CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, March 6, 2014
ကျောက်တန်း မင်းကျောင်းလမ်းတွင် မျက်နှာဖုံးစွပ် အမျိုးသားက ဓားထောက်ကာ ကျပ်သိန်း ၈၀ ကို လုယက်
ကျောက်တန်း၊ မတ် ၅
ကျောက်တန်းမြို့နယ် အလယ်ပိုင်းရပ်ကွက် မင်းကျောင်းလမ်းရှိ အိမ်တစ်လုံးတွင် မတ်လ ၄ ရက်နေ့ နံနက် ၇ နာရီခန့်က မျက်နှာဖုံး စွပ်ထားသော အမျိုးသားတစ်ဦး ဓားကိုင်ကာ အသက် ၆၀ နှစ်အရွယ် အိမ်ရှင် အမျိုးသမီး ဒေါ်စန်းဝင်း၏ ခြေလက်တို့ကို ကြိုးတုပ်၍ ငွေကျပ် သိန်း ၈၀ လုယက်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
အဆိုပါအိမ်တွင် ဒေါ်စန်းဝင်း တစ်ဦးတည်း ရှိနေစဉ် ကလေးကစားသည့် သရဲရုပ်ပုံ မျက်နှာဖုံးကို စွပ်ထားသော အမျိုးသားတစ်ဦးက ဓားရှည် ကိုင်ဆောင်၍ နေအိမ်ပေါ် တက်လာပြီး ဒေါ်စန်းဝင်း၏ ခြေနှင့် လက်တို့ကို ကြိုးဖြင့်တုပ်၍ ဗီရိုအတွင်း သိမ်းဆည်းထားသော ငွေကျပ် သိန်း ၈၀ ကို လုယက်ကာ ထွက်ပြေးခဲ့ကြောင်း ကျောက်တန်းမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“အိမ်မှာ လင်မယား နှစ်ဦးတည်း နေတာ။ ယောက်ျားက လမ်းထိပ် လက်ဖက်ရည်ဆိုင် ထွက်ထိုင်တုန်း ဝင်လုခံရတာ။ အော်ရင် သတ်ပစ်မယ် ပြောပြီး ငွေတွေ ယူသွားတာ။ ပြီးတော့ မီးဖိုချောင် တံခါးပေါက်နားမှာ ခြေလက်တွေ ကြိုးတုပ်ပြီး ထားခဲ့တာကို ယောက်ျားဖြစ်သူ ပြန်လာမှ တွေ့တာ” ဟု ၎င်းကဆက်လက် ပြောကြားသည်။
မျက်နှာဖုံးစွပ်ပြီး လုယက်ခဲ့သော အဆိုပါ အမျိုးသားမှာ ခါးကိုင်းနေသူ ဖြစ်ပြီး အင်္ကျီအဖြူ လက်ရှည်၊ ပုဆိုးအဝါဖျော့ ဝတ်ဆင်ထားကာ အရပ်ရှည်သူ တစ်ဦးဖြစ်ကြောင်း လုယက်ခံရသူ အိမ်ရှင်အမျိုးသမီး၏ ထွက်ဆိုချက် အရ သိရှိရပြီး လတ်တလောတွင် သံသယ ရှိသူများကို စခန်းသို့ ခေါ်ယူ စစ်ဆေးလျက် ရှိကြောင်း အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
“အိမ်ထဲမှာ ငွေတွေ ဘယ်နေရာမှာ သိမ်းထားတယ် ဆိုတာကို အခု လုတဲ့သူက သိနေတာကြောင့် အိမ်အဝင်အထွက် ရှိခဲ့ဖူးသူထဲက တစ်ဦးဦး ဖြစ်နိုင်တယ်လို့ ရဲအရာရှိက ယူဆတယ်။ ငွေလုယက်သွား သူကိုတော့ လတ်တလော မမိသေးဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မျက်နှာဖုံးစွပ်ပြီး ငွေကျပ် သိန်း ၈၀ ကို လုယူ ထွက်ပြေးခဲ့သော အမျိုးသားကို ကျောက်တန်းမြို့မ ရဲစခန်းမှ (ပ) ၃၇/ ၁၄၊ ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
The Voice Weekly
ကျောက်တန်း မင်းကျောင်းလမ်းတွင် မျက်နှာဖုံးစွပ် အမျိုးသားက ဓားထောက်ကာ ကျပ်သိန်း ၈၀ ကို လုယက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 06, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 06, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment