Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 2, 2014

ဟောင်ကောင် ဆန္ဒပြမှုများသည် ဥပဒေကို ချိုးဖောက်နေခြင်းဟု တရုတ်အစိုးရ သတိပေး


ဟောင်ကောင်တွင် ဒီမိုကရေစီရေး ဆန္ဒပြမှုများ ဖြစ်ပေါ်နေခြင်းသည် ဥပဒေကို ချိုးဖောက်နေခြင်းဟု တရုတ်အစိုးရက သတိပေး ပြောကြားလိုက်သည်။ တရုတ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ဟောင်ကောင်တွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ဒီမိုကရေစီရေး ဆန္ဒပြမှုများ အင်အားကြီးမားစွာ ဖြစ်ပေါ်လာခဲ့သည့်နောက် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ယခုကဲ့သို့ သတိပေးခဲ့ခြင်း ဖြစ်သည်။
ဟောင်ကောင်၏ အုပ်ချုပ်ရေးအရာရှိ ရွေးကောက်ခံမှုကို (၂၀၁၇)ခုနှစ်မှ စတင်ကာ ဒီမိုကရေစီ နည်းလမ်းကျကျဖြင့် ခွင့်ပြုသွားမည်ဟု တရုတ်အစိုးရက ကတိပြုထားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် တရုတ်အစိုးရက ကောက်နုတ်ပေးထားသည့် ကိုယ်စားလှယ်များအနက် တစ်ဦးကိုသာ ဟောင်ကောင် ပြည်သူများက ရွေးချယ်ရမည်ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည့်နောက် ဟောင်ကောင်တက္ကသိုလ် ကျောင်းသားများက စတင် ဆန္ဒပြခဲ့သည်။
ဟောင်ကောင်တွင် လမ်းများကို ဆန္ဒပြသူများက ပိတ်ဆို့ထားသလို အစိုးရ အဆောက်အအုံ အချို့ကိုလည်း ပိတ်ဆို့ ဝန်းရံထားသည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ဖယ်ရှားပေးရန် ပန်ကြားသော်လည်း အောက်တိုဘာ (၂)ရက် ညပိုင်းထိ အဆိုပါ ပိတ်ဆို့မှုကို စွန့်ခွာမည် မဟုတ်သေးဟု ဆန္ဒပြသူများက ဆိုသည်။ ထို့အပြင် ဆန္ဒပြသူများက ဟောင်ကောင် ရဲများသည်လည်း ဟောင်ကောင်သားများပင် ဖြစ်သည့်အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
ဟောင်ကောင်တွင် မိုးရွာသွန်းလာချိန်၌ စောင့်ကြပ်ကြည့်ရှုနေသည့် ရဲများကို ဟောင်ကောင် ဆန္ဒပြသူများက မိုးမစိုအောင် ထီးမိုး ကာကွယ်ပေးကြသည်။ အဆိုပါ လှုပ်ရှားမှုသည် ဆန္ဒပြသူများအနေဖြင့် ရဲများကို တစ်သားတည်း သတ်မှတ် သဘောထားကြောင်း ပြသသည့် သဘောမျိုး သက်ရောက်စေပြီး ထီးတော်လှန်ရေး (Umbrella Revolution)ဟု အမည်ပေးထားကြသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဟောင်ကောင်ရဲများက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲရန် ကြိုးပမ်းရာ နှစ်ဖက် တင်းမာမှုများ ရှိခဲ့သည်။ သို့သော်လည်း ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့က အဓိကရုဏ်း နှိမ်နင်းရေး ရဲများကို ပြန်လည် ရုပ်သိမ်းကြောင်း ယခုသီတင်းပတ် အစောပိုင်းတွင် ကြေညာခဲ့သည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်က “ဟောင်ကောင်ရဲ့ အရေးအခင်းဟာ တရုတ်ရဲ့ ပြည်တွင်းရေးသာ ဖြစ်ပါတယ်။ တခြားနိုင်ငံ အားလုံးအနေနဲ့ တရုတ်ရဲ့ အချုပ်အခြာ အာဏာကို လေးစားသင့်ပါတယ်။ ဘယ်နိုင်ငံမဆို၊ ဘယ်လူ့အဖွဲ့အစည်းမဆို ကိုယ့်ပြည်တွင်းမှာ အခုလို ဥပဒေမဲ့ လုပ်ဆောင်မှုတွေ၊ ဥပဒေစိုးမိုးမှု ချိုးဖောက်နေတာတွေကို လက်ခံမှာ မဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းက ဟောင်ကောင် အာဏာပိုင်များ အနေဖြင့် ဆန္ဒပြမှုများကို နိုင်နင်းစွာ ကိုင်တွယ် ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဂျွန်ကယ်ရီကမူ အမေရိကန် အနေဖြင့် ဟောင်ကောင်တွင် လွတ်လပ်စွာ မဲပေးခွင့် ရရှိရန် ထောက်ခံကြောင်း ကြေညာသည်။ “ဟောင်ကောင် အာဏာပိုင်တွေ အနေနဲ့ ဆန္ဒပြသူတွေက သူတို့ရဲ့ စိတ်ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသနေခြင်းအပေါ် လေးစားမှုထားမယ်လို့ မျှော်လင့်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။
ဟောင်ကောင်အရေးနှင့် ပတ်သက်ပြီး တရုတ်မီဒီယာများကလည်း သုံးသပ်မှု အမျိုးမျိုး ရှိခဲ့ပြီး ယခုအတိုင်း ဆန္ဒပြမှုများ ရှေ့ဆက်နေမည် ဆိုပါက မှန်းဆ၍ မရသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း People’s Daily သတင်းစာက သတိပေး ရေးသားခဲ့သည်။ တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားဌာနကလည်း ဟောင်ကောင် ရဲတပ်ဖွဲ့ အနေဖြင့် တရားဥပဒေစိုးမိုးမှုကို အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်အောင် အားထုတ် လုပ်ဆောင်သင့်ကြောင်း နှိုးဆော်ခဲ့သည်။
ထိုအတောအတွင်း အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့တွင် ဟောင်ကောင်ရှိ  ဆန္ဒပြသူများကို ထောက်ခံသည့် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ (၁)ရက် ညပိုင်းက တိုင်းစကွဲယားတွင် လူပေါင်း(၃၅၀)မျှ စုရုံးကာ ဟောင်ကောင်၏ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံမှု ပြသခဲ့သည်။ နယူးယောက် မြို့ခံ အများအပြားသည် ဟောင်ကောင် ဆန္ဒပြပွဲ၏ ပြယုဂ်သဖွယ် ဖြစ်လာသည့် ထီးတော်လှန်ရေးကို ညွှန်းဆိုသည့် အနေဖြင့် ထီးများယူဆောင်လာခဲ့သည်။ အလားတူ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင်လည်း တရုတ်သံရုံး ရှေ့၌ လူပေါင်း(၂၀၀၀)မျှ စုရုံးကာ ဟောင်ကောင်၏ ဒီမိုကရေစီရေး ဆန္ဒပြမှုများကို ထောက်ခံကြောင်း ပြသသွားခဲ့ကြသည်။
_Ref; BBC
7Day Daily

No comments:

Post a Comment