Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 28, 2014

မင်္ဂလာဈေး ကားမှတ်တိုင် မှာ အနီ/အစိမ်း နဲ့ လောင်းကစားဝိုင်း လုပ်ပြီး လိမ်လည်နေတဲ့ လူတစ်စု


share လုပ်မရလို့ ပြန်ကူးပြီး တင်လိုက်ပါတယ်

၇ - ၈ - ၂၀၁၃ ရက် စနေ့နေ့ နေ့လည် ၁ နာရီ နဲ့ ၂ နာရီကြားမှာ စက်ရုံလမ်း ပေါ်ရှိ မင်္ဂလာဈေး ကားမှတ်တိုင် မှာ အနီ/အစိမ်း နဲ့ လောင်းကစားဝိုင်း လုပ်ပြီး လိမ်လည်နေတဲ့ လူတစ်စု ပုံပါ။


အဲဒီ့ လူတစ်စုရဲ့ လောင်းကစားဝိုင်း လုပ်ပုံကို တစ်ချို့လည်း သိပြီးသား ဖြစ်မှာပါ။ လောင်းကစား လုပ်ပုံက ဒီလိုပါ။ အနီရောင် အကွက် နဲ့ အစိမ်းရောင် အကွက် နှစ်ခု ထားထားပါတယ်။ အဲဒီ့မှာ ဖေါ့လုံးလေး တစ်ခုကို ခွက်နှစ်ခုနဲ့ အုပ်ပြီး ကစားတာပါ။ ခွက်နှစ်ခုထဲက ဘယ်ခွက်ထဲမှာ အဲဒီ့ ဖေါ့လုံးလေး ရှိလဲ ဆိုပြီး ပိုက်ဆံ ထိုးတာပါ။ ဘေးမှာ ဝိုင်းအုံထိုးနေတဲ့ လူ ငါးယောက် ခြောက်ယောက်လောက် ရှိပါလိမ့်မယ် အဲဒါတွေလည်း သူတို့လူတွေပါပဲ။ (ပုံမှာ ကြည့်ရင် အဲဒီ့ အမျိုးသမီးကြီးက လွဲပြီး ကျန်တာအကုန် သူတို့လူတွေပါ)။ သူတို့ ဝိုင်းနားကို ဖြတ်သွားမိတဲ့ မိန်းမကြီးတွေ ဆိုရင် လက်ကို ဆွဲပြီး ဝင်ထိုးဖို့ ပြောပါလိမ့်မယ်။ အဲဒီ့ အချိန်မှာ တို့ဆေး လို့ ခေါ်နေကြတဲ့ မူးရစ်စေတဲ့ ဆေးတစ်မျိုးမျိုး စိတ်ပြောင်းစေတဲ့ ဆေးတစ်မျိုးမျိုး သုံးလိုက်ပုံ ရပါတယ်။ အဲဒီ့မိန်းမက ပုံမှန် အနေအထား မဟုတ်တော့ဘူး။


ကိုယ်တိုင်ကြုံဖူးတယ် မိန်းကလေး တစ်ယောက် ပြန်ပြောတာကတော့ အဲဒီ့နားကို ဖြတ်သွားတဲ့ အချိန်မှာ ထိုးသား အယောင်ဆောင် ထားတဲ့ တစ်ယောက်က လက်ကို လှမ်းဆွဲပြီး ဝင်ထိုးလို့ ပြောတော့ သူက မထိုးဘူး မထိုးဘူး လို့ ငြင်းနေရဲ့ ကြားကနေ သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံ အထပ်လိုက်ကို အဲဒီ့လူက ဆွဲထုတ်နေတာကို ဘာမှ မလုပ်နိုင် မတားနိုင်ဘူး ဖြစ်နေတယ်တဲ့။ အိပ်မက် မက်နေသလိုလို ကိုယ့်ကိုကိုယ် ထိန်းသိမ်းရ ခက်နေတယ်တဲ့။ ငါ့ပိုက်ဆံ ပြန်ပေး မထိုးဘူး ဆိုပြီး ပါးစပ်က ပြောနေပေမယ့် အသံက ကျယ်ကျယ် မထွက်နိုင်ဘူးတဲ့။ အဲဒီ့မှာ အတင်း စိတ်ကို စုစည်းပြီး ပိုက်ဆံ အတင်းတောင်းပြီး တွေ့တဲ့ ဘက်စ်ကားပေါ် ဇွတ်တက်လိုက်တယ်။ ဘက်စ်ကားပေါ် ရောက်လို့ အသိစိတ် နည်းနည်းဝင်လာပြီး ပိုက်ဆံရေတော့ ပိုက်ဆံ တစ်သောင်း လျော့နေတယ်။ ဘက်စကားပေါ်က လူတစ်ယောက်က နင်တော်တော် ညံ့တာပဲ နှစ်ဆ တောင်ရမယ့်ဟာ ဘာလို့ မထိုးတာလဲ ဆိုပြီး ပြောတော့ သူက ဘာလို့ ထိုးရမှာလဲ ကျမ ပိုက်ဆံတွေ ကုန်သွားမှာပေါ့ လို့ ပြန်ပြောလိုက်တယ်။ ရှေ့မှတ်တိုင်လည်းရောက်ရော အဲဒီ့လူ ပြန်ဆင်းသွားရော တစ်ကယ်တော့ ဘက်စ်ကားပေါ်ထိ ပါလာတဲ့ အဲဒီ့လူလည်း သူတို့ထဲက တစ်ယောက်ပါပဲ။
အဲဒီ့လို ဝိုင်းမျိုးကို အရင်က ခနခန တွေ့ဖူးပါတယ်။ ဝတ်လာတဲ့ ရွှေတွေပါ ထိုးခိုင်းလို့ နောက်ဆုံး ရွှေဆိုင်ကို ကားငှားသွားပြီး ရောင်းပြီး ပိုက်ဆံတောင်းတဲ့အထိ ဖြစ်ကုန်တာတွေ ကျွန်တော် မျက်မြင်ပါ။ အဲဒီ့တုန်းက အဲဒီ့မိန်းမကြီးတွေ လောဘကြီးလို့ ဖြစ်ကုန်တာ လို့ ထင်နေခဲ့တာ ဒါပေမယ့် တစ်ကယ်တော့ မူးရစ်ဆေးတွေ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေ သုံးထားမှန်း အခုနောက်ပိုင်းမှ သိလာရတာပါ။


သူတို့ရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ မိန်းမကြီးတွေ မိန်းကလေးတွေက ကွမ်းတောင်မှ မစားကြတာ ဆိုတော့ မူးရစ်ဆေးတွေရဲ့ ဒဏ်ကို ခံနိုင်ရည် မရှိလို့ လွယ်လွယ်လေးနဲ့ ခံလိုက်ရတာပါပဲ။ ဒီ ဓါတ်ပုံထဲက မိန်းမကြီး ဆို၇င် မင်္ဂလာဈေးမှာ ဈေးလာဝယ်တဲ့ ပုံပဲ။ သူထုတ်နေတဲ့ ပိုက်ဆံတွေက ငါးထောင်တန်တွေ ဆိုတော့ ကုန်ရောင်း ကုန်ဝယ်လုပ်တဲ့ ဈေးသည်တစ်ယောက်လို့ ထင်ရတယ်။ တော်တော်လေး သနားဖို့ ကောင်းပါတယ် သူ့ခဗျာ ပါသမျှ ကုန်တော့မှာ။


အခု ပုံမှာ မြင်ရတဲ့ ဝိုင်းကို ကျွန်တော်တွေ့တော့ ဒေါသလည်းထွက် အဲဒီ့မိန်းမကြီးကိုလည်း သနားနဲ့ ဘာလုပ်ရမှန်းလည်း မသိ ဖြစ်သွားတယ်။ အဲဒါနဲ့ ကျွန်တော့်ဖုန်းနဲ့ ဓါတ်ပုံရိုက်လိုက်တယ်။ ကျွန်တော့် လည်း ဓါတ်ပုံရိုက်ရော ဘေးနားက ကားစောင့်နေသလိုလို ရပ်နေတဲ့ ခပ်ဝဝ ကုလားတစ်ယောက် (လူပုံစံကို ပြောပြခြင်းသာ ဖြစ်သည်) က ဘာလို့ ရိုက်တာလဲ မရိုက်ပါနဲ့တဲ့။ ကျွန်တော့်က ဒီလူတွေ ယုတ်မာနေတာမို့လို့ ရိုက်တာလေ ရိုက်တော့ ဘာဖြစ်လို့လဲ လို့ ပြန်မေးလိုက်တယ်။ အဲဒီ့တော့ အဲဒီ့ လူက ဒါ ကျွန်တော့်ဝိုင်း မို့လို့ပါ မရိုက်ပါနဲ့ အင်တာနက်ပေါ်တင်မလို့လား ပိုဆိုးကုန်လိမ့်မယ် လို့ ပြောတယ်။ (ဒီလူ အင်တာနက်ဆိုတာတော့ သိသားပဲ အင်တာနက်ပေါ် ရောက်တဲ့သတင်းဆို လူတိုင်းသိကုန်လို့ လူကြီးတွေ အမိန့်ကြောင့် ရဲတွေက မဖြစ်မနေ ဖမ်းရတော့တာလေ) ကျွန်တော်က ကျွန်တော်လည်း ခံရဖူးလို့ ဓါတ်ပုံရိုက်တာ မင်္ဂလာတောင်ညွန့်မှာ ကျွန်တော် အမှုဖွင့်ထားတယ် လို့ ပြောလိုက်တော့ အဲဒီ့လူက ဒီ မင်္ဂလာတောင်ညွှန့် ရဲစခန်းမှာလား တဲ့ ပြန်မေးတယ် ရဲစခန်းရှိတဲ့ဘက်ကိုတောင် မေးငေါ့ပြလိုက်သေးတယ်။ (ရဲနဲ့ တော်တော်ပိုင်ပုံပဲ၊ သူတို့ လောင်းကစားလုပ်တဲ့ နေရာနဲ့ မင်္ဂလာတောင်ညွှန့် ရဲစခန်းကလည်း နီးနီးလေးပါ တစ်မှတ်တိုင် လောက်ပဲ ဝေးတာ)။ လူတွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတူဘူးလေ အကိုတွေ့ခဲ့တာ တစ်ခြားအဖွဲ့ဖြစ်ချင်ဖြစ်မှာပေါ့ ကျွန်တော်တို့က အလှည့်နဲ့ လုပ်ရတာ လို့ ပြန်ပြောတယ်။ အဲဒီ့တုန်းက အကိုပြောရင် ပိုက်ဆံပြန်ပေးမှာပေါ့ တဲ့။ (အလှည့်နဲ့ လုပ်ရတာ ဆိုတာ ဘာလဲ) ကျွန်တော် အဲဒီ့လူကို ဓါတ်ပုံရိုက်မလို စဉ်းစားသေးပေမယ့် သူနဲ့ကျွန်တော်မျက်နှာချင်းဆိုင် ပြောနေတာရယ် သူ့ဘေးက လူတွေရှိနေတာကြောင့် ကျွန်တော့်ကို ပြဿနာ ထပ်ရှာမှာ စိုးလို့ ရိုက်ဖို့ အဆင်မပြေတော့ဘူး။ သူနဲ့ စကားပြောတာတွေကိုလည်း အသံမဖမ်းဖြစ်လိုက်မိဘူး။


အခြေအနေက မကောင်းတော့ဘူး သူ့ဘေးနားက မိန်းမ တစ်ယောက်က ကစားဝိုင်းထဲက လူတစ်ယောက်ကို လက်တို့လိုက်လို့ ဝိုင်းထဲက လူတစ်ချို့ ကျွန်တော့် နားကို ကပ်လာတယ်။ ကျွန်တော့်ကို ဝိုင်းထားသလို ဖြစ်နေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း လှည့်ထွက်လာခဲ့တာ ကျွန်တော့်နောက်ကို လူနှစ်ယောက် လိုက်လာတယ်။ မင်္ဂလာဈေး နား ဆိုတော့ လူတွေ အများကြီး ဖြစ်ပေမယ့် ကိုယ့်လုံခြုံရေးကို ကိုယ် စိတ်မချရတော့ဘူး။ ၁၉၉ ကို ဖုန်းခေါ်တယ် ဖုန်းမအားဘူး တီတီတီတီ ပဲ မြည်နေတယ်။ ထပ်ခေါ်တယ် ဒီတိုင်ပဲ ငါးခါလောက် ခေါ်ပြီးတော့ ၁၉၉ ကို ဆက်မခေါ်ပဲ လျောက်လာခဲ့တယ်။ ယုဇန ပလာဇာနားရောက်တော့ ၁၉၉ ကို ဆက်ပြီး ဆက်တိုက် ခေါ်နေပေမယ့် ဘာမှ မထူးဘူး။ တစ်ကယ်လို့သာ အရေးပေါ် အခြေအနေဆို ဘယ်လိုလုပ်မလ ၁၉၉ က ဘယ်တော့မှ ဖုန်းအားမှာလဲ။ နိုင်ငံခြား ရုပ်ရှင်တွေထဲကလို အရေးပေါ်နံပါတ်ကို ဖုန်းဆက်လိုက်တာနဲ့ ရဲကားတစ်စီးနဲ့ ရဲအရာရှိနှစ်ယောက်လောက် ရောက်လာတဲ့ အခြေအနေမျိုး ဘယ်တော့များမှာ ရပါ့မလဲလို့ တွေးနေမိတယ်။


နောက်တော့ ဆုံးဖြတ်ချက် တစ်ခု အသေအချာ ချလိုက်တာကတော့ Taxi တစ်စီး ငှားပြီး တက်လိုက်တာပဲ။ အဲဒါက လောလောဆယ် ကိုယ့်အတွက် အသေချာဆုံး ထွက်ပေါက်ပါပဲ။ တစ်ကယ်လို့သာ သူတို့အဖွဲ့တွေက ကျွန်တော့်ကို ခါးပိုက်နှိုက်ပါ ဆိုပြီး ဝိုင်းအော်ပြီး ထိုးကြရင်ရော။ ဘေးပတ်ဝန်းကျင်က လူတွေကိုရော ဘယ်လောက် အားကိုးရမှာတဲ့လဲဗျာ။


မဂ်လာဈေး လို လူတွေ စည်ကားနေတဲ့ နေရာက ဘက်စ်ကားမှတ်တိုင်တစ်ခုမှာ ခုလို လောင်းကစားလုပ်ပြီး ဆေးတွေသုံးပြီး ပိုက်ဆံ အကုန်ကုန်တဲ့အထိ လိမ်ယူနေတာကို ရဲတွေ မသိဘူး ဆိုတာ ဘယ်လိုယုံကြည်ရမှာလဲဗျာ။ ဒါ ချဲရောင်းတာ ခိုးကူး သီချင်းခွေ ရောင်းတာထက် အများကြီး ဆိုးတဲ့ ဒုစရိုက်မှုကို လူလည်ခေါင်မှာ ကျူးလွန်လိုက်တာပါပဲ။ ဒါပေမယ့် သနားလိုက်တာ ဆိုတာထက် ပိုပြီး ဘယ်သူကမှ ဘာမှ မကူညီကြပါဘူး။ သူတို့ရဲ့ သားကောင် ဖြစ်သွားတဲ့ မိန်းမကြီးတွေက လောဘတက်ပြီး ဝင်ထိုးတာ မဟုတ်သလို သူတို့သဘောနဲ့ သူတို့ ထိုးနေတာ မဟုတ်ပါဘူး။ မြွေတစ်ကောင် အမြိုခံရတဲ့ သားကောင် တစ်ကောင်လိုမျိုး ခံနေရတာပါ။
တစ်ကယ်လို့များ အဲဒီ့ မိန်းမကြီးက ဈေးဝယ်ဖို့ အိမ်ကထွက်သွားတဲ့ ကိုယ့်ရဲ့ အမေ ဆိုရင် ခု စာဖတ်နေတဲ့သူတွေ ဘယ်လို ခံစားရမလဲဗျာ။ ပါသမျှ ပိုက်ဆံတင် မဟုတ်ဘဲ ချွေးနည်းစာ စုစောင်းထားတဲ့ ရွှေတွေပါ အကုန်ကုန်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ဆင်းရဲချို့တဲ့တဲ့ မိသားစုတစ်ခုက ကုန်စုံဆိုင်လေးအတွက် ပစ္စည်းလာဝယ်တာ ဆိုရင် အဲဒီ့လို ဖြစ်လို့ စိတ်ထိခိုက်ပြီး သတ်သေသွားရင်ရော။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။


အဲဒီ့လို ဖြစ်နေတာ မြင်ရင် ကျေးဇူးပြုပြီး လစ်လျူရှု မထားပါနဲ့။ နီးစပ်ရာ ရယက နဲ့ တစ်ခြား လူမှုအဖွဲ့အစည်းတွေကို အကူအညီ တောင်းလိုက်ပါ။ သူတို့အဖွဲ့မှာ အနည်းဆုံး လူ ဆယ်ယောက်လောက် ပါတာမို့လို့ လူအင်အား စုပြီးမှ တားပါ။ ဖမ်းနိုင်အောင် လုပ်ပါ။ သူတို့ရဲ့ သားကောင် ဖြစ်သွားတဲ့ သနားစရာကောင်းတဲ့ မိန်းမကြီးတွေ မိန်းကလေးတွေကို တတ်နိုင်သလောက် ကယ်တင်ဖို့ ကြိုးစားပေးကြပါ။ ဒီစာကိုလည်း ခရက်ဒစ်တွေ ဘာတွေ မလိုပါဘူး လူတိုင်း သိအောင် Share လုပ်ပေးကြပါခင်ဗျာ။ သတင်း ဂျာနယ်တွေမှာ အသိမိတ်ဆွေတွေရှိရင် ဒီသတင်းမျိုး ပါအောင် လုပ်ပေးကြပါ။

မင်းသန့်အောင် 

No comments:

Post a Comment