CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဒီစကား................ (ဒေါ်အောင်ဆန်းစုကြည်)
Copied : ဒီလှိုင်း၊ အတွဲ(၃)၊ အမှတ်(၂၉)၊ တနင်္လာနေ့၊ ၂၈.၇.၂၀၁၄
လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တွင် အိပ်ငိုက်တယ်ဆိုတဲ့ဝေဖန်ချက်တွေရှိပါတယ်။ အချို့အိပ်ငိုက်တယ်ဆိုတာ
လည်
းအမှန်ပါ။ ကိုယ်တိုင်ဒီစာရင်းထဲမှာမပါသွားအောင်လည်းသတိထားရပါတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်တော့ အိပ်ငိုက်ချင် သလိုဖြစ်လို့ မျက်လုံးပြန့်ကျယ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အချို့ကတော့ အိပ်ငိုက်မယ့်ကိန်းဆိုက်ရင် အချဉ်၊ အစပ်ကလေးတွေ စားကြပါတယ်။ အဲ့ဒီလိုစားချိန်မှာပဲ ရုပ်မြင်သံကြားရိုက်စက်ကမိသွားတာလည်းရှိပါသေးတယ်။ ဒီတစ်ပတ်မှာတော့ ကိုယ်စားလှယ်တွေ ကော်ဖီမသောက်ဘဲ၊ အချဉ်ထုပ်မဆောင်ဘဲအိပ်မငိုက်စေဖို့ အကြောင်းတစ်ရပ် ပြည်သူ့လွှတ်တော်မှာပေါ်လာပါတယ်။ ပီအာ(ရ်) PR ပါ။
ယခင် PR လို့ပြောရင် Public Relations အများတကာနှင့် ဆက်ဆံရေးကိုဆိုလိုတယ်လို့ နားလည်ကြပါတယ်။ PR ကောင်းတယ်ဆိုရင် ဆက်ဆံရေးကောင်းတယ်ပေါ့။ စေတနာကတော့ ကောင်းချင်မှကောင်းမှာပါ။ အများကြိုက်အောင်နေတတ်၊ ပြောတတ်ဆက်ဆံရေးမျိုးကိုညွှန်တာပါ။ ဘယ်လိုအများနဲ့ အဆင်ပြေအောင်ဘယ်လိုအများနဲ့အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရမယ်ဆိုတာကိုအကြံပေးတဲ့ နိုင်ငံတကာအဆင့် PR လုပ်ငန်းကုမ္ပဏီကြီးတွေလည်းရှိပါတယ်။ ဒီလိုကုမ္ပဏီတွေကိုအာဏာရှင်အစိုးရတွေကငှားပြီး (ပေးရတဲ့စရိတ်ကလည်းမနည်းဆိုပါတယ်) ကမ္ဘာ့အလယ်မှာမိမိတို့ တင့်တယ်ရေးအတွက် အကြံယူကြတယ်တဲ့။ ပေးတဲ့အကြံတွေအတိုင်းလုပ်တဲ့အခါ အတိုင်းအတာတစ်ခုအထိဘီလူးမျက်နှာ ကိုမင်းသားမျက်နှာဖုံးတပ်လိုက်ရတဲ့အခါလည်းရှိတယ်တဲ့။ အကြံပေးချက်ထဲမှာစေတနာသန့်ဖို့တိုက်တွန်းကြောင်းပါတယ် လို့တော့ မကြားမိပါဘူး။
ယခုမြန်မာပြည်မှ ရေပန်းစားနေတဲ့ PR ဆိုတာကတော့ နောက် PR တစ်မျိုးပါ။ Propotional Representation ဆိုတဲ့ အချိန်းကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကိုညွှန်တာပါ။ ၂၀၁၀က အနှစ်(၂၀)အတွင်းပထမဦးဆုံးဖြစ်တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးအစိုးရကကျင်းပခဲ့ပါတယ်။ အဲ့ဒီရွေးကောက်ပွဲရဲ့ လွတ် လပ်ခြင်း၊ တရားမျှတခြင်းနှင့်ပတ်သက်လို့ကတော့ အမြင်အမျိုးမျိုးပါပဲ။ နိုင်တဲ့သူတွေကတော့ ဒီမိုကရေစီနည်းလမ်းကျတယ် လို့ ၀င့်ကြွားကြပြီး ရှုံးတဲ့သူတွေကတော့ မတရားမှုတွေရှိခဲ့တယ်လို့ ပြောကြ၊ တိုင်ကြတာပေါ့။မဲပေးတဲ့စနစ်အားနည်းလို့ ချို့ယွင်းလို့ဆိုတာကတော့ ဘယ်သူပြောတာမှ မကြားခဲ့ရပါဘူး။
၂၀၁၅ရွေးကောက်ပွဲကို အာရုံစိုက်လာကြပြီဖြစ်တဲ့ ဒီအချိန်မှာတော့ အများတကာနဲ့ဆက်ဆံရေးမဟုတ်တဲ့ PR ကိုတိုက်တွန်းသူများကယခုထိလက်ခံသုံးစွဲခဲ့တဲ့ မဲအများဆုံးရရွေးချယ်ခံကိုယ်စားလှယ်ကိုအနိုင်ပေးစနစ်ဟာမြန်မာနိုင်ငံနဲ့ မသင့်တော်ပုံ ၊ ဒီမိုကရေစီစံနှုန်းထားများအရမပြည့်မီပုံတွေကိုထောက်ပြနေကြပါတယ်။ ဒီကိစ္စကိုအမျိုးသားလွှတ်တော်မှာတင်သွင်းခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်သို့ရောက်လာပါပြီ ။ ကျွန်မတို့ ကိုယ်စားလှယ်တွေ အိပ်မငိုက်ရေးဆေးတစ်ခွက်လို့ပဲပြောပါရစေတော့ ။
အမျိုးသားလွှတ်တော်မှာ PR ကိစ္စကိုတင်သွင်းခဲ့စဉ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုယ်စားလှယ်တွေ ၊ တစည ၊ NDF ကိုယ်စားလှယ်တွေကထောက်ခံခဲ့ပြီးတိုင်းရင်းသားပါတီကိုယ်စားလှယ်တွေ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ တပ်မတော် ကိုယ်စားလှယ်တွေကကန့်ကွက်ပါတယ် ။ ထောက်ခံသူတွေကများတော့ အဆိုအနိုင်ရသွားပြီးအမျိုးသားလွှတ်တော် ဥက္ကဌက PR စနစ်နဲ့ ပတ်သက်လို့ လေ့လာတင်ပြရန် ကော်မတီတစ်ရပ် ဖွဲ့လိုက်ပါတယ် ။
အမျိုးသားလွှတ်တော်ထဲမှာကိုယ်စားလှယ်ပေါင်း (၂၁၈)ယောက် ( တပ်မတော်သားကိုယ်စားလှယ်များ အပါအ၀င် )ရှိပြီးအဖွဲ့ချုပ် ကိုယ်စားလှယ်ကငါးယောက်သာရှိပါတယ် ။ ပြည်သူ့လွှတ်တော်မှာတော့ တပ်မတော်ကိုယ်စားလှယ်များအပါအ၀င် ( ၄၂၇ ) ယောက်ရှိပြီးအဖွဲ့ချုပ်ကိုယ်စားလှယ် ( ၄၀ ) ရှိပါတယ် ။ PR ကိုဆွေးနွေးတဲ့အခါမှာပိုပြီးမြိုင်တာပေါ့ ။ လွှတ်တော်ထဲမှာမတူတဲ့ သဘောထားတွေကိုပွင့်ပွင့်လင်းလင်းဆွေးနွေးတာကိုသဘောကျပါတယ် ။ ဒါမှလည်း ပြည်သူတွေကမိမိတို့ကိုကိုယ်စားပြုပါတယ် ဆိုတဲ့ ကိုယ်စားလှယ်တွေကဘယ်မူတွေကိုင်စွဲပြီးဘာတွေလုပ်နေလဲဆိုတာသိနိုင်မှာပါ ။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်ယှဉ်ပြိုင်ခဲ့တယ်ဆိုတာလွှတ်တော်တွင်းနိုင်ငံရေးမှာပါဝင်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာလည်း ဖြစ်ပါတယ် ။ ဒါကြောင့် လွှတ်တော်ကိုအရည်အချင်းပြည့်ဝပြီး ခိုင်မာတဲ့အဖွဲ့အစည်းတစ်ရပ်ဖြစ်စေချင်တယ် ။ ၂၀၁၂ က ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနေရာ ( ၄၄ ) နေရာမှာ ( ၄၃ )နေရာနိုင်ခဲ့ပေမယ့် ( ၆၆၀ )သောကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်အတွင်းမှာအကြီးမားဆုံးအတိုက်အခံပါတီလို့သာခေါ်ရတယ် ။ ရာခိုင်နှုန်းအရတော့ နည်းနည်းလေးပါ ။ ဒီလိုနည်းပေမယ့် ကျွန်မတို့အားမငယ်ပါဘူး ။ ပြည်သူ့ ရဲ့ ထောက်ခံမှုကိုယုံကြည်ပြီးအရေအတွက်ကိုအဓိကမထားဘဲ ကျွန်မတို့မူဝါဒတွေအပေါ် ပြတ်ပြတ်သားသားရပ်တည်ပြီးဆောင်ရွက်နေတာပါ ။
PR စနစ်ကို ကျွန်မတို့ကန့်ကွက်တယ် ။ ကန့်ကွက်ရတဲ့ အကြောင်းတွေကိုတိုင်းပြည်ကိုဖွင့်ပြောတယ် ။.ဒီ PR နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေဟာအထက်မှာပြောခဲ့တဲ့ အများနဲ့ ဆက်ဆံရေးဆိုတဲ့ PR လိုအပေါ်ယံကြောကိစ္စသာမဟုတ်ပါဘူး ။ တိုင်းပြည်နဲ့ပြည်သူ ၊ ပြည်ထောင်စုအရေးနဲ့ ဒီမိုကရေစီအရေးအပေါ်မှာဘယ်လောက် စေတနာထားတယ် ဆိုတာတွေလည်းပေါ်လွင် စေမှာမို့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများအထူးအလေးထားစောင့်ကြည့်နေကြမယ်လို့ ယုံကြည်ပါတယ် ။
ဒီစကား................ (ဒေါ်အောင်ဆန်းစုကြည်)
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
July 28, 2014
Rating:
5
No comments:
Post a Comment