Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 29, 2014

စစ်တပ်၊ သမ နဲ့ လယ်ယာမြေကော်မရှင်ကို သဲကုန်းမှာ သင်္ဂြိုဟ်



“သူတို့လယ်သူတို့ပြန်ရဖို့ မျှော်လင့်ချက် နည်းလာလို့ သူတို့ တတ်နိုင်တဲ့ ဘက်က သူတို့လုပ်ဆောင်နေတယ်လို့ပဲမြင်ပါတယ်”

(ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)
.
သဲကုန်းမြို့နယ်က တောင်သူတွေဟာ တခြားဒေသက တောင်သူတွေလိုပဲ အသိမ်းခံရတဲ့ လယ်ယာမြေ ပြန်ရချင်ကြပါတယ်။

ထူးခြားချက်တခုကတော့ သဲကုန်းတောင်သူတွေက သိမ်းမြေ ပြန်ရဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုနေခြင်းပါပဲ။

အင်္ဂါနေ့ ညနေပိုင်းမှာတော့ အုတ်ဖိုကျေးရွာအုပ်စု၊ အောင်ကုန်းကျေးရွာ တောင်သူတွေက သူတို့ရွာသင်္ချိုင်းမှာ ခေါင်းတလား ၃ ခုကို မီးရှို့ကြပါတယ်။

ကျိန်စာတိုက်မီးရှို့ပွဲမှာ သုံးတဲ့ ခေါင်းတလား ၃ ခုမှာတော့ စစ်တပ်၊ သမဝါယအသင်း၊ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ရဲ့ အမည်တွေ ရေးထားတာပါ။

ကော်မရှင်က မြေမသိမ်းပေမယ့် ကျိန်စာတိုက်မီးရှို့တဲ့အစီအစဉ်ထဲ ရောက်သွားရခြင်း အကြောင်းကို မြေသိမ်းခံရသူတဦးဖြစ်တဲ့ ကိုပေါက်စရဲ့ ရှင်းပြချက်ကို ကြည့်ရှင် ရှင်းသွားပါလိမ့်မယ်။

“ကျနော်တို့ လယ်ယာမြေက ကျနော်ဘဝပါ။ ကျနော်တို့ဘဝတွေ ပျက်ခဲ့ရသလို သူတို့တွေကို မုန်းတီး လွန်းလို့ အခုလိုအခေါင်းပုံတွေမှာ သူတို့ရဲ့သက်ဆိုင်တဲ့ နာမည်တွေတပ်ပြီးမီးရှို့တာပါ
အခေါင်းတွေက အင်မစစ်တပ် ခလရ(၈၀)ရယ်၊ အမှတ်(၃) သမဝါယမအသင်းရယ်၊ ကျနော်တို့တိုင်ကြားစာတွေကို လစ်လျူရှုထားတဲ့ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်ရယ်”

ကျိန်စာတိုက်မီးရှို့ကြတဲ့ ဒေသခံတွေဟာ သူတို့လယ်တွေ ပြန်ရဖို့ ဥပဒေကြောင်းအရ ကြိုးစားခဲ့၊ ဆန္ဒပြ တောင်းဆိုခဲ့သူတွေပါ။
သပိတ်စခန်းဖွင့်ထားတာလည်း အခုထက်ထိ မပိတ်ကြသေးပါ။

အချိန်ကတော့ လယ်လုပ်ရမယ့်ကာလ ဖြစ်နေပြီလို့ ကိုပေါက်စက ပြောပါတယ်။

“သမ္မတရော၊ ကာချုပ်ရော ပြန်ပေးမယ်လို့ ပြောထားပြီ၊ အခုလယ်လုပ်ရမယ့် အချိန် ရောက်နေပြီ၊ ဘာတခုမှ မသိရသေးဘူး။ အဲဒီတော့ စစ်တပ်ရော အစိုးရရော တောင်သူတွေကို ပုံပြောနေတယ်လို့ပဲ မြင်တယ်။ တကယ်ပေးချင်ရင် ပေးလို့ရတာကြာနေပါပြီ”

ဒီလယ်တွေကို ဗိုလ်ချုပ်ကြီးတွေ ဘောင်းဘီမချွတ်ခင် ၁၉၉၉ ခုနှစ် ဧပြီလက သိမ်းခဲ့ခြင်းပါ။
တောင်သူတွေရဲ့ တိုင်ကြားစာတွေအရဆိုရင်…
အောင်ကုန်း၊ သင်တော၊ ကစွန်းအင်း၊ ရင်းတိုက်တန်း၊ နှောကုန်း၊ ဆောက်ခြုံကြီးကျေးရွာတွေတဝိုက် လယ်ဧက တထောင်ကျော်ကို ရေနက်ကွင်း ဖော်ထုတ်မယ် ဆိုပြီး ဗိုလ်ချုပ်ကြီးတွေ သိမ်းပါတယ်။

၃ နှစ်အကြာမှာတော့ လယ်တွေကို အမှတ်(၃) လယ်ယာလက်ကား သမဝါယမအသင်း လီမီတက်လက်ထဲ ထည့်ပါတယ်။

သမဝါယမအသင်းရဲ့ အသံ
အဲဒီသမအသင်း ဥက္ကဋ္ဌ ဦးထိုင်ထိုင်ကို ဧရာဝတီက သွားရောက်တွေ့ဆုံမြေးမြန်းခဲ့ရာ သူကအခုလိုရှင်းပြပါတယ်။
“ကျနော် လယ်သမားတွေနဲ့ ပြဿနာ မဖြစ်ချင်ပါဘူး။ နိုင်ငံတော်အစိုးရက
ပြန်ပေးလိုက်လို့ အမိန့်ကျလာတာနဲ့ ကျနော်ပြန်ပေးဖို့ အသင့်ပါ။ ကျနော်ကို
ခရိုနီ ခရိုနီလို့ သူတို့ နာမ်စားသုံးတယ်။ ကျနော် လုံးဝ ခရိုနီ မဟုတ်ဘူး။
အဲဒိအာဏာပိုင်တွေနဲ့ ပတ်သက်လာရင် ကျနော် အလကားရတာ ဘာမှမရှိဘူး။
ဘာအခွင့်အရေးမှလည်းမရှိဘူး”

သူတို့ကို အကြံပြုချင်တာကတော့ လာရောက် ညှိနှိုင်းဖို့ပါပဲ တဲ့။

“သူတို့ပြောတာ ၁၁၅၉ ဧကလို့ပြောတယ်။
ကျနော် တကယ်လုပ်နေတာ ဧက (၆၀၀)ပဲရှိတယ်။
ကျန်တဲ့ ဧကတွေပြန်လျှောက်ပြီး လာလုပ်လို့ရပါတယ်။ လွတ်နေတဲ့ နေရာတွေအများကြီးပါ။
တရားဥပေဒအတိုင်း ဆိုရင် တရားမမှု အမှုတခု ဘယ်လောက်ကြာတယ် ဆိုတာ သူတို့ထက်ကျနော်ပိုသိတယ်။ သူတို့တွေပဲ နစ်နာမှာ။ အဲဒါကြောင့် အရင်လာညှိစေချင်တယ်”

ကော်မရှင်ရဲ့ အသံ
သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်က အဖွဲ့ဝင် တဦးလည်းဖြစ်တဲ့ ဦးစိုးအောင်ကိုလည်း ဧရာဝတီက မေးမြန်းခဲ့ရာမှာ သူကအခုလို ပြောပါတယ်။
“ကျနော် သူတို့လယ်တွေပြန်ရဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။
ပြန်ရစေရမယ်လို့ ကျနော် သူတို့ကို ကတိမပေးချင်ဘူး။
ဒါပေမဲ့ကျနော်အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။
အခုလို ကျိန်စာတိုက်ပွဲတွေ တရားမဝင်ဆန္ဒပြတောင်းဆိုနေတဲ့အပေါ်မှာ ကျနော်ကတော့ ဘာမှ မပြောလိုပါဘူး။
သူတို့ဆန္ဒရှိတဲ့အတိုင်း လုပ်ကြတာပါ။
ဒီလိုလုပ်တယ်ဆိုတာလဲ သူတို့လယ်သူတို့ပြန်ရဖို့ မျှော်လင့်ချက် နည်းလာလို့ သူတို့ တတ်နိုင်တဲ့ ဘက်က သူတို့ လုပ်ဆောင်နေတယ်လို့ပဲမြင်ပါတယ်”

ဧရာဝတီ

No comments:

Post a Comment