Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 2, 2014

` ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ကိုယ်ရေးအရာရှိကို ဘယ်သူသတ်တာလဲ ´´

လွန်ခဲ့သော ကိုးနှစ်ကျော်ကာလ၊ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၂၁ရက် ည ၁၁ နာရီ ဖြစ်သည်၊
ရှစ်မိုင် စစ်ရုံးသစ်ကြီး၏ အဆောင်( ၁ )အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကပ်ရက် အခန်းထဲမှ ဒိုင်းကနဲပေါ်ထွက်
လာတဲ့ သေနတ်သံကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ အဆောင် ( ၁ ) တစ်ခုလုံး
တွင် အလုပ်လုပ်နေသော အရာရှိစစ်သည်များ တုန်လှုပ်သွားသည်၊ အကြောင်းကလည်း
ရှိသည်၊ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံးကို ဖြိုခွင်းထားသည်မှာ မကြာသေး
သဖြင့် မကျေနပ်သူတစ်ဥိီးဦးက တပ်ချုပ်ကိုဖြစ်စေ ဒုတပ်ချုပ်ကိုဖြစ်စေ လုပ်ကြံလိုက်လေ
သလောဟု အချင်းချင်းတီတိုးပြောနေကြသည်။
သေနတ်သံကြားပြီးသည်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကို သူ့ကိုယ်ရေးအရာရှိ
ရုံးခန်းတွင် တွေ့လိုက်ကြရသည်၊ မြင်လိုက်ရသည်က ကိုယ်ရေးအရာရှိသည် အဆောင်
အယောင်သေနတ်ဖြစ်သော Colt ခြောက်လုံးပြူးသေနတ်ကို ပါးစပ်တွင်ငုံပြီး မောင်းခ
လုတ်ဆွဲကာ သူ့ကိုယ်သူသတ်သေသွားသည့် မြင်ကွင်းပင်ဖြစ်သည်၊ ဗိုလ်ချုပ်ကြီး
မောင်အေးသည် သူ့တပည့် အလောင်းအနီးကုလားထိုင်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်
ရင်း`` ဘာကြောင့် မင်းဒီလိုလုပ်လိုက်ရတာလဲ၊ဒီလိုလုပ်စရာလိုလို့လားကွာ၊ မင်းနဲ့ငါ
တွဲလာတာ ၁၇ နှစ် ရှိပါပြီ ´´ဆိုသည့် စကားများကို ရေရွတ်နေသည်ကို ရောက်လာသည့်
သူများ ကြားလိုက်ရသည်။
အဆောင် ( ၁ ) တွင်ပင် အခန်းချင်း မလှမ်းမကမ်းရှိသော တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသည် ကွမ်းစားရင်းတီဗီအကြည့်မပျက်သည်ကတော့ သွေးလေး
လွန်းသည်ခေါ်ရမည်လော၊ ထူးဆန်းသည်ဟု ခေါ်ရမည်လော မည်သူမှမသိနိုင်။
ဇာတ်လမ်းအစမှာ တပ်မတော်ထောက်လှမ်းရေးများကို ဖြိုခွင်းပြီးနောက် ယခုရန်ကုန်
ဟော်တယ်တည်ရှိရာ ရှစ်မိုင်ရှိ ထောက်လှမ်းရေးရုံးမှ လူကြီးများနှင့် ပတ်သတ်သည့်
ဖိုင်တွဲများကို ရှာဖွေပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပို့ရသည်၊ ဤကိစ္စသည် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေသည်၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်
အချို့ကို အာဏာအလွဲသုံးစားလုပ်ခြင်း၊ စီးပွားရေးသောင်းကျန်းခြင်းဟုဆိုကာ ဖမ်းဆီး
ထောင်ချခဲ့သည်အတွက် ကျန်သည့်သူများရော မည်မျှကင်းရှင်းနေလို့လဲဟုဆိုကာ သူ၏
တပည့်များကို အမှုတွဲများ ပြင်ဆင်ခိုင်းထားသောကြောင့်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ရောက်လာသော ဖိုင်တွဲများထဲမှ သူ့မိသားစုနှင့်ပတ်သတ်
သော ဖိုင်တွဲများမှာ မည်သူမှဖတ်ခွင့်မရလိုက်ပဲ အစဖျောက်လိုက်သော်လည်း
ကျန်သည့်တပ်မတော်လူကြီးများ၏ ဖိုင်တွဲများကိုမူ သူဖတ်ရှု့ပြီးသည်နှင့် သက်ဆိုင်ရာ
လူကြီးများထံ ပေးပို့ခိုင်းသည်၊ ဖိုင်တွဲတစ်ခုသည်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး
မောင်အေး လက်ဝယ်ရောက်လာသည်၊ ထိုဖိုင်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး
နှင့် ပတ်သတ်သည့်အတွင်းသတင်းများကို ဖော်ပြထားပြီး ထိုသတင်းများကို ကိုယ်ရေး
အရာရှိ၏ ဇနီးထံမှ ထောက်လှမ်းရေးက ရရှိကြောင်း ဖော်ပြထားသည်။
ထို့အပြင် ကိုယ်ရေးအရာရှိဖြစ်သူ ဒုဗိုလ်မှူးကြီးက ကုန်သွယ်ရေးမူဝါဒကောင်စီ၏ ဆုံးဖြတ်ချက်များကို အစည်းအဝေး ပြီးလျှင်ပြီးချင်း တရုတ်ကုန်သည်များထံ အကြောင်း
ကြားခြင်း၊ နှစ်ပတ်တစ်ခါ ပြောင်းလဲသွားသည့် မူဝါဒကို ကြိုတင်သိခွင့်ရှိသော တရုတ်
ကုန်သည်များက စီးပွားရေးအရ အကျိုးအမြတ်များစွာရရှိခြင်းမှသည် ထိုစဉ်က တရား
မဝင်လုပ်ငန်းဖြစ်သော ဒေါ်လာအရောင်းအဝယ်လုပ်ငန်းကြီးတစ်ခုလုံးကို သူ၏ကိုယ်ရေး
အရာရှိမှ ဦးဆောင်နေခြင်း၊တရားမဝင် ဒေါ်လာရောင်းဝယ်ရေးဈေးကွက်တွင် နေ့စဉ်
ပေါက်ဈေးသတ်မှတ်ပေးသူမှာ သူ၏ ကိုယ်ရေးအရာရှိဖြစ်နေကြောင်း ဖတ်လိုက်ရသည်။
ထိုအချိန်ရောက်မှ ဗိုလ်ချုပ်မှူးကြီးက သူ့အား ကုန်သွယ်ရေးမူဝါဒကောင်စီဥက္ကဌရာထူးက ဖယ်ရှားလိုက်သည့် အကြောင်းအရင်းကို ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတစ်ယောက် သိလိုက်ရသည်။
ဖိုင်တွဲကို ဖတ်ရှု့ပြီး အလွန်စိတ်ဆိုးသွားသောကြောင့် သူ၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒုဗိုလ်မှူးကြီးကိုခေါ်ကာ`` ရော့ ... ဒီဖိုင်က မင်းနဲ့ပတ်သတ်နေတယ်၊ မင်းဟာ
မင်းဖတ်ပြီး ဆုံးဖြတ် ´´ဟု ပြောလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး၏ တွက်ကိန်းမှာ ဒုတပ်ချုပ်က သူ့တပည့်ကို ကာကွယ်လျှင် တစ်ခါတည်း
ရောပြီး အနားပေးရန်ဖြစ်သည်၊ တပ်ချုပ်သည် ဗိုလ်ချုပ်ခင်ညွှန့် အကူအညီဖြင့် ဗိုလ်ချုပ်
မှူးကြီးစောမောင်ကို အာဏာသိမ်းခဲ့သလို သူ့ကိုတပ်ချုပ်ခန့်ရန် အမိန့်ပေးခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းကိုလည်း နေအိမ်အကျယ်ချုပ်ဘဝဖြင့် ဘဝဇာတ်သိမ်းစေခဲ့သည်၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် ထောက်လှမ်းရေးတစ်ဖွဲ့လုံကို ဖြိုခွဲလိုက်ချိန်တွင် သူ့အတွက်
ကြောက်စရာဟူ၍ တပ်မတော်ကို လက်ထဲတွင်ကိုင်ထားသော ဒုတပ်ချုပ်တစ်ယောက်
သာ ရှိတော့သည်၊ ထို့ကြောင့် ထောက်လှမ်းရေးနှင့် ရောပြီး ဒုတပ်ချုပ်ကိုပါရှင်းရန် အကွက်ချလိုက်ခြင်းဖြစ်သည်။
ဖိုင်ကို ဖတ်ပြီးသည်နှင့် ဒုဗိုလ်မှူးကြီး ခေါင်းငိုက်စိုက်ကျသွားသည်၊ ထိုစီးပွားရေး
လုပ်ငန်းအားလုံးကို သူနှင့် ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ ကိုယ်ရေးအရာရှိတို့အပြင်
ထောက်လှမ်းရေးမှ အခြားဗိုလ်မှူးတစ်ဦးတို့ သုံးယောက်ပေါင်းလုပ်ခြင်းဖြစ်သည်။
ထို့အပြင် ဆရာသမား၏ သတင်းများသည်လည်း မိမိဇနီးထံမှ ပေါက်ကြားခဲ့သည်၊ သို့သော် ထောက်လှမ်းရေးရီပို့တွင်မိမိတစ်ဦးတည်းကိုသာ ဖော်ပြထားသည်၊ ထောက်
လှမ်းရေးများကို ကျူပင်ကျူငုတ်မကျန် ခုတ်နေသော အချိန်တွင် ဤဖိုင်ကြောင့် မိမိ
ဆရာသမားပါ ထိခိုက်တော့မည်၊ မိမိဆရာသမားကိုလည်း တစ်လက်စတည်းရောရှင်း
ရန် ဗိုလ်ချုပ်မှူးကြီး ကြံစည်လိုက်ခြင်း ဖြစ်သည်ကို စစ်ရုံးတွင် အနေကြာပြီဖြစ်သော ဒုဗိုလ်မှူးကြီးက သဘောပေါက်လိုက်သည်၊ အဖြစ်မှန်ကလည်း သူတွေးသလိုပင်
ဖြစ်သည်။
ဤကိစ္စကိုအကြောင်းပြုပြီး မိမိဆရာသမားလည်းဖယ်ရှားခံရတော့မည်ကိုသိလိုက်သော သူ့အတွက်အဖြေက တစ်ခုတည်းသာရှိတော့သည်၊ ထို့ကြောင့် ညနေတွင် ဆရာသမား
ကို ခွင့်တောင်းပြီး အိမ်ပြန်သည်၊ သားသမီးများကို နောက်ဆုံးတွေ့ဆုံရန်သွားခြင်း
ဖြစ်သည်၊ အိမ်တွင် ဇနီးဖြစ်သူကို ညစာစားမည် ပြောပြီးမှ မစားတော့ပဲ ရုံးသို့ ပြန်လာ
ခဲ့သည်၊ သူ့ဘဝအတွက် ပြင်မရတော့မည့် ဆုံးဖြတ်ချက်ကို ချရသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပါ၊ ညဖက်ရုံးတွင်ထိုင်ရင်း သူ့ဆုံးဖြတ်ချက်ကို အပြန်ပြန်အလှန်လှန်စဉ်းစား
နေစဉ် ဗိုက်ကဆာလာသည်၊ ထို့ကြောင့် ရုံးခန်းထဲတွင်ရှိသော သူ့တပည့် တပ်ကြပ်ကြီး
ကို ခေါ်လိုက်သည်၊
`` ငါ့အတွက် ခေါက်ဆွဲပြုတ်လေး လုပ်ကွာ ´´
ဟုပြောရင်း သူ့လက်မှ တန်ဖိုးကြီးလက်ပတ်နာရီကို ချွတ်ကာ သူ့တပည့် လက်ထဲ
ပေးလိုက်ရင်း
`` ရော့ ... ဒါမင်းဖို့ ငါ့ရဲ့ လက်ဆောင် ´´
ဟုပြောလိုက်သည်၊ တပည့်ဖြစ်သူမှာ ယနေ့အတွက် ဆရာဖြစ်သူ ထူးခြားနေသည်ကို သတိပြုမိသော်လည်း သူ့ဆရာ၏ ဘဝဇာတ်သိမ်းခန်းရောက်နေသည်ကို မသိပဲ
ခေါက်ဆွဲပြုတ်ရန် အခန်းတွင်းဝင်သွားသည်၊ ထိုအချိန်တွင်ပင် သေနတ်သံကြောင့်
ပြေးထွက်လာချိန်တွင် သူ့ဆရာ၏ ဘဝဇာတ်သိမ်းခန်းကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်၊ စားပွဲပေါ်တွင်မူ တစ်ကြောင်းထဲရေးထားသည့် စာလေးတစ်စောင်ရှိပြီး
`` ဉာဏ်စိုး အားလုံသိပါတယ် ´´ ဟု ရေးထားသည်။
ညတွင်းချင်း အပြင်သို့ ထွက်ပေါ်လာသည့်သတင်းတစ်ခုကတော့ ဆရာတပည့်နှစ်
ယောက် စကားများပြီး အရက်မူးနေသည့် ဒုတပ်ချုပ်က သူ့တပည့်ကို ပစ်သတ်လိုက်
သည်ဟု ဖြစ်သည်၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များကို အရေးယူရန်ဖွဲ့စည်းပေးထား
သော ဗိုလ်ချုပ်ကြီးသူရရွှေမန်း ခေါင်းဆောင်သည့် ၁၂ ဦးကော်မတီ အစည်းအဝေးတွင်
မူ အဆိုပါ ကိုယ်ရေးအရာရှိသည် အိမ်ထောင်ရေးပြဿနာကြောင့် သူ့ကိုယ်သူ အဆုံး
စီရင်ခြင်းဟု ကြေငြာကာ လူတစ်ယောက်၏ ဘဝဇာတ်သိမ်းပိုင်းကို သွေးအေးစွာဖြင့် ပယ်ဖျက်လိုက်ကြသည်။
တပည့်ဖြစ်သူ အသက်နှင့် ရင်းသွားသဖြင့် ဒုတပ်ချုပ်ကြီးကို အနားယူရန် ကြံစည်ထား
သည့် အစီအမံလည်း ပျက်သွားခဲ့သလို နှစ်ဦးစလုံး တပ်မှအနားယူသည်အထိ ဆက်ဆံရေးအေးခဲသွားကြောင်း၊ ဒုတပ်ချုပ်အနေဖြင့် အရက်ကိုသာ နေ့ညအဖော်ပြုရင်း သူ၏တပ်မတော်အရာရှိဘဝနောက်ဆုံပိုင်းကို ဖြတ်သန်းသွားခဲ့ကြောင်းကို တပ်မတော်
အသိုင်းအဝိုင်းမှ အရာရှိကြီးများက မြင်တွေ့နေရသော်လည်း ဒုဗိုလ်မှူးကြီး၏ ဘဝ
ဇာတ်သိမ်းသွားရခြင်း ဖြစ်ရပ်မှန်ကိုတော့ အများစုက ယနေ့အထိ မသိရှိခဲ့ကြပါ။
ဤဖြစ်ရပ်ဖြစ်ပွားပြီး ထူးဆန်းသည့် အချက်နှစ်ချက်ကို တွေ့ သည်၊ ပထမအချက်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး၏ ရုံးအဖွဲ့ဝင် အခြားအဆင့်လေးဦး တပ်မှ နုတ်ထွက်စာတင်ပြီး ထွက်သွားခြင်းဖြစ်သည်၊ ဒုတိယအချက်မှာ မိမိကိုယ်ကို သေကြောင်းကြံခဲ့သောသူကို
တပ်တွင် ထုံးစံမရှိသော်လည်း စစ်အခမ်းအနားဖြင့် သဂြို င်္လ်ပေးခဲ့ခြင်းဖြစ်သည်၊
အလားတူ `` ဉာဏ်စိုး အားလုံးသိတယ် ´´ ဆိုသည့် စာကလည်း ယခုအချိန်ထိ
ပဟေဠိဖြစ်နေဆဲပင် ----///
( လက်စောင်းထက် )

No comments:

Post a Comment