတယ် လို့တော့ ဆိုလို့မရနိုင်ကြောင်း၊ Gay တွေရဲ့ ရပ်တည်မှု၊ စီးပွားရေး အခြေအနေနဲ့ အရင်က ပုန်းလျှိုးကွယ်လျှိုး ရပ်တည်ခဲ့ရာက အခုနောက်ပိုင်း ပွင့်ပွင့်လင်းလင်း ရပ်တည်လာနိုင်တဲ့ အချက်တွေ အပေါ်မှာလည်း များစွာ အမှီပြုနေတယ် လို့ ဒေါက်တာစစ်နိုင်က ဆိုတယ်။
မြန်မာ့ လှုမှုအသိုင်းအဝိုင်းက လိင်တူချစ်သူတွေ ဆိုရင် လက်ခံတဲ့ အဆင့် မရှိတာကြောင့် လိင်တူ ပြည့်တန်ဆာတွေ အနေနဲ့ အမျိုးသမီး ပြည့်တန်ဆာ တွေထက် ပိုမို အကာကွယ်မဲ့ နေတဲ့ အနေအထားမျိုးက ရောဂါဖြန့်ဖြူးမှုကို ပိုမို မြင့်မားစေနိုင်တယ် လို့ သူက သုံးသပ်ပါတယ်။
“ကျနော် ဆိုလိုတာက သူတို့ကို လက်ခံရမယ်၊ ဖူးဖူးမှုတ်ထားရမယ် လို့ ဆိုလိုတာ မဟုတ်ဘူး။ ရှိနေတာ ကိုတော့ ရှိနေပြီ ဆိုတာ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကြုံကြရတော့မှာပဲ။ အဲဒီတော့ ဖြစ်လာမယ့် အခြေ အနေတွေ အပေါ်မှာ အန္တရာယ် မဖြစ်အောင် ဘယ်လို နည်းလမ်းတွေနဲ့ ပညာပေးလို့ ရမလဲ၊ အကာအကွယ် ပေးလို့ရမလဲ ဆိုတာ စဉ်းစားဖို့ လိုပြီ။ အခုချိန်အထိ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ဖြစ်နေသေးတာမှာ ဒီ လိင်တူ ပြည့်တန်ဆာတွေ ကိစ္စက အဝေးကြီးမှာ ကျန်နေခဲ့ဦးမှာပဲ” လို့ သူက ဆိုပါတယ်။
ကိုတိုးတိုး အနေနဲ့ ရန်ကုန်တက်လာပြီး  HIV ပိုးအတွက် ဆေးရရှိဖို့ စီစဉ်တဲ့ အချိန်တုန်းကလည်း မိသားစု တွေရဲ့ တုံ့ပြန်မှုက ရောဂါခံစားရလို့ စိတ်အားငယ်ရ တာထက် ပိုဆိုးတယ် လို့ သူ ခံစားခဲ့ရပုံကို ပြောပြတယ်။
ART ဆေးရဖို့ မိသားစုတဦးဦးရဲ့ ထောက်ခံချက်ရှိမှ ရတာကြောင့် အိမ်ကို အကြောင်းကြားတဲ့ အခါမှာ သူ့ကို မိသားစု ကနေ ပစ်ပယ်လိုက်တာထက်၊ သူ့ကြောင့် မိသားစုဝင်တွေ အရှက်ရတယ် ဆိုပြီး ပြောဆိုခံခဲ့ ရတဲ့အတွက်  သတ်သေမလို့ အထိ စဉ်းစားခဲ့သေးတယ် လို့ သူက ဆိုပါတယ်။
“ဘကြီးက ရန်ကုန် တက်လာတယ်။ ပြောဆိုလိုက်တာတော့ ဗျာ၊ ကျနော် သတ်သေမလို့ အထိ ဖြစ်ခဲ့တာ။ ဘေးနားမှာ ကိုယ်လို ရောဂါခံစားနေရတဲ့ မိတ်ဆွေတွေ၊ ဖေးမကူညီ ပေးနေတဲ့ သူတွေကြောင့်သာ ဆက် အသက်ရှင်ဖို့ ဖြစ်လာတာ။ နောက်ဆုံး ဘကြီးက လက်မှတ်ထိုးဆို ထိုးပေးမယ်၊ ရွာကို ဘယ်တော့မှ ပြန်မလာနဲ့တော့တဲ့”
လက်ရှိ ဆေးကုသမှု ခံယူလိုက်ရချိန်မှာ ကျန်းမာရေး ဆိုင်ရာ အသိတွေလည်း တိုးပွားလာပြီး ကိုယ် ယခင်က ဂရု မစိုက်ခဲ့တာတွေကို ယူကျုံးမရ ဖြစ်ခဲ့ရကြောင်း၊ ကိုယ့်လိုလူတွေ အနေနဲ့ ဒါမျိုး မဖြစ်အောင် ဂရုစိုက်သင့် ကြောင်း သူက အကြံပြုတယ်။
လက်ရှိ အချိန်မှာတော့ ရန်ကုန်မှာ ဘဝရပ်တည်မှု အရ ပြည့်တန်ဆာလုပ်ငန်းကို ဆက်လက်လုပ်ကိုင် နေပေမယ့် အကာအကွယ် ပစ္စည်း သုံးပြီးမှသာ ဆက်ဆံမှုပြုလုပ်ပြီး တချို့ ဘဝတူတွေကိုလည်း ကိုယ်တွေ့ ဖြစ်ရပ်တွေနဲ့ ကျန်းမာရေး အသိ ဖြန့်ဝေ ပေးတယ် လို့ သူက ဆက်ပြောတယ်။
“တချို့ဆက်ဆံဖော်တွေက အကာအကွယ် ပစ္စည်းကို မသုံးချင်ဘူး။ အဲဒီတော့ သူတို့ကို ပြုစုပေး နေရင်း သူတို့ မသိအောင် စွပ်လိုက်တယ်။ ကျနော်တို့ကို ဆက်ဆံကြတဲ့သူ အများစုက မူးနေကြတော့ စွပ်လို့ စွပ်လိုက်မှန်း မသိကြ တော့ဘူး။ သူတို့ အတွက် အန္တရာယ် မဖြစ်အောင်ပါ။ ဒါကို မသုံးဘူးချည်း အတင်းလုပ်လာရင်တော့ ကိုယ့်မှာ ဒီပိုး ရှိနေတာကို အသိပေးလိုက်တယ်” လို့ မြောက်ဒဂုံမြို့နယ်က ယောက်ျားပြည့်တန်ဆာ ကိုမျိုးမျိုးက ဆိုပါတယ်။
လိင်တူချင်း လိင်ဆက်ဆံရာမှာ ပါးစပ်နဲ့ ဆက် ဆံတာဟာ အန္တရာယ်ကင်းတယ်လို့ ယူဆနိုင်ပေမယ့်လည်း အဆိုပါ နည်းလမ်းကတဆင့် ကူးစက်နိုင်ကြောင်း၊ ပါးစပ်မှာ ကွမ်းစားထားလို့ပဲ ဖြစ်ဖြစ်၊ တစုံ တရာကြောင့် ဒဏ်ရာအနာတရ ရှိနေတဲ့ အခါမှာ ဖြစ်ဖြစ် လိင်တံကထွက်တဲ့ အရည်ကြည်၊ သုက်ရည် စတာတွေ ရောဂါပိုး ရှိနေရင် ဒဏ်ရာကနေ တဆင့် ကူးစက်နိုင်တယ်လို့ သိရပါတယ်။
အမျိုးသားနဲ့ အမျိုးသမီးတို့ သဘာဝအတိုင်း လိင်ဆက်ဆံတာကနေ ကူးစက်နိုင်တဲ့ ရောဂါအမျိုး အစားတွေနဲ့ အမျိုးသား အချင်းချင်း သဘာဝမဟုတ်တဲ့ လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်တဲ့ ရောဂါအမျိုးအစား အားလုံး ဟာ အတူတူပဲ ဖြစ်ကြောင်း MSI-M က ဒေါက်တာစစ်နိုင်က ရှင်းပြတယ်။
“ကူးနိုင်တာကတော့ အတူတူပဲ။ တကယ်တမ်း စစ်ကြည့်လိုက်ရင် ကူးနိုင်ခြေရှိတဲ့ ကာလသားရောဂါ၊ HIV အပါအဝင် အမျိုး ၃၀ လောက် ရှိတယ်။ အဲဒါ ကြောင့် ဘယ်လို လိင်ဆက်ဆံမှုတွေမှာပဲ ဖြစ်ဖြစ် အသိရှိရှိနဲ့ အကာကွယ် ပစ္စည်း သုံးဖို့ သတိရှိနေသင့်တယ်” လို့ သူက ဆိုပါတယ်။
တချို့ အမျိုးသမီးတွေလို နေထိုင်၊ ဝတ်စားပြီး မိမိချစ်ခင်တဲ့ ယောက်ျားလေးတွေကို ထောက်ပံ့ပေးတဲ့ လိင်တူ စိတ်ဝင်စား သူတွေကတော့ တကယ်တမ်း မိမိချစ်ခင်တဲ့ ယောက်ျားလေးက ဖောက်လွဲဖောက်ပြန် လုပ်ပြီး အမျိုးသမီး တဦးဦးနဲ့ အိမ်ထောင်ပြု လိုက်တဲ့အခါမှာ စိတ်ဓာတ်ကျ သေဆုံးတဲ့ ဖြစ်ရပ်တွေလည်း ရှိတယ်လို့ ကိုတိုးတိုးက ပြောပြတယ်။
နယ်ဘက်တွေမှာ နေတဲ့ လိင်တူချစ်သူတွေ ဆိုရင် ပတ်ဝန်းကျင်ကလည်း ပစ်ပယ်ကြတာကြောင့် အဲဒီလို အခြေအနေတွေ ဖြစ်လာရင် စိတ်ဓာတ်ကျ ဆင်းမှု ပိုမိုဖြစ်ကြရတယ် လို့ သူက ဆိုတယ်။
“ကျနော့် ဘကြီးတယောက်ဆိုရင်လည်း ကျနော်တို့နဲ့ ဘဝတူပဲ။ သူက အရင်က နတ်ကတော်လုပ်တာ။ စီးပွား တအားကို တက်ခဲ့တာ။ ဒါပေမယ့် သူ့ကောင်လေးက ကောင်မလေးတယောက်ကို ခိုးပြေးသွားတော့ သူက လိုက်ရှာပြီး ခွဲတာ။ နောက်ဆုံး ရှာထား သမျှတွေလည်းကုန်၊ အိမ်တွေလည်းကုန် နဲ့။ သူ လည်း နောက်တနှစ်လောက်ကြာတော့ အဲဒီစိတ်နဲ့ပဲ သေရော။ ကျနော် မြို့ပေါ်ရောက်တော့ ဒီမှာက ကိုယ့်အသိုင်း အဝိုင်းတွေက တဦးပေါ်တဦး စောင့်ရှောက် ကြတော့ စိတ်ဆင်းရဲစရာ တခုခုဖြစ်ရင်တောင် အရမ်း အဆိုးကြီး မဖြစ်တော့ဘူး။ နယ်ဘက်မှာက အဲဒီလိုတွေ မရှိကြဘူး” လို့ သူက ပြောပြတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ပွင့်လင်းတဲ့ လူ့အဖွဲ့ အစည်း၊ အခြေအနေ တိုးတက်လာတာနဲ့ အမျှ လူမှု ပတ်ဝန်း ကျင်မှာ အသိအမှတ် ပြုခံရဖို့ လိင်တူချစ်သူ တွေရဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ရဲ့ လူမှုဝန်းကျင်ကတော့ အသိအမှတ်ပြုသူထက် ကန့်ကွက်ဝေဖန်မှုတွေက ပိုမိုနေဆဲပဲ ဖြစ်ပါတယ်။
ကိုတိုးတိုး အနေနဲ့ ဒီလိုဘဝ ဖြစ်လာတာ ဘဝပေး ကံတရားကြောင့် ဖြစ်လာတာလို့ ယုံကြည်နေတယ်။ သူက ယောက်ျားလေး ဖြစ်တာကို အသိစိတ်က သိနေပေမယ့် လက်တွေ့ဘဝမှာ ဒုက္ခတွေ ခံစားနေရတာကို မတွေး တော့ဘဲ ဖြစ်တည်နေတဲ့ အခြေအနေကို အကောင်းဆုံး ဖြတ်သန်းသွားမယ် လို့ စိတ်ကူးထားကြောင်း ပြောပြတယ်။
သူ့အနေနဲ့ ပတ်ဝန်းကျင်က ဘဝတူတွေ သူ့လိုပဲ နယ်ဘက်ဒေသမှာ ကျန်းမာရေး အသိမရှိဘဲ ကြုံသလို ဖြစ်ပျက်ခဲ့တဲ့ သင်ခန်းစာမျိုးကို မကြုံတွေ့စေချင်ကြောင်း၊ ရောဂါပိုး ကူးစက် ခံလိုက်ရပြီး တော့လည်း ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်နိုင်ဖို့ အတွက် အဖွဲ့အစည်းတွေရဲ့ ပညာပေးတာတွေမှာ တက်တက်ကြွကြွပါဝင် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားကြောင်း သူက ဆက်ပြောတယ်။
“ဖြစ်ပျက်ခဲ့ ပြီးပြီ။ ဒါကို ထိုင်ပြီး စိတ်ဆင်းရဲနေ လို့လည်း ဘာမှထူးတာမှ မဟုတ်တာ။ ကိုယ့်ဘဝ ရှေ့ဆက် ရပ်တည်ဖို့ ကလည်း ဒီအလုပ်က ဆက်လုပ် နေရဦးမှာပဲ။ အဲဒါကြောင့် ကျနော့်ဆီက တခြား သူတွေ ထပ်မ ကူးစက်ရအောင် ကျနော် စောင့်ထိန်း သလို၊ ကျနော်တို့ ဘဝတူတွေ အပေါ်မှာလည်း အသိပညာပေးတာ တွေ၊ အကူအညီပေးတာတွေ၊ ကျနော် တတ်နိုင်တဲ့ဘက်က ဆက်လုပ်သွားမယ်။ တချိန် ကျနော် သေဆုံးခဲ့ မယ် ဆိုရင်တောင်မှ ဒီဘဝမှာ ဒီလို ဖြစ်ခဲ့ ပေမယ့် နောင်ဘဝမှာ ဒီလိုမဖြစ်အောင် ကောင်းမှုတွေ လုပ်ပေးသွားနိုင်တာပေါ့။ ဘုရားတရား ကိုလည်း ကျနော်မပြတ် လုပ်တယ်” လို့ ကိုတိုးတိုးက ဆိုပါတယ်။     ။


(အမျိုးသားပြည့်တန်ဆာများ၏ နာမည်များကို လွှဲပြောင်းရေးသားထားသည်။)
http://burma.irrawaddy.org/article/2014/11/25/67644.html

No comments:

Post a Comment