Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 21, 2014

ဂရိတ်ဒိန်းခွေးကြီး ဆီဇာ နှင့် ကချေသည်မလေးတို့ပြတဲ့ မေတ္တာ





ဂမ်မာမက်ကီး အနေဖြင့် မည်သည့်အခါတွင်မျှ လမ်းပြန်လျှောက်နိုင်တော့မည်မဟုတ်ဟု ဆရာဝန်များက မှတ်ချက်ပြုခဲ့ဖူးသည်။ သို့သော်လည်း သူမသည် ဂရိတ်ဒိန်းခွေးကြီး ဆီဇာ၏ ကူညီပံ့ပိုးမှုဖြင့် လမ်းပြန်လျှောက်လာနိုင်သည်။ ထို့နောက်တွင်မူ ဆီဇာကိုယ်တိုင် လမ်းမလျှောက်နိုင်သည့် အခြေအနေကို ကြုံလာခဲ့ပြီး ဂမ်မာက သူမ၏ မိတ်ဆွေအတွက် အကောင်းဆုံး တုံ့ပြန် ကျေးဇူးဆပ်ခဲ့သည်။
အသက်(၂၆)နှစ်ရှိ မက်ကီးသည် ဗြိတိန်နိုင်ငံမှ ကချေသည် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် ကပြဖျော်ဖြေမှု အစီအစဉ် တစ်ရပ်တွင် မတော်တဆ ဟန်ချက်ပျက် လဲကျရာမှ ခြေကျင်းဝတ် နှစ်ဖက်စလုံး သွင်သွင်ကျိုးသွားခဲ့ဖူးသည်။ (၂၀၁၂)ခုနှစ်က မက်ကီးသည် ဂျာမနီနိုင်ငံတွင် ဖျော်ဖြေကပြရင်း ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့သည်။ ထိုစဉ်က သူမအနေဖြင့် လိုအပ်လျှင် ခြေထောက်များကို ဖြတ်တောက်ပစ်ရန်ပင် ခွင့်ပြုချက်လက်မှတ် ထိုးပေးခဲ့ရဖူးသည်။ ဆရာဝန်များကလည်း မက်ကီးသည် လမ်းပြန်လျှောက်နိုင်ရန် မျှော်လင့်ချက်မရှိတော့ဟု ကောက်ချက်ချခဲ့ကြသည်။
သို့သော်လည်း မက်ကီး၏ ဘဝတွင် ကယ်တင်ရှင်တစ်ဦး ဝင်ရောက်လာသည်။ မသန်စွမ်းသူများအတွက် ကူညီရန် လေ့ကျင့်ပေးထားသည့် (၂)နှစ်အရွယ် ခွေးကြီး ဆီဇာသည် မက်ကီး၏ အဖော်မွန် ဖြစ်လာသည်။ တောင့်တင်း ကြံ့ခိုင်လှသော ခွေးကြီးကို အားပြု၍ မတ်တပ်ရပ်ရန် မက်ကီးက ခက်ခက်ခဲခဲ ကြိုးစားခဲ့သည်။ သူမ၏ အားထုတ်မှုများသည် ဆီဇာ၏ လိမ္မာရေးခြားရှိမှု၊ အကူအညီပေးမှုများကြောင့် တဖြည်းဖြည်း အောင်မြင်လာပြီး တစ်နှစ်မျှအကြာတွင် မက်ကီးတစ်ယောက် လမ်းပြန်လျှောက်လာနိုင်ခဲ့သည်။

စကော့တလန်ရှိ ပိုင်စလေတွင် နေထိုင်သည့် မက်ကီးတစ်ယောက် ဒုက္ခိတဘဝမှ ရုန်းထလာနိုင်၍ ပျော်ရွှင်မဆုံးမီမှာပင် သူမ၏ ခွေးကြီး နာမကျန်း ဖြစ်လာသည်ကို သတိပြုမိခဲ့သည်။ ထို့နောက် တိရစ္ဆာန်ဆေးကု ဆရာဝန်ထံ သွားရောက်ပြသရာ ဆီဇာ၏ ကျောရိုးအတွင်းရှိ သွေးကြောတစ်ချောင်းထဲတွင် သွေးခဲ ပိတ်ဆို့နေကြောင်း သိရှိလာရသည်။ ထိုစဉ်ကတည်းက ဆရာဝန်က ဆီဇာ၏ နောက်ခြေထောက်များ အာရုံမခံနိုင်တော့ဘဲ ကိုယ်တစ်ပိုင်းသေသကဲ့သို့ ဖြစ်လာကာ လမ်းလျှောက်နိုင်တော့မည် မဟုတ်ဟု မက်ကီးကို ရှင်းပြခဲ့သည်။
“ကျွန်မ အသည်းကွဲတာပါပဲ။ တိရစ္ဆာန်ဆေးကု ဆရာဝင်တွေက ဆီဇာဟာ အထောက်အပံ့ မပါဘဲ လမ်းလျှောက်နိုင်တော့မှာမဟုတ်ဘူးလို့ ကျွန်မကို သေချာရှင်းပြတယ်။ တကယ်ဆို ဆီဇာက အရမ်းတက်ကြွ ပျော်ရွှင်နေတတ်တဲ့ ခွေးကြီးပါ။ ဆီဇာ လမ်းလျှောက်နိုင်တော့မှာမဟုတ်ဘူးဆိုတဲ့ စကားက ကျွန်မအတွက် ထူးခြားလွန်းနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီဇာဟာ လမ်းမလျှောက်နိုင်တဲ့ လူတစ်ယောက် လမ်းလျှောက်နိုင်အောင် ကူညီပေးခဲ့ဖူးတယ် ဆိုတာကို ကျွန်မက ကိုယ်တိုင်ဖြတ်သန်းပြီး နားလည်ထားတယ်လေ။ ဆီဇာ နေမကောင်း မဖြစ်ခင် တစ်နှစ်လောက်မှာ ဆရာဝန်တွေက ကျွန်မ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာကို ကိုယ်တိုင် ကြုံဖူးတယ်”ဟု မက်ကီးက ဆိုသည်။
ဆီဇာကို မှီခို၍ လမ်းပြန်လျှောက်နိုင်အောင် လေ့ကျင့်ကြိုးစားရင်း မက်ကီးအနေဖြင့် သန်သန်စွမ်းစွမ်း ပြန်လည် လမ်းလျှောက်လာနိုင်ပြီးနောက် မကြာမီမှာပင် ဆီဇာထံမှ ညည်းညူသံများကို သူမ သတိပြုမိလာခဲ့သည်။ ဇန်နဝါရီလအတွင်းက ဆီဇာအနေဖြင့် နောက်ခြေထောက်ကို တရွတ်ဆွဲ သွားလာရင်း ရုန်းကန်နေရသည်ကိုလည်း သူမအနေဖြင့် သတိပြုမိလာပြီးနောက် ဆရာဝန်များနှင့် ပြသခဲ့ခြင်း ဖြစ်သည်။ ကျောရိုးဆစ်ဆိုင်ရာ အထူးကုပညာရှင်တစ်ဦးနှင့် စစ်ဆေးမှု ခံယူပြီးချိန်တွင် ဆီဇာ၏ ကျောရိုးတွင်း သွေးကြောထဲမှ သွေးခဲမှုကို အဖြေထုတ် အတည်ပြုနိုင်ခဲ့သည်။
“နောက်ပိုင်းမှာတော့ ဆီဇာက လမ်းမလျှောက်နိုင်တော့ဘူး။ ဒါပေမဲ့ သူ့မှာ နာကျင်နေတဲ့ အရိပ်အယောင်လည်း မမြင်ရတော့ဘူး။ ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်မရဲ့ သူငယ်ချင်း ဝမ်းနည်းမှိုင်တွေနေတာကို ကျွန်မဘယ်လိုမှ သည်းမခံနိုင်ဘူးလေ။ သူပြန်ပြီး လှုပ်ရှားနိုင်အောင်၊ သူပြန်ပြီး ပြေးလွှားနေနိုင်အောင် ကျွန်မ ကူညီဖို့ ဆုံးဖြတ်လိုက်တယ်”ဟု မက်ကီးက ဆိုသည်။ သူမ၏ စိတ်ကူးမှာ ဆီဇာ၏ နောက်ခြေထောက်များ နေရာတွင် ဘီးများ တပ်ဆင်ပေးရန် ဖြစ်သည်။

သို့သော်လည်း (၁၀)စတုံ အလေးချိန်ရှိသည့် ခွေးကြီးတစ်ကောင် လွတ်လပ်စွာ ရွေ့လျား ပြေးလွှားနေနိုင်လောက်အောင် အဆင်ပြေသည့် လှည်းငယ်တစ်ခု တည်ဆောက်ရန်မှာ အခက်အခဲများစွာ ရှိနေသည်။ မက်ကီးသည် ဗြိတိန်နိုင်ငံရှိ တိရစ္ဆာန်ချစ်သူများ စုဖွဲ့ထားသည့် အသင်းများကို ဆက်သွယ်ပြီး အကူအညီ တောင်းခံခဲ့သည်။ ၎င်းတို့ကလည်း စိတ်ပါလက်ပါ ကူညီခဲ့ကြသည်။ နောက်ဆုံးတွင် မသန်စွမ်း အိမ်မွေးခွေးများကို ကူညီပေးနေသည့် လန်ဒန်အခြေစိုက် Dogs on Wheels အဖွဲ့က မက်ကီး၏ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။
သာမန်အားဖြင့် စတာလင်ပေါင် (၂၀၀၀)မျှ ကျသင့်မည့် အထောက်အပံ့ လှည်းငယ်တစ်ခုကို အမေရိကန်မှ ဒီဇိုင်းတစ်ခုအား ကိုးကားပြီး စတာလင်ပေါင် (၅၀၀)မျှဖြင့် တည်ဆောက်နိုင်ရန် Dogs on Wheelsက ကူညီပေးခဲ့သည်။ မေလတွင် ဆီဇာအတွက် ဘဝအသစ် တစ်ခုကို မက်ကီးက လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ အထူးစီမံ ဖန်တီးထားသည့် တွန်းလှည်းကို ဆီဇာ၏ ခန္ဓာကိုယ်တွင် မက်ကီးကိုယ်တိုင် တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။
ဆီဇာသည် အစပိုင်းတွင် အတန်ငယ် ဆုတ်ဆိုင်းနေသော်လည်း ယခုအခါ လှည်းဘီးများနှင့် တစ်သားတည်း ကျသွားပြီ ဖြစ်သည်။ ၎င်းသည် ယခင်ကအတိုင်းပင် မြက်ခင်းပြင်များပေါ်တွင် လွတ်လပ်စွာ ပြေးလွှား ဆော့ကစားနေပြီ ဖြစ်သည်။ မက်ကီးအနေဖြင့် သူမ၏ ကျေးဇူးရှင်ကို အကောင်းဆုံး ကျေးဇူးပြန်ဆပ်နိုင်ခဲ့ပြီ ဖြစ်သည်။

“သူပြန်ပြေးလွှားလာနိုင်တဲ့နောက်ပိုင်း ဆီဇာရဲ့ ကျန်းမာရေးက ပြန်တိုးတက်လာတယ်။ အရင်တုန်းကဆိုရင် သူက တမှိုင်မှိုင် ဖြစ်နေရှာတာ”ဟု မက်ကီးက ကြည်နူးစွာဖြင့် ဆိုသည်။ “ကျွန်မတုန်းက သူကူညီခဲ့သလိုပဲ သူ့ရဲ့ ဒုက္ခဆိုးကနေ ကျွန်မက ပြန်ပြီး ဆွဲထုတ်ပေးလိုက်နိုင်ခဲ့ပြီ။ သူ့ရဲ့ နောက်ဘီးတွေက သူပြေးလွှားတဲ့နောက် လျှောက်လိုက်နေတာကို မြင်ရတာ၊ ဥယျာဉ်ထဲမှာ ဆီဇာ ဆော့ကစားနေတာကို မြင်ရတာ ကျွန်မအတွက် ဆုလာဘ် တစ်ခုပါပဲ။ ရှင်တို့ သဘောပေါက်မလားပဲ။ အခုဆိုရင် ဆီဇာဟာ သူ့ကိုယ်သူ ပကတိ ကျန်းမာသန်စွမ်းတဲ့ ခွေးတစ်ကောင်လိုပဲ ယုံကြည်ချက် ရှိနေပြီ”ဟု မက်ကီးက မှတ်ချက်ပြုခဲ့သည်။
သူမက “ကျွန်မနဲ့ ဆီဇာဟာ စစ်မှန်တဲ့ မိတ်ဆွေကောင်းတွေပေါ့။ ကျွန်မတို့ နှစ်ယောက်ဟာ အပြန်အလှန် ကူညီမှုတွေကြောင့် လမ်းပြန်လျှောက်နိုင်ခဲ့တယ်။ တစ်ယောက်ရဲ့ ဘဝကို တစ်ယောက်က အဖတ်ဆည်ပေးခဲ့တယ်။ ကျွန်မဘဝမှာ ဆီဇာရှိနေခဲ့တာ အရမ်းကံကောင်းပါတယ်”ဟုလည်း ပြောကြားသွားသည်။
_Ref: Dailymail
http://www.7daydaily.com/story/16409#.U83RFrEzakM

No comments:

Post a Comment