Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 30, 2014

Chevening ပညာသင်ဆု ရရှိခဲ့သူ မဟေမာန်ပြည့်နှင့် တွေ့ဆုံခြင်း


၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဗြိတိန်နိုင်ငံက ပေးအပ်သည့် Chevening ပညာသင်ဆု ရရှိခဲ့ပြီး ဗြိတိန်နိုင်ငံရှိ Nottingham တက္ကသိုလ်တွင် Teaching English To Speakers of other Languages ဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်မည့် မဟေမာန်ပြည့်နှင့် တွေ့ဆုံ၍ ပညာသင်ဆု လျှောက်ထားခြင်းဆိုင်ရာများ မေးမြန်းဖော်ပြလိုက်ပါသည်။
Voice : ဘယ်လိုကြောင့် ပညာသင်ဆုကို လျှောက်ဖြစ်ခဲ့တာလဲ သိချင်ပါတယ်။
HMP : အစ်မက ရန်ကုန်က မဟုတ်ဘူး။ မော်လမြိုင်က။ ကျောင်း (တက္ကသိုလ်) စတက်ကတည်းက ဗြိတိန်ရဲ့ အကောင်းဆုံး တက္ကသိုလ်တစ်ခုမှာ ကျောင်းသွားတက်ချင်တယ်။ ပညာတော်သင်ဆုနဲ့ပဲ ကျောင်းသွားတက်ချင်တဲ့ ရည်ရွယ်ချက် ရှိခဲ့တယ်။ ဘာလို့လဲဆိုရင် UK မှာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ကျောင်းသွားတက်မယ် ဆိုရင် အရမ်းကို ဈေးကြီးလွန်းတယ်။ ဒါ့ကြောင့် တစ်နေ့ကျရင် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ချင်တဲ့အတွက် Personal Goal လေးတစ်ခု ထားခဲ့တယ်။ အဲ့ဒီတုန်းကတော့ Chevening Scholarship ကို မသိသေးဘူး။ ပုံမှန်ကြိုးစားခဲ့တယ်။ ၂၀၁၀ မေမှာ MA ဘွဲ့ရတယ်။ ဇွန်မှာ Nelson English Language Centre မှာ အလုပ်ဝင်ခဲ့တယ်။ English Language Teacher for Adult ကျောင်းသားတွေကို စာသင်ခဲ့တယ်။ အလုပ်စလုပ်ကတည်းက ပညာတော်သင်ဆုနဲ့ ပတ်သက်ပြီး ဘယ်လိုအခွင့်အရေးတွေ ရှိမလဲ ရှာခဲ့တယ်။ ပထမဆုံး Chevening Scholarship ကို စသိတဲ့နှစ်မှာ လျှောက်လို့ မရသေးဘူး၊ ဘာလို့လဲဆိုတော့ Chevening ကို လျှောက်ဖို့ Criteria တွေ အများကြီး လိုတယ်။
Voice : Chevening ပညာသင်ဆုရဖို့ ဘယ်လို လိုအပ်ချက်တွေကို အဓိက လိုအပ်ပါသလဲ။
HMP : နံပါတ်တစ်က တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရရမယ်။ နံပါတ်နှစ်အချက်က လုပ်သက် ၂ နှစ်ရှိရမယ်။ IELTS အမှတ်ကောင်းရမယ်။ သတ်မှတ်ထားတာက ၆.၅ သတ်မှတ်ထားတယ် ဆိုပေမယ့် ကိုယ်တက်မယ့် တက္ကသိုလ်က တောင်းတဲ့ IELTS အမှတ် ရှိရမယ်။ Chevening မှာ သတ်မှတ်တဲ့ IELTS အမှတ်နဲ့ ကိုက်ညီရင် ကိုက်ညီမယ်။ ကိုယ်တက်မယ့် တက္ကသိုလ်ကို မူတည်ပြီး သူတောင်းမယ့် အမှတ်နဲ့ညီမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ UK မှာရှိတဲ့ ဘယ်တက္ကသိုလ်ကိုမဆို လျှောက်ထားလို့ ရတယ်။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ပေါ် မူတည်ပြီး IELTS အမှတ် ရထားရမှာပေါ့။ Chevening ကို လျှောက်တဲ့အခါမှာလည်း UK မှာ ကိုယ်တက်မယ့် တက္ကသိုလ်ကို လျှောက်ထားဆဲ သို့မဟုတ် ဝင်ခွင့်ရပြီးသား ဖြစ်ရမယ်။ ဘာလို့လဲဆိုရင် Chevening လျှောက်လွှာမှာတင်ပဲ ကိုယ်ရွေးတဲ့ တက္ကသိုလ်ကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး ထည့်ပေးရတယ်။ ကိုယ်က ဘယ်တက္ကသိုလ်ကို လျှောက်မှာလဲ၊ ဘယ်ဘာသာရပ်ကို လျှောက်မှာလဲ ရွေးချယ်ပြီးသား ဖြစ်ရမယ်။ Chevening ဖောင်ဖြည့်နေတဲ့ အချိန်မှာ တက္ကသိုလ်ကို မရွေးရသေးဘူး၊ တက္ကသိုလ် တစ်ခုလောက်ပဲ ထည့်ရင်လည်း အပယ်ခံရမှာ ဖြစ်တယ်။ Chevening ပညာသင်ဆု လျှောက်တဲ့အခါ Volunteer Experience ကိုလည်း ကြည့်သေးတယ်။ Future Leader တွေအတွက် ဒီပညာသင်ဆုကို ရွေးတဲ့အတွက် ကိုယ်လည်း ထူးချွန်မယ်။ ကိုယ့်စွမ်းအားနဲ့ ကိုယ့်အသိုင်းအဝိုင်း ကိုယ့်ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ့်သူကို ပိုဦးစားပေးတယ်။ ဒါ့ပြင် ပညာသင်ဆု လျှောက်တဲ့အခါ ထောက်ခံပေးမယ့် လူနှစ်ဦး လိုအပ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး ထောက်ခံပေးမယ့်သူရယ်၊ ပညာရေးနဲ့ ပတ်သက်ပြီး ထောက်ခံပေးမယ့် သူရယ်။ သူတို့ မှတ်ချက်လည်း လိုအပ်တဲ့အတွက် သူတို့ကလည်း အရေးကြီးတယ်။ ကိုယ့်အကြောင်း ကောင်းကောင်းသိတဲ့သူကို သေချာရှာပြီး ထောက်ခံချက် ပေးခိုင်းဖို့ လိုအပ်တယ်။
Voice : ပညာသင်ဆု လျှောက်တဲ့အခါ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို တက်ရဖို့ လျှောက်လွှာဖြည့်တဲ့အခါ ဘယ်လိုဖြည့်သင့်ပါသလဲ။
HMP : တချို့က ပညာသင်ဆု လျှောက်တယ်။ တက္ကသိုလ်တစ်ခုပဲ လျှောက်တယ်။ တက္ကသိုလ်နှစ်ခုပဲ ဖြည့်တယ်။ ဒါမှမဟုတ် ပြီးရင်ပြီးသလို အဆင်ပြေသလို တက္ကသိုလ်သုံးခုကို ဖြည့်လိုက်တယ် ဆိုတာမျိုးလည်း မဖြည့်သင့်ဘူး။ Chevening ပညာသင်ဆု မလျှောက်ခင်ထဲက တက္ကသိုလ် သုံးခုလုံးကို လျှောက်ထားရမယ်။ ပညာသင်ဆုရခဲ့ရင် ပထမဆုံး ဦးစားပေး ရေးထားတဲ့ တက္ကသိုလ်ကို တက်ရမယ်။ ဒါ့ကြောင့် လျှောက်လွှာမှာ Random သာ ဖြည့်ထားလိုက်ရင် ကိုယ်ဘယ်လိုပဲ ကျောင်းသုံးခုလုံး ရထားပါစေ ပထမ ဦးစားပေး ရွေးချယ်ထားတဲ့ ကျောင်းကိုပဲ တက်ရမှာ ဖြစ်တဲ့အတွက် ကိုယ်တက်ချင်တဲ့ ကျောင်းကို First Priority ထားဖို့ လိုအပ်တယ်။
Voice : တက္ကသိုလ် လျှောက်ထားတာမှာ လွဲချော်တာကရော ပညာသင်ဆုကို တစ်ခုခု သွားသက်ရောက်နိုင်ပါသလား။
HMP : ကျောင်းတက်တာက ကိုယ့်ဘာသာ အွန်လိုင်းကနေ လျှောက်ရတာ။ ကိုယ်တက်ချင်တဲ့ ဘာသာရပ်၊ ကျောင်းအဆင့်၊ ကျောင်းသားရေးရာ ဝန်ဆောင်မှုနဲ့ ကိုယ်နဲ့ အဆင်ပြေမပြေ ကြည့်ရတယ်။ တက္ကသိုလ်ကလည်း ပညာသင်ဆု လျှောက်သလိုပဲ Essay တွေ ရေးခိုင်းတယ်။ Essay ရေးရင် ဂရုစိုက်ဖို့ လိုတယ်။ သေချာရေးရင် ဝင်ခွင့်ရနိုင်တယ်။ မြန်မာမှာရတဲ့ ဘွဲ့နဲ့ ကိုယ်ဆက်တက်မယ့် ဘာသာရပ် ဆက်စပ်နေပြီး ကိုယ်ဆက်လုပ်မယ့် အနာဂတ် ရည်မှန်းချက်နဲ့ ကိုက်ညီနေရင် ပိုရနိုင်တယ်။ ကျောင်းလျှောက်တဲ့ Application Process က တစ်လလောက် ကြာတယ်။ ဒီတက္ကသိုလ်တွေ လျှောက်ထားရင် တခြားပညာသင်ဆု လျှောက်တဲ့သူတွေနဲ့ ယှဉ်ရင် ကိုယ့်ဘက်က ဘယ်လောက်ကြိုးစားထားတယ် ဆိုတာ ပြသလိုပဲလေ။
Voice : ပညာသင်ဆု လျှောက်တဲ့အခါ ဘယ်လိုအချက်ကြောင့် လွဲချော်မှု ဖြစ်နိုင်သေးလဲ။
HMP : မြန်မာနိုင်ငံက အင်တာနက် မကောင်းတာကလည်း တစ်ကြောင်း၊ တစ်ကမ္ဘာလုံးက ကျောင်းသားတွေ ဒီပညာသင်ဆုကို လျှောက်ကြတဲ့အတွက် ပညာသင်ဆုရဲ့ System Error ပြတာနဲ့ဆိုရင် ပညာသင်ဆု လျှောက်ဖို့ လွတ်သွားနိုင်ပါသေးတယ်။ လျှောက်လွှာကို စောပြီး တင်စေချင်တယ်။
Voice : Chevening လျှောက်တာ မရဘဲ တက္ကသိုလ်က ဝင်ခွင့်ရနေတယ် ဆိုရင်ရော ဘယ်လိုလုပ်သင့်ပါသလဲ။
HMP : အစ်မအနေနဲ့ Chevening လျှောက်တာ နှစ်ခါမြောက်ပါ။ ပထမ တစ်ခေါက်မှာ မရဘူး။ ဒုတိယ တစ်ခေါက်မှ ရတာ။ ပထမတုန်းက Chevening ရော၊ တက္ကသိုလ်ရော တစ်ပြိုင်တည်း လျှောက်တာ။ Chevening က မရဘူး၊ တက္ကသိုလ်က ရခဲ့တယ်။ တက္ကသိုလ်ကို Request လုပ်ပြီး တစ်နှစ်ရွှေ့လိုက်တယ်။ Chevening လျှောက်လို့ မရတဲ့သူတွေလည်း စိတ်ဓာတ်မကျဘဲ နောက်ထပ် ကြိုးစားလို့ ရသေးတယ်။ ကိုယ့်ဘက်က သေချာအောင် ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ ကိုယ့်ဘက်က ပြင်ဆင်ထားပေမယ့် အရွေးမခံရရင်လည်း ရည်မှန်းချက် ရှိမယ်ဆိုရင် မစွန့်လွှတ်သင့်ဘူး။ ထပ်ကြိုးစားသင့်ပါတယ်။
Voice : ကျောင်းသွားတက်ပြီး ပြန်လာရင်ရော ဘယ်လိုပြန်အကျိုးပြုမယ် တွေးထားပါသလဲ။
HMP : ပညာရေးနဲ့ ပတ်သက်ပြီး ကျောင်းတက်မှာ ဆိုတော့ ပြန်လာရင် ပညာရေး နယ်ပယ်ထဲမှာပဲ သက်ဆိုင်တာ တစ်ခုခု ပြန်လုပ်မယ်။ အခုလက်ရှိမှာ အစ်မက ဆရာမ လုပ်နေတဲ့အတွက် ဆရာမပဲ ဆက်လုပ်ချင်တယ်။ ပညာရေးတဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ချင်တယ်။ လုပ်ချင်တာက Mobile Education။ တစ်ခုလုပ်ချင်တယ်ဆိုရင် သင်တန်း တော်တော်များများက ရန်ကုန်မှာပဲ ရှိတာ။ နယ်မှာ တော်တဲ့လူတွေ အများကြီးရှိတယ်။ အကြောင်းကြောင်းကြောင့် ရန်ကုန် မလာနိုင်ဘူး။ သူတို့မှာရှိတဲ့ အရည်အချင်း ထုတ်ဖော်ဖို့ အခွင့်အရေး မရှိဘူး။ အဲ့လိုလူတွေအတွက် Mobile Education လုပ်ချင်တာ။ Teacher Centre မဟုတ်ဘဲ Student Centre ပေါ့။ နယ်တစ်ခု သွားမယ်။ စိတ်ပါဝင်စားတဲ့သူတွေ အဓိကတော့ ဆရာမဖြစ်ချင်တဲ့ သူတွေကို သင်တန်းပေးမယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် မြို့ကြီးတစ်မြို့မှာပဲ တော်နေတဲ့သူတွေ စုနေလို့ မရဘူး။ အားလုံး မျှနေဖို့ လိုအပ်တယ်။ ပညာရေးမှာ တန်းတူသွားအောင် လုပ်ပေးချင်တယ်။
(ရလေး)

The Voice Weekly

No comments:

Post a Comment