Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 3, 2014

မင်းဒင် ၏ ဒေါ်အောင်ဆန်းစုကြည်ဝတ္ထု


(၁)
အမလေး၊ခေါင်းစဉ်ကို ဖတ်ပြီး ကျုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိမှိတ်၊ ဇန်းတင်မဲ့သူ လို့ ကိုရင်၊ ထင်ရင်ဖြင့် အလွဲကြီး လွဲပါလိမ့်မဗျာ။ အေးလေ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘုန်းတော် ဘွဲ့တွေက ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဖတ်လို့ မကုန်အောင် ရှိနေပြီပဲ။ အော်၊ ဒေါ်အောင်ဆန်းစုကြည်လို့ နာမည်အပြည့်အစုံ ချရေးလိုက်တာကို၊ ကိုရင် အထွန့်တက် ချင်ပြန်ပြီထင်တယ်။
.
ကျုပ်က ဗုဒ္ဓဘာသာဝင် ဆို တော့ အသက်အားဖြင့်ကြီးရင့်သူ၊ဂုဏ်အားဖြင့် ကြီးမြင့်သူ ဆိုရင် ရိုသေ သမှုနဲ့ ဦး၊ဒေါ်၊ကို၊မောင် တပ်ခေါ်နေကျမို့ပါ ကိုရင်ရဲ့။ ကိုရင့် ကိုလည်း ကျုပ်က ဗမာပီပီ၊ ဦး၊ကို၊မောင် စသည်ဖြင့် သင့်တော်ရာ ၊ရှေ့ဂုဏ်ပုဒ်လေး တပ်ပြီးခေါ်ချင်တာပါပဲ။ ခက်နေတာက ကိုရင့် ဖေ့စ်ဘွတ် အကောင့်မှာ ကိုရင့် နာမည်ရင်း၊ ဓာတ်ပုံ အပါအဝင် ဇာတိပဝတ္တိ၊ ဘာတစ်ခုမှ မယ်မယ် ရ၊ အတိအကျဖော်ပြမထားပဲ “အာဂ ယောက်ျား တကဲ့လူ” လို့သာ တွေ့ရတာကြောင့်၊ ကျုပ်က ဘယ့်နှယ်ခေါ်ရမှန်းမသိတာနဲ့ ကျုပ်တို့ အညာအရပ် အခေါ် 'ကိုရင်' လို့ နာမ်စား သုံးလိုက် တာကို ကိုရင် ကျေနပ်မယ် ထင်ပါရဲ့။
.
နာမည် ဆိုတာ တကယ်တော့ပညတ်ပါကိုရင်။ အမယ်၊ စကားမစပ်၊ နာမည်ဟာ၊ ပညတ်သာ ဆိုရတယ် တစ်ချို့ ပုဂ္ဂိုလ်တွေ အတွက်တော့ နာမည်မှာ ဘယ်လို တပ် ခေါ်ခေါ် တင့်တယ်နေတာ၊ တစ်ညီ တညွတ်တည်း ရိုသေ လေးစားသမှု ရှိနေတာလည်း သတိပြုစေချင်တယ်မောင်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုပါတော့ ထိန်လင်း ခေါ်ခေါ်၊ အောင်ဆန်းလို့ ရေးချင်ရေး၊ ဗိုလ်ချုပ်ဆိုတဲ့ နာမ်စား သုံးချင်သုံး ၊သူ့ ဂုဏ်ဒြပ်နဲ့ ကောင်းသတင်း ပရမတ် ကတော့ မှေးမှိန် မသွားတတ် ဘူးမောင်ရဲ့။
.
တခုတော့ စကားပလ္လင်ခံထားပါရစေမောင်၊ ကိုရင်နဲ့ ကျုပ်အကြားမှာ အယူအဆ ကွဲလွဲချက် တချို့ရှိကောင်းရှိနိုင်တာမို့၊တစ်ဖက်နဲ့တစ်ဖက် အနိုင် ရရင်ပြီးရော ၊ငါ့စကားနွားရ ဆိုတာမျိုးတွေ ကျုပ်ဖက်က အတတ်နိုင်ဆုံး ရှောင် ရှားမှာ ဖြစ်သလို ကိုရင့်ဖက်ကလည်း၊ ထစ်ကနဲ ရှိ ဒေါသ ထွက် လာတာမျိုး မဖြစ်စေပဲ၊ စိတ်ကိုဖြူ အောင် ထားစေချင်ပါတယ်။ ကဲပါလေ။ ကျုပ်ပြောချင် တဲ့ ဒေါ်အောင်ဆန်းစုကြည် ဝတ္ထုလေး စလိုက်ကြပါစို့ရဲ့။
.
(၂)
တကယ်တော့ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာဆိုတဲ့လူမှုကွန်ယက်စာမျက်နှာတွေနဲ့ ကျုပ်တယ်ပြီး အကျွမ်းမဝင် လှပါဘူး။ဒါပေသည့် ကျုပ်ဟာ ဇာတိနိုင်ငံကနေ ခွဲခွာပြီး တရပ်တကျေး လည်းရောက်နေ၊ စကားပြောဖော် မိတ်ဆွေသင်္ဂဟ ကလည်း ရှားသမို့ လူမှုကွန်ယက် စာမျက်နှာပေါ် ကျုပ် ရောက်လာတာပါပဲ ။ရောက်တယ် သာပြောရတယ်၊ အမှန်အတိုင်း ဝန်ခံရရင် ၊ဖေ့စ်ဘွတ်မှာ မိတ်ဆွေ အချင်းချင်း ဘယ်လို ဘယ်ပုံ ချိတ်ဆက်မှုရှိ ကြတယ်ဆိုတာ အခုထက်ထိ၊ အသေးစိတ်၊ ဂဃနဏကျုပ်မသိသေးပါဘူး။ဖေ့စ်ဘွတ်သုံးခါစကဆို ကျုပ်ရဲ့ စာမျက်နှာ မှာ ဘာတစ်ခုမှ မရေးရဲခဲ့တဲ့အထိ။ ဟုတ်တယ်လေ။ လောကကြီးမှာ ကိုယ် ထင်မြင် ယူဆနေတာဟာ မှန်လှချည့်ရဲ့ဆိုပြီး ပြောလို့မသင့်ဘူး မဟုတ် ဘူးလား။ ဇရာထောက်နေပြီဖြစ် တဲ့ ကျုပ် ဓာတ်ပုံကိုတင်ဖို့ ဆိုတာလည်း ၊ဝေလာဝေးပေါ့။
.
ဒီတော့ ဖေ့စ်ဘွတ်မှာကျုပ်အရင်ဆုံးလုပ် ခဲ့တဲ့အလုပ်ခဲ့ အလုပ်ကတော့ တွေ့သမျှ စတေးတပ် (Status)တွေလျှောက် ဖတ်တဲ့ အလုပ်ပဲ ကိုရင်။ ရေးတင်ကြတဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ ကတော့ ကိုရင်သိတဲ့အတိုင်း စုံစီနဖာ သဗ္ဗသနံပေါင်းပါပဲ။
.
အဲဒီ အထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမေ၊မေမေ၊မိခင်၊မေစု၊ အန်တီစု ဆိုတဲ့ ချစ်စနိုးလေသံတွေနဲ့ ဂုဏ်တင်ချီးမြှောက်ပြီး ရိုသေလေးစားသမှု လှိုင်လှိုင်ကြီးပြုကြတာ ကိုလည်း ကျုပ်သတိထားမိပါရဲ့။ အင်း၊ လူပုဂ္ဂိုလ်တစ်ဦးကို အခြားသူတွေက ချစ်ခင် ချီးမြှောက် နေကြတာဟာ တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုတဲ့ သဘောမို့ ကျုပ်စိတ်ထဲမှာတော့ မင်္ဂလာ တစ်ပါးလို့သာမြင်ပါတယ်။ ကျုပ်ကိုယ်တိုင်အနေ နဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သဲသဲလှုပ်ကောင်းချီးပေး၊ စတေးတပ်တွေရေးတင်တဲ့သူ စာရင်းမှာတော့ မပါခဲ့ ပါဘူး။
.
တချို့ သောသူ တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမြတ်နိုးကြပုံ မရဘူး ဆိုတာ သူတို့ရေးတင်တဲ့စာသားတွေက ဖော်ပြနေကြ လေရဲ့။ ဒါလည်းပြဿနာ မဟုတ်ပြန်ဘူး ကိုရင် ။လောကမှာ ကဲ့ရဲ့ပြစ်တင်ခံရခြင်း ကင်းတဲ့သူ ဆိုတာ ဟိုးအရင်ကလည်း မရှိခဲ့။ အခုလည်း မရှိ၊ နောင် လည်းရှိမှာ မဟုတ်ဘူးလို့ “ဓမ္မပဒ”ကဆိုတယ်မဟုတ်လား။ကျုပ်စိတ်ထဲမှာ အထူးအဆန်းဖြစ် မိတာက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် နှစ်သက်ခြင်းမရှိတဲ့ လူတချို့ ဟာ မောင်နဲ့နှမ၊ သားနဲ့အမိကြားမှာ မကြားဝံ့မနာသာဖြစ်တဲ့ အသုံးအနှုံး အဆဲ အဆို၊ ညစ်ညမ်း တဲ့စကားလုံး တွေနဲ့ရေးနေကြတဲ့ကိစ္စပဲ ကိုရင်ရဲ့။
.
ဟုတ်ပါ့ဗျာ။ ကိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆဲတဲ့အထဲမှာ တစ်ဂဏန်း ကနေ စာရင်းဝင်နေလေရဲ့။ ဒိထက် ထူးဆန်းတာကတော့ ကျုပ်မိတ်ဆွေ တစ်ယောက်ရဲ့ မှတ်ချက် အရ ဒေါ်အောင်ဆန်းစုကြည်ကိုဆဲနေတဲ့ စာမျက်နှာတွေ ဟာ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့ တစ်ခု အနေနဲ့ ဆဲနေကြတာဆိုတဲ့ အချက်ပါ ပဲ။ ကျုပ်ကပဲ တောသားမို့ ရိုးလွန်း အလွန်းနေရော့ သလားမဆိုနိုင်ဘူး။ အံ့သြ လွန်းလို့ သေ တော့မယ်ဆိုပြီးခေတ်မီမီညည်းချင်းချရမလိုပါပဲ။
ကျုပ်တို့ ဗမာပြည်ကြီး မွဲတေပြာကျနေချိန်၊ ဗမာပြည် တိုးတက်ရာ တိုးတက်ကြောင်း ဝိုင်းဝန်းကြံ ဆကြရမဲ့ အချိန်မှာ အစိုးရ အတိုက်အခံ ပါတီခေါင်းဆောင် ဗမာအမျိုးသမီးကြီး တစ်ယောက်ကို ပုဂ္ဂိုလ်ရေး မုန်းတီးမှု သက်သက်ကြောင့်၊ ဗမာစာဗမာစကားနဲ့ ပယ်ပယ်နယ်နယ် ဆဲဆိုနေကြ တာ ကိုဖြင့် ကျုပ် နားမလည်နိုင်တာ အမှန်ပဲ ကိုရင်။
.
အဆန်းတကာ့အဆန်းဆုံးကတော့ ကျုပ်ဟာ ချပ်ဘောက်ကနေ ကိုရင်ဟာ ဘယ်လိုလူမျိုး ပါလိမ့် ဆိုတာသိချင်စိတ်နဲ့ “မင်္ဂလာပါ” လို့လည်း နှုတ်ဆက် လိုက်ရော၊ ကိုရင်က ချက်ချင်းဆိုသလို “အန်ကယ် ကျနော့်ကို ဘလော့လိုက်ပါ၊ ကျနော်ဟာ လူကောင်း မဟုတ်ပါဘူး” ဆိုပဲ။ ဘယ့်နှယ် မကောင်းတာကို မကောင်း မှုမှန်းသိနေတဲ့လူငယ်တစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီဘဝရောက်နေရ သတုန်း။ဒီမှာတင် ကိုရင့်ကိုခေါင်းတည်ပြီး ဒီစာလေး ရေးဖို့ အကြောင်းပေါ် လာရော ဆိုပါတော့။
.
(၃)
ကျုပ်တို့ အမျိုးသားခေါင်းဆောင်ကြီးမှာ သားသမီးသုံးဦးပွားစီးခဲ့တဲ့အနက် တဦးသော ရင်သွေး ဟာ ဒေါ်အောင်ဆန်းစုကြည်ပဲဆိုတာ ကျုပ်ကလေး ဘဝ ကတည်းက သိခဲ့ပေမဲ့ ကိုယ်တိုင် ကိုယ်ကျ ဆုံဖို့ အခွင့်အရေးဖြစ် လာတာ ကတော့ (၁၉၈၈)ခုနှစ်သြဂုတ်လ (၂၆)ရက်ပဲ မောင်။ ဟုတ်တယ် ကိုရင်ရ။ အဲဒီနေ့က ရွှေတိဂုံအနောက်ဖက်မုဒ်မှာ လူထု အစည်းအဝေးပွဲကြီး လုပ်တော့ ဗိုလ်ချုပ်ရဲ့ သမီးဒေါ်အောင်ဆန်းစုကြည် တရားဟောမယ်ဆိုတဲ့ သတင်း လည်းကြားရော ၊လာပြီးအားပေးလိုက်ကြတာ ကျုပ် တစ်သက်နဲ့တစ်ကိုယ်၊ ဒီလောက်များတဲ့ လူထု ပရိသတ်ကြီးကိုမြင်ရတာ ပထမဆုံး အကြိမ်ပါပဲ။
.
သူဟောတဲ့ တရားက အရှည်ကြီးမဟုတ်သလို ထူးထူးခြားခြားရယ်လို့လည်း ကျုပ် စိတ်ထဲ မထင်မိ ပါဘူး။သူပြောတာ၊ကျုပ်နားလည်သလောက်တော့ “ချွတ်ခြုံ ကျနေတဲ့ ကျုပ်တို့ တိုင်းပြည်ကြီးကို ပြန်လည်ထူထောင်ဖို့ ဒီမိုကရေစီ စနစ်ကို ထူထောင်ကြရမယ်” ဆိုတာပါပဲ။ အဲဒီ အချိန် ကာလနဲ့ မရှေးမနှောင်းမှာပဲ ဗမာ့ တပ်မတော်ကြီးဟာ တိုင်းပြည် ကိုချောက် ထဲ မကျအောင် ကယ်တင်တယ် ဆိုလား၊ အထွေထွေ အကြပ်အတည်းကလွတ်အောင်ဆိုလား အာဏာသိမ်း လိုက်ပါလေရော။ ဒီမှာတင်ဒေါ်အောင်ဆန်းစု ကြည်ဟာ ပုဒ်မ အမျိုးမျိုး အတပ်ခံ ရပြီး နှစ်ရှည်နေအိမ်အကျယ်ချုပ်ကျခံရတော့တာပါပဲ ကိုရင်။
.
နိုင်ငံရေးဆိုတာ တိမ်တွေပေါ်က အရုပ်တွေလို အပြောင်းအလဲမြန်တယ်၊ နားလည်ရခက်တယ် ဆိုတာ ကျုပ်ကြားဖူးပေမဲ့၊ ကျုပ် စိတ်ထဲ ထူးဆန်းနေတဲ့အချက်က အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ ဟာ အပတ် တကုပ်ကြိုးစားပမ်းစား၊ မအိပ်မနေ တိုင်းပြည် ကို ထူထောင်နေကြရင်း ထားစရာ မရှိအောင်၊ ကျိကျိတက်တက် ကြီးပွားကုန်ကြတဲ့ အချက်ပဲ ကိုရင်။
.
အဲဒီခေတ် အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချပွဲတွေကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြားတွေကနေ တခမ်းတနားလွှင့်ခဲ့ဖူး တာလည်း ကျုပ် မှတ်မိနေသေးတယ်။ ရှုတ်ချပွဲ ဆိုတာ ထက်ဆဲပွဲဆိုတာက ပိုမှန်ပါလိမ့် မယ်မောင် ။ကြည့်လေ။ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမယား၊ မျက်နှာဖြူ မယား ၊ပြည်ပအားကိုး အမျိုးဖျက်သူ၊ ပုဆိန်ရိုး၊အို..၊ စုံလို့ပါပဲကိုရင်။ အဲဒီ ဆဲပွဲ တွေနဲ့ပတ်သက်လို့ တပ်မတော် အရာရှိဟောင်း တစ်ယောက်ရဲ့ သဘောထား မှတ်ချက်ကို ကြားရတော့ ကျုပ်ဖြင့် ပါးစပ် အဟောင်းသားတောင် ဖြစ်သွား မိတဲ့အထိ။
.
ဘာတဲ့။ “ကျနော်တော့ ရုပ်မြင်သံကြားမှာ အဲဒီ ဆဲပွဲတွေ လွှင့်တဲ့ အချိန်ဆိုရင် စက်ကို ထ ပိတ် ထားလိုက်တယ်ဗျ။ ဒေါ်စုကို ချစ်လို့ တော့ မဟုတ်ဘူး။ စကားလုံးတွေက မကြားဝံ့မနာသာ၊ ရုန့်ရင်း ကြမ်းတမ်းလွန်းလို့ ကျနော့် သားသမီးတွေ အတုယူ ခိုးမှားကုန်မှာ စိုးလို့၊ ဘယ်နှယ့်ဗျာ၊ လူငယ်တွေကို ယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ပေးကြရမဲ့ ထိပ်တန်းပညာတတ် ပါမောက္ခတွေ၊ ကထိကကြီးတွေ ကိုယ်တိုင် စင်ပေါ်တက်ပြီး ဒေါ်စုကို ပျစ်ပျစ်နှစ်နှစ် ဆဲနေ လိုက်ကြတာများ ကျနော်ဖြင့် အံ့သြလို့မဆုံးဘူး” တဲ့ မောင်ရဲ့။ အဆဲကြမ်းတဲ့ အဖြစ်များ ကိုယ့်လူတောင် သူ့ ဘက်သားဖြစ်ရတဲ့အထိ။
.
(၄)
အံ့သြစရာတွေ ကတော့ ပြောမကုန်နိုင်ပါဘူးမောင်ရယ်။ ဟိုခေတ် ဟိုအခါ က ဒေါ်အောင်ဆန်း စုကြည် ဆဲပွဲတွေကို ဦးဆောင်ကျင်းပခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေ ဟာ လက်ရှိဒီမိုကရေစီခေတ်မှာ လွှတ်တော်ထဲရောက်နေပြန်ပြီ ကိုရင်။ အမယ်၊ အခု ဒေါ်အောင်ဆန်းစုကြည်ကို “အမကြီး” “အမကြီး” ဆိုပြီး လုပ်နေ ကြ ပြန်လေရဲ့။ ဒါပေမဲ့ခက်နေတာကို သူတို့နှုတ်က အခေါ်အဝေါ် သာပြောင်း တာ သူတို့ ရဲ့မသမာ တဲ့နည်းနဲ့ကိုယ်ကျိုး ရှာချင်တဲ့စရိုက်၊ အမူအကျင့် တွေ ကတော့ ဒုံရင်းက ဒုံရင်းဖြစ်နေတုန်းပဲဆိုတာ ကိုရင် ကျုပ်ထက်ပိုသိပါလိမ့်မယ်။ မှန်ကန်တဲ့ ခံယူချက် မရှိပဲ၊ လူကြီးလူကောင်း နာမည်ခံပြီး လိုတစ်မျိုး မလိုတစ်မျိုး ပြောတာတော့ ကျုပ်တယ်ပြီး သဘောမတွေ့ လှဘူး မောင်။
.
ဗမာတပြည်လုံး တက်တက်စင်၊ပြောင်သလင်းခါအောင် နည်း မျိုးစုံနဲ့ ကိုယ်ကျိုးရှာခဲ့ပြီး တာတောင် မျက်နှာပြောင်ဆက်တိုက်နေကြ ဆဲ၊ သူခိုးဓားပြ ထက်ဆိုးတဲ့ သူတွေ ကို ကျုပ် အမုန်းဆုံးပဲ။
.
ဒီနေရာမှာ ကျုပ်လေးလေးနက်နက် စဉ်းစားနေမိတာက မကောင်းမှုကို သိနေ တဲ့ ကိုရင့်လို လူငယ်တစ်ယောက်ဟာ ခေတ်ဟောင်းက စစ်ခေါင်းဆောင်ဟောင်းတွေနဲ့တစ်နည်းနည်းနဲ့များ ပတ်သက်နေသလား ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့်စကားမစပ် ပုံပြင်လေး တစ်ပုဒ်ပြောပြ ချင်သေးတယ် ကိုရင်။
.
တစ်ခါတုန်းက အမှန်တရား ရှာဖွေသူတစ်ဦးဟာ အယူလွဲနေတဲ့ နာမည်ကြီး ဆရာတစ်ဦး ထံမှာ တပည့်ခံမိနေသတဲ့။ ဒါပေမဲ့သူဟာ အမှန်တရား ကို ဟောပြောသွန်သင်နိုင်မဲ့သူကို၊ ဆက်ရှာနေရာ က တစ်နေ့၊ အယူအဆ အတွေးအခေါ်မှန်တဲ့ ဆရာတစ်ဦးကိုတွေ့တဲ့အခါ အဲဒီ ဆရာ ထံမှာ တပည့်ခံပြီး သူ့ဆရာကြီးကိုပါ အပါခေါ်နိုင်ဖို့ အားထုတ်စည်းရုံးတော့ အဲဒီ ဆရာကြီးက “ငါ့တပည့်လောကကြီးမှာ လူလိမ်မာနဲ့ လူမိုက် ဘယ်ဟာ ပိုများသတုန်း” လို့မေး သတဲ့ ကိုရင်။ ဒီတော့ တပည့်လုပ်သူဟာ “လူမိုက် ပိုများပါတယ်” လို့လည်းဖြေရော၊”အေး၊ဒါဆို မင်းက ဆယ်ဝင်အိုးတဲ့ တူတဲ့ လူလိမ္မာမို့ ဆရာကောင်း ဆီသွားပေတော့၊ ရာဝင်အိုးကြီးနဲ့ တူတဲ့ ငါ့ဆီကို လူမိုက်တွေ ထပ်ပြီးလာကြလိမ့်မပေါ့” ဆိုပဲ။
.
အမယ်၊ ကိုရင်က ဘယ်ဆိုးလို့တုန်း၊ ဒီပုံပြင်ဟာ ရှင်သာရိပုတ္တရာရဲ့ ဘဝ ဇာတ်လမ်း ဆိုတာတောင် သိနေပါကလား။ ဟုတ်ပါတယ် ကိုရင်ရယ်။ ကိုရင့် ဆရာသမား စစ်ဗိုလ်ချုပ်တွေ ဟာ နိပါတ်တော်ထဲက သိဉ္စည်းဆရာကြီး လောက်တောင် စိတ်ထား မဖြူစင်ပါကလား။
.
စာသံပေသံလေးနဲ့ ဆွေးနွေးရရင် လောကကြီးမှာ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကို ဖြူအောင်ထား ဆိုတာ ဘုရားရှင်အဆက်ဆက်၊ အတိုချုပ် ဆိုဆုံးမချက် ပါပဲ။
.
ကိုရင်က ဒေါ်အောင်ဆန်းစုကြည်ကိုမထောက်ခံဘူးဆိုရင်လည်း မထောက်ခံခွင့် ရှိပါ တယ် မောင်။ သို့သော် မထောက်ခံဘူး ဆိုတဲ့ ခံယူချက် တစ်ခုနဲ့တော့ မစော်ကားသင့်ဘူး ထင်ပါတယ်။မထောက်ခံလို့စော်ကားမယ်ဆိုရင် ကိုရင်ဟာ ရင့်ကျက်သူ စာရင်းမှာဘယ်ပါ ပါတော့ မတုန်း။ ချစ်ခြင်းမုန်းခြင်း ဆိုတာ လူတိုင်း မှာ ရှိသော်ငြား တိုတောင်းလှတဲ့ လူ့ဘဝမှာ လူမသမာ အဖြစ်နဲ့ နိဂုံး မချုပ်သင့် ဘူးပေါ့။ ကိုရင်ဟာ လူမသမာတွေရဲ့ သူခိုးသေဖော် ညှိတာကို ခံနေရသလား ဆိုတာ ကိုယ်တိုင် ဆန်းစစ်စေချင်လှစမ်း ပါဘိ။
.
(၅)
ပုထုဇနော ဥမ္မတကော ဆိုတဲ့ ဗုဒ္ဓတရားတော်အတိုင်း လူတွေဟာ အားလုံး အရူးပဲတဲ့ ကိုရင်ရေ။
.
ဗိုလ်ချုပ်အောင်ဆန်းကိုကြည့်ပါ ကိုရင်။ သူ့ခေတ် သူ့အခါက မြို့အုပ်မြို့ပိုင် ရာထူးတွေ မမက်မော ပဲ ဗမာပြည်လွတ်လပ်ရေးအတွက် ရူးသွပ်ခဲ့သူပေါ့ ။ ဒေါ်အောင်ဆန်းစုကြည်လည်း ဘာထူး တုန်း၊ လင်သားနဲ့သေကွဲ အကွဲခံ၊ သားတွေကို ပစ်ပြီး ဗမာပြည်၊ ဗမာလူမျိုး လူစဉ်မီရေးမှာ အရူးထနေတာပဲ။ ဒီလို ပုဂ္ဂိုလ်မျိုးတွေ ကျုပ်တို့ တိုင်းပြည်အတွက် မလိုဘူးလားမောင်ရယ်။ ဗမာပြည်မှာ၊ အာဏာရူးတွေ ကတော့၊ လိုတဲ့ဦးရေထက် ပိုနေပါပြီ ကိုရင်။ အော်၊ကိုရင်က ကျုပ် ဘက်လိုက်တယ် ထင်နေပြန်ပါပြီ။
.
ဒါဆိုရင်လည်း ပိုပြီးသေချာတဲ့ အဖြေထွက်သွားအောင် နိုင်ငံ့ခေါင်းဆောင်တွေ ရဲ့ ဥစ္စာ ဓနကြွယ်ဝမှု အတိအကျကို စာရင်းကောက်မယ်လို့ ကိုရင် လေသံပစ် ကြည့်ပါလား။ တိုင်းပြည်ကို ချစ်လှပါချည့်ရဲ့ ဆိုတဲ့ လူကြီးလူကောင်း အမည်ခံတွေ စကားမေး မရတော့ပဲ၊ ပါးစပ်ပိတ် ကုန်ကြပါလိမ့်မယ်ဗျာ။ ကိုရင့်ကို နားရင်း ထမရိုက်ကြရင်တောင် ကံကောင်း။
.
(၂၀၁၅) မှာဗမာပြည်ရဲ့ရွေးကောက်ပွဲ ရှိသတဲ့ မောင်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် ဖို့တော့ ကျုပ် ဆုမတောင်းပါဘူး။ အာဏာရူးတွေ၊ စားဖားတွေ ဖက်ကနေ ကိုရင့်လို ဘုမသိ၊ ဘမသိ ရပ်တည်ကြမဲ့ လူမိုက်တွေ မများပါစေနဲ့ လို့သာ ကျုပ် ဆုတောင်းလိုက်ပါတယ်။ အခုလို ချိုချိုသာသာ စကားတွေပြောနေလို့ ကျုပ်ကိုလည်း လူသူတော်ကောင်းကြီးလို့ မမှတ်လိုက် နဲ့ဦးနော်။ ဘက်တူရင် လူမရွေးပဲ၊ ထစ်ကနဲရှိ လက်ပါချင်တဲ့ ငယ်စိတ်နဲ့ဆို ကိုရင်တို့လို လူမျိုးနဲ့ နောင်ဂျိန်ပလေးတာ ကြာလှပေါ့။
.
သို့ပေမဲ့ ခံစားချက်ဆိုတာ အမှန်တရားနဲ့ ဝေးတတ်တယ်မောင်။
.
အသက်အရွယ် အတွေ့အကြုံတွေ ကြီးရင့်လာသလို ဆင်ခြင်တွေးခေါ်မှုတွေ လည်း တည်ငြိမ် ရင့်ကျက်သင့်တာပေါ့။ ခေတ်တွေ စနစ်တွေကပြောင်းနေပြီ မဟုတ်လား။ ကျုပ်ကိုယ်တိုင် လည်း ပြင်သင့်တာ ပြင်ရပေမပေါ့။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုပ်ရပ်နဲ့ ကိုယ်ကျင့်တရား အပေါ် ကျုပ်မကြိုက် မနှစ်သက်တဲ့ အချိန်ကာလတွေ ရှိလာနိုင်ပါတယ်။ သူ့ကိုယ်ကျိုး အတွက် အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး တိုင်းပြည်ကိုရောင်းစားဖို့၊ လုပ်လာတဲ့ တစ်နေ့ ကိုရင်နဲ့ ကျုပ် အဆဲမပါဘဲ မဟာမိတ် ပြုကြပါစို့။
.
ကဲ၊ ဒီမှာတင် စကားရပ် ကြစို့ရဲ့။
.
ကျုပ်ကတော့ ဗမာပီပီ ဆုတောင်းပေး လိုက်ချင်ပါရဲ့။ မောင်ကြီးသား “အာဂ ယောက်ျား တကဲ့လူ” ဘုန်းကြီးပါစေ သက်ရှည်ပါစေ၊ အနာမျိုး ၉၆ပါး ကင်းပါစေ။ သူယုတ်မာတွေနဲ့ လွဲလို့ သူတော်ကောင်း နဲ့ ပေါင်းဖက်နိုင်ပါစေ ။ အမှား အမှန်ဝေဖန်သိလို့ ဥာဏ်ရှိသလောက် ကြံတိုင်း မြောက်လို့ နိဗ္ဗာန်ပေါက်အောင် ခရီးဆက်နိုင်ပါစေဗျား ။
.
မင်းဒင်
.
https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/328973800610929/?type=1&relevant_count=1
.
Credit : The Ladies News Journal

No comments:

Post a Comment