Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 16, 2014

အာဏာပိုင်တွေဆီက ကားတွေ၊ မြေတွေတောင်းတာ မင်းတို့ကဘာလဲလို့ ကင်းကောင်ပြောပြီ

ဒီကနေ့ခေတ် လူရွှင်တော်တွေဟာ စင်ပေါ်ရောက်တာနဲ့ လူကြီးနာမည်တွေကိုတပ်ပြီး ပြက်လုံးပြက်၊ ပြီးရင် လူကြီးတွေဆီကနေ မော်တော်ကားတောင်း၊ မြေတောင်းနဲ့ သူတို့တွေ ဘာလဲလို့ လူရွှင်တော် ကင်းကောင်က မေးခွန်းထုတ်လိုက်ပါပြီ။ ပြက်လုံးပြက်ရင် ပုဂ္ဂိုလ်ရေး မပြက်ပါနဲ့လို့ ကင်းကောင် ဘာ့ကြောင့်ပြောတာလဲ။
“လူရွှင်တော်တွေ ပြက်လုံးပြက်ရင် ပုဂ္ဂိုလ်ရေး မပြက်ပါနဲ့။ လူတစ်ယောက်ကို ခေါင်းစဉ်တပ်ပြီး မပြက်စေချင်ဘူး။ အခု လူရွှင်တော်တစ်ချို့က နိုင်ငံတော်လူကြီးတွေကို ပြက်လုံးထုတ်တယ်။ (ဒါ ဖားပြောတာ မဟုတ်ဘူး) လူကြီးတွေကို ဒဲ့ပြက်တယ်။ ပြီးတော့ ပြန်မဖြည်ကြဘူး။ အဲဒီ လူရွှင်တော်တွေကို ကျနော်ပြောမယ်။ မင်းတို့ဟာ စင်ပေါ်ရောက်တာနဲ့ လူကြီးတွေကို နာမည်တပ်ပြီး ပြက်လုံးပြက်တယ်။ ပြီးတော့ မင်းတို့က လူကြီးတွေဆီကနေ မော်တော်ကားတွေတောင်းတယ်။ မြေကွက်တွေ တောင်းတယ်။ အဲဒီတော့ မင်းတို့က ဘာလဲ။ ဒါပဲ ကျနော်ပြောမယ်။ ထည့်လိုက်ပါ။ ကျနော် ကင်းကောင် ပြောတယ်လို့”
ကျော်ထူး .. ငါကြောက်တယ်။ ငါမပါဘူးနော် ဆိုတဲ့ ပြက်လုံးဟာ ကင်းကောင်တစ်ယောက် ဘဝနဲ့ရင်းခဲ့ရတဲ့ ပြက်လုံးပါ။ သီးလေးသီးကို ပရိသတ်ရှေ့ရောက်ဖို့ ဇာနဂနာက သူနဲ့ကျော်ထူးကို ဝိုင်းပေးပါဆိုလို့ မျှော်စင်ကျွန်းမှာ ၂ဝဝ၇ခုနှစ်က ကပြခဲ့ပြီး ပြည်သူတွေကြားမှာ အောင်မြင်ခဲ့တဲ့ပွဲမှာ ပြက်ခဲ့တဲ့ ပြက်လုံးပါ။
သီးလေးသီးအငြိမ့် ပြည်ပထွက်မယ်ဆိုတာ သူမသိခဲ့ကြောင်းနဲ့ အဲဒီအချိန်က သူတို့မိသားစု ချောင်းသာကို ရောက်နေတယ်လို့ ဆိုပါတယ်။ အိမ်ပြန်ရောက်ချိန်မှာတော့ ကင်းကောင်ရဲ့အိမ်ကို ရဲတွေလာဝိုင်းပြီး တံခါးခေါက်လာခဲ့ပါတယ်။
“ကျနော့်ကို စစ်ချင်လို့တဲ့။ ကျနော် ဘာများမှားလို့လဲ ပြန်မေးတော့ ကိုကင်းမမှားပါဘူး။ ဒါပေမယ့် မျှော်စင်ကျွန်းမှာ ပြက်သွားတဲ့ပြက်လုံးတွေ ပြင်းတယ်။ ဖြည်လုံးနည်းတယ်။ ဒါ့ကြောင့် လာခေါ်တာလို့ ပြောတယ်။ ကျနော်တို့ လူရွှင်တော်လောကမှာ ပြက်ပြီးရင် ဖြည်ရတယ်လေ။ အဲဒီတုန်းက ဂန်ဘာရီပြက်လုံးက နည်းနည်းပြင်းတယ်။ ဒါ့ကြောင့် ကျော်ထူးရေ ငါကြောက်တယ်၊ ငါမပါဘူးနော်လို့ ပြောခဲ့တာ”
အဲဒီလို ဒုက္ခရောက်ချိန် သူ့ကို ကယ်ခဲ့တဲ့ သူငယ်ချင်းမင်းအုပ်စိုးကို ကျေးဇူးတင်တယ်လို့ ကင်းကောင်က ပြောပါတယ်။ "အဲဒီအချိန်မှာ မင်းအုပ်စိုးက ကိုကင်း ကျနော့်အိမ်ပဲ လာခဲ့လို့ခေါ်တယ်။ သူက ရဲမှူးတွေကို ခေါ်ထားတယ်။ သူတို့က ကျနော့်ကိုမေးတော့ ကျနော်ဘာပြောမိလို့လဲ။ နိုင်ငံတော်လူကြီးတွေလည်း မစော်ကားဘူး။ ပုဂ္ဂိုလ်ရေးလည်း မစော်ကားဘူး။ ကျနော်ကြောက်တယ်။ ဒီထဲမှာ ငါမပါဘူးလို့ တစ်ခါတည်း ပြောပြီးသားပဲ မဟုတ်လားလို့ ပြောခဲ့တယ်။”
“ကျနော်တို့က အနုပညာသမားတွေလေ။ နိုင်ငံရေးသမားမဟုတ်ဘူး။ အနုပညာအလုပ် လုပ်တယ်။ ရတဲ့အနုပညာကြေးနဲ့ မိသားစုစားဝတ်နေရေး ဖြေရှင်းတယ်။ ပိုလျှံရင် လှူတယ်။ ဘာသာရေးလုပ်တယ်။ ကျော်ထူး ငါကြောက်တယ် ငါမပါဘူးဆိုတဲ့ ပြက်လုံးကတော့ ပရိသတ်ကြားထဲ ကျန်ခဲ့တယ်။ ကျနော်လည်း တော်တော်ဒုက္ခရောက်သွားတယ်”
လူရွှင်တော် ကင်းကောင်ဟာ တစ်ချိန်က သူတက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ထဲက ဦးချစ်လက်ဖက်ရည်ဆိုင်မှာ နှင်းကျောင်းဆိုတဲ့ ဇာတ်ကားမှာ နှစ်ဆွေးနှစ်ကြီးကျောင်းသားအဖြစ် သရုပ်ဆောင်နေပါတယ်။ သူဟာ ၁၉၈၆ခုနှစ်မှာ မြန်မာစာနဲ့ ကျောင်းပြီးခဲ့သူဖြစ်ပြီး ချစ်သူ မအေးမွန်နဲ့ လက်ထပ်ခဲ့ပြီး ရဲမွန်အောင်ဆိုတဲ့ သားတစ်ယောက်နဲ့ အေးအေးချမ်းချမ်း နေထိုင်နေပါတယ်။
ရွှေညာခိုင်စိုး

No comments:

Post a Comment