Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 25, 2014

မီဒီယာလွတ်လပ်ခွင့် အပြည့်အဝရရေး လာမည့်လွှတ်တော်တွင် NLD အဆိုတင်မည်



သတင်းမီဒီယာသမားများ မီဒီယာလွတ်လပ်ခွင့် အပြည့်အဝ ရရှိစေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က လာမည့် ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်တွင် အဆိုတစ်ရပ် တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ ပါတီ သတင်းနှင့် ပြန်ကြားရေးဌာနမှ ဒါရိုက်တာ ကြည်ဖြူရှင်က ပြောကြားသည်။

ပြည်သူ့လွှတ်တော်တွင် တင်သွင်းဆွေးနွေးမည့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဥပဒေနှင့်အညီ ရရှိသုံးစွဲနိုင်ရေး အဆိုနှင့် ပတ်သက်ပြီး သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်တွင်းသတင်းဌာနများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတာပါ။ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကနေပြီး သတင်းမီဒီယာသမားတွေဘက်က အခက်အခဲတွေကို တွေ့ဆုံညှိနှိုင်းပြီးမှ အဆိုထဲမှာ ထည့်သွင်း ဆွေးနွေးမှာပါ” ဟု ၎င်းကဆိုသည်။

သတင်းမီဒီယာများ၏ အခက်အခဲများနှင့် သတင်းလွတ်လပ်ခွင့်ကို ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန်အတွက် အဆိုတစ်ရပ် တင်သွင်းမည် ဖြစ်ကြောင်း လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကလည်း ပြောကြားသည်။

“လွှတ်တော်ထဲမှာ မဆွေးနွေးခင် အဆိုက ဘယ်လိုပုံစံနဲ့ သွားမလဲ ဆိုတာကို ပြောပြလို့ မရပါဘူး။ ဒါပေမဲ့ သတင်းမီဒီယာအတွက် လိုအပ်နေတဲ့ အခွင့်အရေးတွေကို အဆိုတစ်ရပ် အနေနဲ့ ဆွေးနွေးမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ သတင်းမီဒီယာ ကိစ္စရပ်များကို အဆိုတစ်ရပ်အဖြစ် တင်သွင်းမည် ဖြစ်သော်လည်း မည်သည့် အကြောင်းအရာကို ဦးတည်ဆွေးနွေးမည်ကို မသိရှိကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် စာရေးဆရာ ဦးဖေမြင့်က ပြောကြားသည်။
“ကျွန်တော့်ကို ဖိတ်ထားတာ မှန်ပေမယ့် သူတို့ဘက်က ဆွေးနွေးတာကို ကြည့်ပြီးမှ ပြန်ဆွေးနွေးသွားဖို့ပဲ စီစဉ်ထားပါတယ်” ဟု ၎င်းကဆိုသည်။

မကွေးတိုင်း ပေါက်မြို့နယ်ရှိ ကာကွယ်ရေး ပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံ ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့သောကြောင့် ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် အပါအဝင် သတင်းထောက်လေးဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုပြီး ပခုက္ကူခရိုင် တရားရုံးတွင် ဇူလိုင်လ ဒုတိယပတ်အတွင်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။

သတင်းမီဒီယာများအပေါ် ဖမ်းဆီး အရေးယူမှုများနှင့် ပတ်သက်ပြီး အလေးထား စဉ်းစားသုံးသပ်ရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ဇူလိုင်လ တတိယပတ်အတွင်း စာပေးပို့ခဲ့သည်။

ယင်းအပြင် ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ (MDCF) မှ ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီကရေစီ အင်အားစုများကို ကြားဖြတ်အစိုးရအဖွဲ့ တင်မြှောက်မည့် သတင်းထုတ်ပြန်ချက်ကို ကိုးကား သတင်းရေးသားသောကြောင့် Bi မွန်းတည့်နေ ဂျာနယ်မှ သတင်းထောက်တစ်ဦးနှင့် အယ်ဒီတာအဖွဲ့ဝင်များ အပါအဝင် ငါးဦးကို တရားစွဲဆိုထားသည်။

the voice weekly

No comments:

Post a Comment