Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 25, 2014

သမီးတော်ရာဇဝင် ( ၃ ) `` ရေတွေ ရေတွေ စိုကုန်ပြီ ´´



 အရင်ခေတ်က စစ်တက္ကသိုလ်ကျောင်းဆင်းပွဲဟာ အခုလိုဆောင်းတွင်းမှာ ဆင်းတာမဟုတ်ဘဲ မတ်လနောက်ဆုံအပတ် ဒါမှမဟုတ် ဧပြီလ ပထမအပတ်ထဲမှာ ဆင်းလေ့ရှိတယ်၊ အစဉ်အလာအရလည်း အရင်ခေတ်က သမ္မတတို့၊ တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်တို့က ကျောင်းဆင်းပွဲမှာ တက်ရောက်ချီးမြှင့်ကြပါတယ်၊ အာဏာရှင်ကြီးလက်ထပ်မှာတော့ ကျောင်းဆင်းပွဲကို သမီးတော်တွေ၊ မြေးတော်တွေနဲ့ ကြွရောက်ချီးမြှင့်လေ့ရှိတယ်၊ ရန်ကုန်ဆိုတာ အဲ့ဒီကာလမှာ အလွန်ပူလေတော့ အပူရှောင်တာလည်းပါတာပေါ့လေ၊ အဲဒီမှာပဲများသောအားဖြင့် သင်္ကြန်ကျလေ့ရှိတယ်။


သင်္ကြန်ဆိုတော့ ရေလောင်းဖို့၊ ရေပက်ခံဖို့ လိုလာပြီမဟုတ်လား၊ ကာချုပ်ကြီးသမီးတော်တွေက ရေပက်ခံထွက်လို့လည်းမဖြစ်၊ မတော် ရေပက်သလိုနဲ့ အက်ဆစ်နဲ့ပတ်သွားရင် ဘယ်နှယ့်လုပ်မလဲ၊ အလှတွေပျက်ကုန်မှာပေါ့၊ ပြီးတော့ အရပ်ရပ်နေပြည်တော် ကြားလို့မှမတော် ကာချုပ်သမီး အက်ဆစ်နဲ့အပက်ခံရခြင်းဆိုပြီး ဂျာနယ်တွေထဲပါလာအုံးမယ်၊ စာပေစီစစ်ရေးကဖြုတ်လို့ ဂျာနယ်တွေမှာမပါသည့်တိုင်အောင် အကောက်ကြံ ခလောက်ဆန်နဲ့ သွေးခွဲနေသည်တို့၊ ဂုံးတိုက်သည်တို့စတဲ့ တံဆိပ်များရှင် ပြည်ပရောက် မြန်မာမီဒီယာတွေက ဖွလိုက်ရင် ဘယ်နှယ့်လုပ်မလဲ၊ ပြည်သူတွေ ဝမ်းသာစရာဖြစ်နေအုံးမယ်၊ အဲဒီထက်ဆိုးတာက ရေပက်တာနဲ့ရောပြီး နာနတ်သီးလိုခေါ်တဲ့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းလိုက်ရင် ဒုက္ခများကုန်ကြအုံးမယ်၊ ဒီတော့ သမီးတော်တွေလည်း ရေပက်လို့ရအောင်၊ အန္တရာယ်လည်းကင်းအောင် အလိုက်တသိ စီစဉ်ပေးဖို့က အထက်တာဝန်ရှိသူတွေအပေါ် ကျရောက်လို့လာခဲ့ပြီပေါ့။

ဒါကြောင့် ကာချုပ်ကြီးမိသားစုမလာခင် ပြင်ဦးလွင်တပ်နယ်ထဲမှာ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ အသက်ငယ်ငယ်၊ ရုပ်ချောချော အရာရှိငယ်တွေကို ရွေးထုတ်ရပါတယ်၊ သူတို့ကို တပ်မတော်ဧည့်ဂေဟာလို့ခေါ်တဲ့ အိမ်တော်မှာ ကာချုပ်ကြီးရဲ့ မိသားစုကို သင်္ကြန်ကာလ အလုပ်အကျွေးပြုဖို့ တာဝန်ချထားလိုက်ပါတယ်၊ တာဝန်ကတော့ သင်္ကြန်အတွင်းမှာ ယူနီဖောင်းနဲ့ဖြစ်ဖြစ်၊ စမတ်ကျကျဝတ်ထားတဲ့ အရပ်ဝတ်အရပ်စားနဲ့ဖြစ်ဖြစ် သမီးတော်တွေတည်းနေတဲ့ အဆောင်အောက်ကနေဖြတ်လျှောက်ဖို့ ဖြစ်ပါတယ်။

သင်္ကြန်လည်းကျပါပြီ၊ ကာချုပ်ကြီးမိသားစုလည်း ပြင်ဦးလွင်မှာ ကျောင်းဆင်းပွဲတွေပြီးလို့ သင်္ကြန်ကာလ အနားယူချိန်လည်း ရောက်နေပါပြီ၊ တပ်မတော်ဧည့်ဂေဟာအပေါ်ထပ်မှာလည်း သမီးတော်တွေက ရေပုံတွေနဲ့ အလုပ်ရှုပ်နေပါပြီ၊
ဟော ---- အရာရှိငယ်လေးတစ်ယောက် အဆောင်ရှေ့ကနေ စမတ်ကျကျ လမ်းလျှောက်လာနေပါပြီ၊ လက်ထဲမှာလည်း ဖိုင်တစ်ထပ်ကြီးကိုင်ထားလို့ ဘယ်သူ့ကို ဘာများ သွားသတင်းပို့မလို့ပါလိမ့်၊ အဲ့ဒီအချိန်မှာ ဗွမ်းကနဲ အသံနဲ့အတူ အဲဒီအရာရှိလေးအပေါ်ကို ရေတွေကျလာပါတယ်၊ မထင်မှတ်ပဲ ရေလောင်ခံလိုက်ရတဲ့ အရာရှိလေးက လန့်သွားပါတယ်၊ ဖိုင်တွေတောင် လက်ထဲက လွတ်ကျလို့ ပြန်ကောက်ရပါတော့တယ်၊ လူရောဖိုင်တွေရော ရွှဲရွှဲစိုကုန်ပါပြီ၊ အပေါ်ထပ်မှာတော့ တိုင်ကွယ်ပြီး တခစ်ခစ်ရယ်နေတဲ့ သမီးတော်တွေရှိပေမယ့် အဲဒီအရာရှိလေးမှာ မော်ဖူးစေ အမိန့်မရထားတဲ့အတွက် အပေါ်ကို မော့မကြည့်ဝံ့ပါဘူး၊ ဒါပေမယ့် ဘေးဘယ်ညာကိုကြည့်ရင်း သူ့ကို ဘယ်နေရာက ဘယ်သူတွေ ရေနဲ့ပက်လိုက်ပါလိမ့်လို့ ခေါင်းကုတ်ရင်း ရေတွေကို လက်နဲ့ အသာခါချလို့ ဆက်ထွက်သွားပါတော့တယ်။

ရုပ်ရှင်သာဆိုရင်တော့ အကယ်ဒမီရမယ့် အခန်းပေါ့ဗျာ၊ အဲဒီလိုနဲ့ သင်္ကြန်ကာလမှာ တပ်မတော်ဧည့်ဂေဟာရှေ့ကနေ အရာရှိလေးတွေ ဖြတ်သွားလိုက်၊ အပေါ်ကနေ ရေတွေလောင်းချလိုက်၊ ရေလောင်းခံရတဲ့ အရာရှိလေးတွေ လန့်သွားလိုက်နဲ့ သင်္ကြန်ကာလကို ကာချုပ်ကြီးရဲ့ သမီးတော်တွေက ပျော်ပျော်ကြီးဖြတ်သန်းကြပါတော့တယ်၊ ဒါပေမဲ့တစ်ချိန်တည်းမှာပဲ အရာရှိလေးတွေရဲ့ ညနေခင်းအရက်ဝိုင်းမှာတော့
`` မင်းက အိုဗာအိုက်တင်လုပ်လိုက်တာ၊ လန့်ပြရင် တော်ရောပေါ့၊ အောင်မလေးဗျ ဆိုပြီး ထခုန်ပြနေသေးတယ်တို့၊ ဟ ဒီလိုမလုပ်ရင် သူတို့အပေါ်ကနေ ရေပက်မှာကို ကြိုသိနေလို့ မကြောက်တာပါ၊ မလန့်တာပါဆိုရင် အမှုကပိုကြီးဦးမယ်၊ ခုတော့ ပြီးကရော၊ သူတို့လည်း သဘောကျ တိုင်ကြားက ချောင်းကြည့်နေတဲ့ တပ်နယ်မှူးကြီးက ငါ့ကို လက်မထောင်ပြီး ချီးကျူးသွားသေးတယ်ဆိုတဲ့ အသံတွေ၊ ဟေ့ကောင် ငါ့ဖိုင်ရေစိုသွားပြီနော်၊ အသစ်ပြန်ဝယ်ပေးအုံး ဆိုတဲ့အသံတွေ၊ တော်ယုံပဲ အိုက်တင်ပေးကြပါအုံးဟ၊ မတော်လို့ တော်ကောက်ပြီး ပန်းခွေစွပ်သွားရင် ငါတို့ရဲ့ လက်ရှိရည်းစားတွေ သူတို့ကိုယ်သူတို့ သတ်သေသွားအုံးမယ်တို့ ´´
စတဲ့အသံတွေ ကြာရးမှာဖြစ်ပါတယ်။

၁၉၉၂ ခုနစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်ဆီကနေ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် သာဂေါင်ကြီးက အာဏာသိမ်းခဲ့ပါတယ်၊ အဲ့ဒီအချိန်က အစိုးရကက်ဘိနက်မှာ သာဂေါင်ကြီးဟာ တိုင်းပြည်အပေါ် စိတ်သဘောထားကောင်းနဲ့ အုပ်ချုပ်မယ့်သူဖြစ်တယ်၊ သူ့ကိုပြန်ငြင်းခုံရင်လည်း လက်ခံတယ်ဆိုပြီး ဝန်ကြီးတွေကြားမှာ အမှတ်ရခဲ့ပါတယ်၊ အမှန်ကတော့ ထောက်လှမ်းရေးအကူအညီနဲ့ အာဏာသိမ်းထားပြီး အခြေမခိုင်သေးလို့ သူ့ကိုဝေဖန်တာတွေကို သည်းခံနေတာဖြစ်တယ်၊ တစ်ချိန်တည်းမှာ အဲ့ဒီအချိန်ကဝန်ကြီးတွေကလည်း သူနဲ့မတိမ်းမယိမ်းတွေ၊ သူ့ထက်နာမည်ပိုကြီးပြီး လက်ရဲဇက်ရဲတွေကလည်း စစ်တိုင်းမှူးတွေဆိုတော့ မနိုင်၍ သည်းခံရခြင်းသည်လည်းကောင်းဆိုပြီး ဟဲဟဲဟဲဟဲ နဲ့ အရူးဇာတ်နင်းခဲ့တာဖြစ်တယ်။

တဖြည်းဖြည်းနဲ့ အခြေကျလာချိန်မှာ သူနဲ့မတိမ်းမယိမ်းတိုင်မှူးတွေကို စစ်တပ်ထဲကနေ ဆွဲထုတ်ပြီး ဝန်ကြီးတွေခန့်လိုက်တယ်၊ ပြီးတော့ ထောက်လှမ်းရေးကို မျက်စပစ်ပြီး သူ့ကိုလုံးဝမကြောက်တဲ့ တိုင်းမှူးလူထွက်ဝန်ကြီးတွေကို ဖြုတ်ပစ်လိုက်တယ်၊ အနောက်ဖက်ဝက်တဲလို့ လူတွေလှောင်ခေါ်တဲ့ နဝတ နေရာမှာ နယက ဆိုပြီးအမည်ပြောင်းလိုက်တယ်၊ မြို့နယ်အဆင့်ကတော့ မယက ပေါ့၊ အများကတော့ မယားကြောက်လို့ခေါ်ကြတယ်၊ သူနဲ့မတိမ်းမယိမ်း ဝန်ကြီးတွေကို သုတ်သင်အပြီးမှာ သူ့တပည့်တွေဖြစ်ခဲ့ပေမယ့် အရင် ဦးစောမောင်ခန့်သွားတဲ့ ဝန်ကြီးတွေကို ရှင်းလင်းလိုက်တယ်၊ ဒါတွေနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး၊ သူ့ကို ငယ်နိုင်လိုဖြစ်နေတဲ့ စစ်ထောက်လှမ်းရေးတစ်ခုလုံးကိုလည်း အမြစ်ကနေလှန်ပစ်လိုက်ပါတယ်၊ ထိပ်ဆုံကနေ အောက်ဆုံးရဲဘော်အထိ ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ခဲ့တာဖြစ်ပါတယ်၊ အဲဒီလို အဆင့်ဆင့်ရှင်းပြီးတဲ့အချိန်ကစလို့ သမီးတော်တွေကလည်း ထင်တိုင်းကဲလို့ရတဲ့ဘဝကို ရောက်သွားတော့တာပါပဲဗျာလို့ ခရိုနီလက်ဟောင်းကြီးက သူ့စကားကို ဒီတစ်ပတ်အတွက် အဆုံသတ်လိုက်ပြန်ပါတော့တယ်။

ပရိတ်သတ်အတွက် ရှေ့တစ်ပတ်ခင်ဗျားပြောပြမယ့် ခေါင်းစဉ်လေးပေးဦးလေဆိုတော့ နောက်တစ်ပတ်လည်း အသောလေးတစ်ခု ဆက်ပြောမယ်ဗျာ၊ မချေဖြစ်ခဲ့သောယတြာနဲ့ ညမအိပ်လိုက်ရသောတိုင်းမှူးလို့ ခေါင်းစဉ်ပေးလိုက်၊ ဒီမှာလည်း ဇာတ်လိုက်တွေကတော့ သမီးတော်တွေပဲပေါ့ဗျာတဲ့ -----။။။

လက်စောင်းထက်

No comments:

Post a Comment