Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 27, 2014

IS အဖွဲ့ကို အမေရိကန်၏ ခေတ်အမီဆုံး တိုက်လေယာဉ် F-22 များ ပထမဆုံးအကြိမ် လက်တွေ့တိုက်ခိုက်


Photo - Absolute News
ယခုသီတင်းပတ်အတွင်း ဆီးရီးယား၌ လေကြောင်း စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ခြင်းဖြင့် အမေရိကန်၏ ခေတ်အမီ၊ အဆန်းသစ်ဆုံး တိုက်လေယာဉ်ဖြစ်သည့် F-22 Raptor များသည် တိုက်ခိုက်ရေး ကဏ္ဍတွင် ပထမဆုံးအကြိမ်အဖြစ် လက်တွေ့ စမ်းသပ်နိုင်ခဲ့သည်။
Boeing နှင့် Lockheed Martin တို့ကဲ့သို့ ကမ္ဘာ့အကျော်ကြားဆုံး လေယာဉ်နည်းပညာ ကုမ္ပဏီကြီးများနှင့် အမေရိကန် လေတပ်တို့ ပူးပေါင်းထုတ်လုပ်သည့် F-22 များသည် (၂၀၀၅)ခုနှစ် ကတည်းက အမေရိကန် စစ်တပ်တွင် တာဝန် ထမ်းဆောင်နေသော်လည်း လက်တွေ့ တိုက်ပွဲများတွင် ပါဝင်ခဲ့ခြင်း မရှိချေ။ အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင်လည်း F-22 များကို အမေရိကန်က အသုံးမပြုဘဲ ပြည်တွင်း၌သာ လေ့ကျင့်ပျံသန်းနေစေခဲ့သည်။
F-22 သည် ကမ္ဘာ့ ခေတ်အမီ၊ အဆန်းသစ်ဆုံး တိုက်လေယာဉ်အဖြစ် ညွှန်းဆိုခံရလေ့ရှိပြီး အမေရိကန် လေတပ်တစ်ခုတည်းသာ အသုံးပြုလျက် ရှိသည်။ အဆိုပါ လေယာဉ်ကို အမေရိကန်၏ အရင်းနှီးဆုံး မဟာမိတ် နိုင်ငံများထံသို့ပင် ရောင်းချခြင်း မပြုဘဲ ကန့်သတ်ထားသည့် မဟာဗျူဟာ စစ်လက်နက်တစ်ခုလည်း ဖြစ်သည်။
ယခုအခါ F-22 များသည် ပထမဆုံးအကြိမ်အဖြစ် လက်တွေ့ တိုက်ခိုက်ရေး နယ်ပယ်တွင် ပါဝင်လာပြီး ဆီးရီးယားနှင့် အီရတ်နယ်စပ်ရှိ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့၏ အခြေစိုက် စခန်းများကို ထိုးစစ်ဆင်ခဲ့သည်။ F-22 များကို ဆီးရီးယား စစ်ဆင်ရေးတွင် ယခုသီတင်းပတ်မှ စတင်ကာ ထည့်သွင်း အသုံးပြုနေကြောင်း အမေရိကန်ရှိ ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြု ကြေညာခဲ့သည်။
ခေတ်အမီဆုံး ပဉ္စမမျိုးဆက် (ရေဒါရှောင်ကွင်းနိုင်သည့်) ကိုယ်ပျောက် တိုက်လေယာဉ် F-22 နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် အချက်(၅)ချက်ကို ဖော်ပြအပ်ပါသည်။
၁။ F-22 များ၏ ပထမဆုံးအကြိမ် လက်တွေ့ တိုက်ခိုက်ရေး ဆောင်ရွက်မှုသည် ဆီးရီးယားနိုင်ငံ၊ ရက်ကာမြို့ရှိ IS အဖွဲ့၏ အုပ်ချုပ်ရေး အဆောက်အအုံကို ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ ပင်တဂွန်မှ ဗိုလ်ချုပ် ဝီလျံမေဗီလီက F-22 လေယာဉ်များက ပစ်မှတ်ရှာ ဗုံးကြဲနေသည့် မှတ်တမ်း ဓာတ်ပုံများကို Slide များဖြင့် ရှင်းပြခဲ့ပြီး F-22 များ၏ ပထမဆုံး စစ်ဆင်ရေးသည် အောင်မြင်မှု အပြည့်အဝ ရရှိခဲ့သလို ပစ်မှတ်ကို အပြီးသတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
၂။ F-22 များကို Lockheed Martin က အဓိက တာဝန်ယူ ဖန်တီးတည်ဆောက်သည်။ Boeing ကဲ့သို့ ကုမ္ပဏီကြီးများကလည်း F-22 များ တည်ဆောက်ရေး ကဏ္ဍတွင် ပါဝင်ပံ့ပိုးသည်။ (၂၁)ရာစု၏ ခေတ်အမီဆုံး တိုက်လေယာဉ်များသည် အမေရိကန်၏ သက်တမ်းလွန် F-15 တိုက်လေယာဉ် မော်ဒယ်လ်အမျိုးမျိုး၏ နေရာတွင် ရေရှည် အစားထိုးသွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ F-22 သည် ရေဒါဖြင့် ဖမ်းယူနိုင်ခြင်း မရှိအောင် အဓိကထား ပုံစံထုတ် တည်ဆောက်ထားပြီး ၎င်း၏ အင်ဂျင်နှစ်လုံးက မီးခိုးတန်း ထွက်ပေါ်ခြင်း မရှိဘဲ အသံလွန် မြန်နှုန်းမျိုး မောင်းနှင်ပျံသန်းနိုင်အောင် ကူညီပေးသည်။ F-22 များ တည်ဆောက်မှုကို (၁၉၉၉)ခုနှစ်တွင် အစပြုခဲ့ပြီး လေတပ်သို့ (၂၀၀၂)ခုနှစ်တွင် စတင်ပေးပို့သည်။ လေတပ်တွင် (၂၀၀၅)ခုနှစ် နှောင်းပိုင်း၌ စတင်မိတ်ဆက် အသုံးပြုခဲ့ပြီး နောက်ဆုံး တည်ဆောက်ထားသည့် F-22 ကို (၂၀၁၂)ခုနှစ်တွင် လေတပ်ထံ လွှဲအပ်ပေးထားသည်။
၃။ F-22 တိုက်လေယာဉ်တစ်စီး၏ တန်ဖိုးမှာ အလွန်ကြီးမြင့်ပြီး ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ သန်း(၁၉၀)မျှ ကျသင့်သည်။ အမေရိကန်တွင် စမ်းသပ်မှု စံနှုန်းဖြင့် ထုတ်လုပ်ထားသည့် (၈)စီး အပါအဝင် F-22 တိုက်လေယာဉ် အစီးရေ (၁၉၀)ကျော် ပိုင်ဆိုင်ထားသည်။ F-22 များ၏ အဓိက အားသာချက်မှာ တိုက်လေယာဉ်များ၏ လှုပ်ရှားရွေ့လျားမှုနှင့် ပတ်သက်သည့် ရူပဗေဒ ပညာရပ်ဆိုင်ရာ ကန့်သတ်ချက် အများအပြားကို လျှော့ချနိုင်ခဲ့ပြီး လေယာဉ်မှူးများ၏ ကျွမ်းကျင်မှုကို အခြေခံကာ လွတ်လပ်စွာ ပျံသန်းရင်း စစ်ကစားနိုင်ခြင်း ဖြစ်သည်။ F-22 များကို ဝေဟင်တိုက်ပွဲများတွင် အသာစီးရစေရန် အဓိကရည်ရွယ် တည်ဆောက်ခဲ့သော်လည်း ဘက်စုံ အသုံးချနိုင်သည့် စံနှုန်းမျိုး ရှိနေသည်။
၎။ F-22 များ တည်ဆောက်သည့် Raptor Program သည် ကနဦးအဆင့်တွင် ငွေကြေးအကုန်အကျ ကဏ္ဍကြောင့် ဝေဖန်မှုများစွာ ကြုံခဲ့ရသည်။ (၁၉၉၇)ခုနှစ်က လေယာဉ်၏ ဒီဇိုင်းနှင့် တည်ဆောက်မှု စီမံကိန်းကို ကြေညာစဉ်က ဈေးနှုန်း ကြီးမြင့်လွန်းခြင်းအပေါ် ထောက်ပြ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုစဉ်က အမေရိကန် လေတပ်သည် F-22 (၄၃၈)စီးထိ မှာယူရန် ရည်ရွယ်ခဲ့ရာ တည်ဆောက်မှု စရိတ်သက်သက် ဒေါ်လာ (၄၅)ဘီလီယံမျှ ကုန်ကျမည့်သဘော ဖြစ်လာသည်။ နောက်ပိုင်းတွင် မှာယူမည့် အရေအတွက်ကို ပြန်လည်သုံးသပ် လျှော့ချခဲ့ပြီး (၂၀၁၀)ပြည့်နှစ်က အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က F-22 များ၏ တန်ဖိုးသည် ကြီးမြင့်လွန်းကြောင်း ဝန်ခံခဲ့သည်။
၅။ F-22 များနှင့် ပတ်သက်၍ လုံခြုံရေးဆိုင်ရာ မေးခွန်းထုတ်စရာအချို့ (၂၀၁၁)ခုနှစ်က ထွက်ပေါ်ခဲ့ဖူးသည်။ ထိုစဉ်က လေယာဉ်မှူးများက လေယာဉ်ကို မောင်းနှင်ပျံသန်းစဉ် ခေါင်းမူးခြင်းနှင့် အောက်စီဂျင် ပြတ်လပ်ခြင်းများ ကြုံတွေ့ခဲ့ကြောင်း ပြောဆိုခဲ့သည့်နောက် လေယာဉ်များကို (၄)လကြာ ပျံသန်းမှု ရပ်ဆိုင်းပြီး ပြန်လည် စစ်ဆေးခဲ့သည်။ ထို့နောက်တွင် လေယာဉ်မှူးများထံ အောက်စီဂျင် ထောက်ပံ့သည့် ပိုက်လိုင်းမှ အဆို့တစ်ခုတွင် ဒီဇိုင်းပိုင်း မှားယွင်းမှု ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိသည့်နောက် ယင်းအားနည်းချက်ကို ပြင်ဆင်နိုင်ခဲ့ပြီး လေယာဉ်များကိုလည်း တစ်သုတ်ချင်းစီ ပြန်လည် ပျံသန်းရန် ခွင့်ပြုပေးခဲ့သည်။
_Ref: PBS
http://7daydaily.com/story/21474#.VCcLT2PczNk

No comments:

Post a Comment