Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 19, 2014

အကျဉ်းသားတွေကို ဖိနှိပ်ရာမှာ ကင်ပေတိုင်က အဘခေါ်ရတဲ့ ထောင်ပိုင်ကြီး ဘယ်ရောက်နေသလဲ

ဇော်သက်ထွေး

ကျွန်တော့်ဘ၀တစ်လျှောက် ထောင်ထဲမှာ ၁၁နှစ် နေထိုင်ခဲ့ပြီး ထောင်(၃)ထောင်
မှာ နေထိုင် ခဲ့ရပေမယ့် အရမ်းဆိုးဝါးတဲ့ ထောင်ပိုင်နဲ့တော့ မကြုံခဲ့ရပါဘူး။ ဒါပေမဲ့
ကျွန်တော့် သူငယ်ချင်းတွေ တစ်သက်လုံး မမေ့နိုင်အောင် အကျဉ်းသားတွေ အပေါ်
မှာ ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ ထောင်ပိုင်ကြီး တစ်ဦးကတော့ မြန်မာနိုင်ငံရဲ့
သမိုင်းမှာ အမှန်တကယ် ရှိနေခဲ့ပါတယ်။

အဲဒီထောင်ပိုင်ကြီးက “ရဲဘက်အကျဉ်းသား တစ်ယောက်ရဲ့ တန်ဖိုးဟာ လျှောက်လွှာ
စက္ကူ နှစ်ရွက်စာပဲရှိတယ်”လို့ မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိပါတယ်။ သူ
တာဝန်ယူတဲ့ ထောင်တိုင်းမှာ သူ့ရဲ့ကြွေးကြော်သံက “ထောင်ထဲမှာ ၀ဖြိုးသော
အကျဉ်းသား မရှိစေရ”လို့ ဆိုပါတယ်။ ဒီထောင်ပိုင်ဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နိုင်ငံတော် အာဏာကို ယူပြီးချိန်မှာ တပ်မတော်ကနေ ဗိုလ်ကြီးအဆင့်နဲ့ ရာထူး တစ်ဆင့်တိုးပြီး အကျဉ်းဦးစီးဌာနကို ပြောင်းရွှေ့လာပါ
တယ်။ သူ့ကို မြန်မာနဲ့အိန္ဒိယ နယ်စပ်ဒေသမှာ ရှိတဲ့ ကဘော်ချိုင့်ဝှမ်းက ရဲဘက် အကျဉ်းစခန်းကို အုပ်ချုပ်ဖို့ စတင် တာဝန်ပေးခဲ့ပါတယ်။ ဒီရဲဘက် စခန်းမှာ အကျဉ်းသားတွေကို လူမဆန်အောင် နှိပ်ကွပ်ခိုင်းစေခဲ့တဲ့ အတွက် ပြည်ထဲရေး
ဝန်ကြီးက သဘောကျပြီး ထောင်ပိုင်ကြီး အဆင့် ရာထူးကို တိုးပေးပြီး သရက်
ထောင်ကို အပိုင်စားစေခဲ့ပါတယ်။

သရက်ထောင်ကနေ မြင်းခြံ ထောင်ပိုင်ဖြစ်၊ မြင်းခြံထောင်ပိုင် ကနေ တောင်ကြီး
တောင်လေးလုံး ထောင်ပိုင်ဖြစ်တော့ သူ့ရဲ့လက်စွမ်းကတော့ ဂျပန်ခေတ် ကင်ပေတိုင်
တွေကတောင် အဘခေါ်ရ လောက်ပါတယ်။ တောင်လေးလုံး ထောင်မှာ အကျဉ်းသား အားလုံးကို တန်းစီစေပြီး လူတစ်ယောက် စောင်တစ်ထည်၊ ပုံစံနှစ်စုံ၊ သောက်ရေခွက်
တစ်လုံး၊ ပန်းကန် တစ်ချပ်နဲ့ ရေချိုးခွက် တစ်ခုက လွဲပြီး ကျန်တဲ့ပစ္စည်း အားလုံးကို သိမ်းစေခဲ့ပါတယ်။ အကျဉ်းသားအားလုံး အတွင်းခံ မ၀တ်ရဘူးလို့လည်း အမိန့်ထုတ်
ပြီး အားကစား လုပ်တဲ့ ဖိနပ်တွေ၊ ဘောင်းဘီတွေက အစ မရှိစေရပါဘူး။

ထောင်ထဲမှာ ထောင်ကျအကျဉ်းသား အားလုံးကို လမ်းခင်းဖို့ အတွက် ကျောက်ထု
ခိုင်းပြီး ကျောက်ထုတဲ့ လက်နက်ကိရိယာတွေ မပြည့်စုံတဲ့အတွက် ကျောက်ခဲ
ကျောက်ခဲခြင်းထုပြီး လူတစ်ယောက် မဆလာသယ်တဲ့ ဒယ်နဲ့ တစ်နေ့ ၃ဒယ် ထုတ်
လုပ်ပေးခဲ့ရပါတယ်။ ကျောက်ခဲထုရင်း လက်ကြေသွားတဲ့သူတွေ၊ မျက်လုံးထဲ
ကျောက်ခဲစ ၀င်တဲ့သူတွေ ရှိခဲ့ပေမယ့် ထောင်ပိုင် စိတ်ဆိုးမှာ စိုးလို့ ဇာမချဲ့ရဲခဲ့ပါဘူး။
ခွဲစရာမရှိတဲ့ အချိန်တွေမှာ စပါးလှေ့တာနဲ့၊ ပြောင်းဖူးချွေတဲ့ အလုပ်တွေကို မနက်
၆နာရီကနေ ညနေ ၅ နာရီအထိ ခိုင်းစေခဲ့ပါတယ်။

ထမင်းစားတဲ့ အချိန်မှာ မီးဖိုကြီးက ဖိုခေါင်းလို့ခေါ်တဲ့ နာမည်ကြီး မူးယစ်ဆေးဘုရင်
အာစီဒိုင်း ဦးဆောင်တဲ့ အကျဉ်းသားတွေ လက်နဲ့ ဆုပ်ပေးတဲ့ ထမင်းကိုသာ ယူရပြီး
ဘေးကို ထမင်းတစ်စေ့ ဖိတ်ရင် ရာဘာတုတ်နဲ့ ဘေးကြယ်ကြီး ဦးလှမြင့်က တစ်ချက်
ရိုက်ပါတယ်။ ထမင်းက ဒီအတိုင်းစားလို့ မရဘဲ ထမင်းဇလုံထဲကို ရေလောင်းချ မွှေပြီး
မှ အပေါ်ယံ ထမင်းကို အသာကဲ့ ယူရပါတယ်။ ဒါမှ ဇလုံထဲမှာ ခဲနဲ့သဲတွေ ကျန်ရစ်ခဲ့မှာ
ဖြစ်ပါတယ်။ အစာရေစာ မ၀တဲ့အတွက် အကျဉ်းသားတွေဟာ ထောင်ထဲမှာရှိတဲ့
ရွက်လှပန်းပင်က အရွက်တွေကအစ အလွတ်မပေးဘဲ စားသောက်ခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ ငတ်တလှည့်၊ ပြတ်တလှည့် ဖြစ်နေတဲ့ အကျဉ်းသား အချင်းချင်း ညှိနှိုင်းပြီး ဆေးပင် စိုက်မယ်လို့ အကြောင်းပြကာ ဆေးမြင်းခွာတွေ စိုက်ပြီး စားခဲ့
ရပါတယ်။

-ထောင်ထဲမှာ တိုင်းရင်းဆေး ထုတ်လုပ်တဲ့ လုပ်ငန်းရှိပြီး လိုအပ်တဲ့ ပစ္စည်းတွေကို အကျဉ်းသားတွေက ကိုယ့်ငွေနဲ့ကိုယ် ၀ယ်ယူပြီး ဆေးဖော်ရပါတယ်။ ဒီဆေးပုလင်း
ေ-တွကိုတော့ ထောင်ပိုင်ကြီးက တောင်ကြီးမြို့ပေါ်မှာ ရောင်းချပါတယ်။အကျဉ်းသား
တွေရဲ့ ထောင်ဝင်စာမှာ မိသားစုတွေက ငွေအပ်သွားရင် ၂၅%ကို အကျဉ်းဦးစီးဌာန
က ၀န်ဆောင် စရိတ်အဖြစ် ဖြတ်ယူပါတယ်။ ထောင်ထဲမှာ အကျဉ်းသားတွေ အလုပ်
မရှိဘဲ ထိုင်နေရင် ကြည့်မရတဲ့အတွက် အဲဒီ့ထောင်ပိုင်ကြီးက စားဖိုဆောင် ဘေးမှာ
ပေ ၈၀၊ ပေ ၄၀ အမှိုက်ကျင်းကြီးကို တူးခိုင်းပါတယ်။ အဲဒီ့အချိန်က မြေကြီးတူးတဲ့
အထဲမှာ ဗိုလ်ချုပ်နေ၀င်း မြေးတွေရဲ့ ကိုယ်ရံတော်တပ်က ထောင်ကျနေတဲ့ သူတွေ
ရော၊ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေး တပ်က သူတွေရော မလွတ်ခဲ့ပါဘူး။ အဲဒီ့ကျင်းထဲက မြေကြီးတွေကို ထောင်ကျ ဆောင်ဘက် ပုံခိုင်းပြီး နောက်တစ်နေ့
မှာ အဲဒီ့ကျင်းကြီးကို နဂိုအတိုင်းဖြစ်ဖို့ မြေကြီးတွေ ပြန်သယ်ပြီး ဖို့ပေးရပါတယ်။

ထောင်ထဲက အကျဉ်းသားတွေ အကြောက်ဆုံးအရာကတော့ ချစ်စနိုး အမည်
ပေးထားတဲ့ “မဲလုံး”နဲ့ “ချစ်ကိုကို” ဖြစ်ပါတယ်။ မဲလုံးဆိုတာ သံဆူးကြိုးနဲ့ ငုံထား
တဲ့ မိလ္လာစဥ့်အိုးကြီးဖြစ်ပြီး လူနှစ်ယောက် ၀ါးပိုးဝါးနဲ့ ထမ်းပြီးသယ် ရပါတယ်။ ချစ်ကိုကိုဆိုတာကတော့ လူအားနဲ့ တွန်းပြီး လှိမ့်ရတဲ့ လမ်းကြိတ်စက်ဘီးကြီး
ကို ပြောတာ ဖြစ်ပါတယ်။

ထောင်ထဲမှာ လျှပ်စစ်လုပ်ငန်းနဲ့ တီဗီတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြင်တတ်တဲ့ လူတစ်ယောက် ထောင်ကျလာတော့ အဲဒီ့ထောင်ပိုင်ကြီးက သူ့အိမ်က တီဗီကို
ပြင်ခိုင်းပါတယ်။ တီဗီက ကောင်းမလာဘဲ လုံးဝပျက်သွားတော့ ပြင်တဲ့လူကို
စိတ်ဆိုးပြီး တိုက်ပိတ်လိုက်ပါတယ်။ အဲဒီအကျဉ်းသားက သူ့အိမ်ကို တီဗီအသစ်
တစ်လုံး လှမ်းမှာပြီး ပေးလိုက်မှ တိုက်ထဲက ထွက်ခွင့် ရခဲ့ပါတယ်။

နောက်တစ်ခုက ထောင်ထဲမှာ မကျန်းမာတဲ့သူတွေကို လုံးဝ ကြည့်မရပါဘူး။ သုံးစား
မရတဲ့ ရေပေါ်ဆီတွေလို့ ပြောပြီး နာတာရှည် လူနာတွေဆိုရင် ဆေးသိပ်ကု
မပေးတော့ဘဲ မြန်မြန်ဇာတ်သိမ်း စေခဲ့ပါတယ်။ မမေ့နိုင်တဲ့ အဖြစ်အပျက် တစ်ခု
ကတော့ နာတာရှည် ရောဂါဖြစ်နေတဲ့ တရုတ်ကြီး အောင်ကျော်မြင့်က တိုက်တိုက်
ဆိုင်ဆိုင် ICRC ၀င်တဲ့အချိန်မှာပဲ အသက်ကုန်သွားတယ်။ သူ့ကို အမှုပတ်မှာဆိုး
တော့ တိုက်(၂) နောက်ကျောကို ကားထိုးပြီး အသက် ပျောက်နေတဲ့ အောင်ကျော်
မြင့်ကို တင်ပြီး လူနာပုံသဏ္ဋာန် ဖန်တီးကာ ဂလူးကို့စ် ပုလင်းတွေချိတ်ပြီး
တောင်ကြီး ဆေးရုံကို အရေးပေါ် ဆေးကုသချင်ယောင် ဆောင်ခဲ့ပါတယ်။ ပြီးမှ လမ်းခုလတ်မှာပဲ အသက်ကုန်သွားတယ်လို့ သတင်းလွှင့် လိုက်ပါတယ်။

တောင်လေးလုံးထောင်ရဲ့ ပတ်ပတ်လည်မှာ ထောင်က ပိုင်ဆိုင်တဲ့ လယ်မြေဧက
၅၀၀ ရှိပါတယ်။ အဲဒီ့မြေမှာ ဆေးသကြား ပင်တွေကို အကြီးအကျယ် စိုက်ပျိုးတဲ့
စီမံကိန်းလုပ်တော့ ထောင်ထဲက ရဲဘက်တွေကို ထုတ်ခိုင်းခဲ့ပါတယ်။ တစ်နေ့ကို သူရည်မှန်းတဲ့ အလုပ်ပမာဏ မပြီးရင် စိတ်ဆိုးလေ့ရှိပြီး သူ့ရဲ့ဝန်ထမ်းတွေကို အကျဉ်းသားတွေနဲ့ ပတ်သက်ရင် “နှေးရင်ပစ်၊ မြန်ရင်ပစ်၊ ငုံ့ရင်ပစ်၊ မော့ရင်ပစ်၊
သောက်မြင် ကတ်ရင်ပစ်”လို့ အမိန့်ပေးထားပါတယ်။ ဒီစကားနဲ့ ပတ်သက်ပြီး
ပိုတယ်လို့ ယူဆရင် အဲဒီ့အချိန်က သူ့ရဲ့လက်အောက်မှာ အလုပ်လုပ် ခဲ့ရတဲ့
အကျဉ်းသား ရာပေါင်းများစွာကို ပြန်လည် မေးမြန်းနိုင်ပါတယ်။

သူ့ရဲ့ ထူးခြားချက်ကတော့ အကျဉ်းသားတွေကို မရိုက်ပါနဲ့ကွာလို့ ပြောလို့ ၀န်ထမ်း
က မရိုက်ရင် အဲဒီ့ဝန်ထမ်းကို ထောင်ပြောင်းပစ်တယ်။ မရိုက်ပါနဲ့ဆိုပြီးတားလို့
ဝန်ထမ်းက ရိုက်ရင် အဲဒီ့ဝန်ထမ်းကို တိတ်တိတ်ကြိတ်ပြီး မုန့်ဖိုးပေးတတ်တယ်။ သူ့လက်ထက်မှာ သူ့ရဲ့ လက်အောက်က အရာရှိ တစ်ယောက်ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးဖူးတယ်။

အကျဉ်းသား တစ်ယောက်ကို ကျွေးမွေးရမယ့် အသားတစ် ပုံစံကို ငါးပုံစံလောက်
ခွဲပြီး ကျွေးမွေးခဲ့တယ်။ အဲဒီ့ ထောင်ပိုင်ကြီးဟာ အခုတော့ ငြိမ်းချမ်းစွာ ပင်စင်ယူပြီး
တိုင်းပြည်ရဲ့ တစ်နေရာရာမှာ အေးရာအေးကြောင်း နေထိုင်နေလောက်ပြီ ဖြစ်
ပါတယ်။ ဒါပေမဲ့ ကင်ပေတိုင်ထက်ဆိုးတဲ့ သူ့ရဲ့ရက်စက်မှု အပေါင်းကိုတော့ ဗိုလ်ချုပ်နေ၀င်းရဲ့ သနက(၄) တပ်ရင်းက ရဲဘော်တွေရော၊ ထောက်လှမ်းရေး
ပြုတ်တွေရော၊ ရိုးရိုး အကျဉ်းသားတွေရော၊ နိုင်ငံရေး သမားတွေရော ဘယ်တော့မှ
မေ့နိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံရေးမှုနဲ့ကျတဲ့ ကျောင်းသားတချို့ကို နာမည်ခေါ်ရင်ဗျာ လို့မထူးခိုင်းဘဲ ရှင်လို့ ထူးခိုင်းတာလည်း သူပဲဖြစ်ပါတယ်။
အခု သူ ဘယ်ကို ရောက်နေသလဲ။

ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ် အမှတ်(၂၈)ပါ ဆောင်းပါး )

No comments:

Post a Comment