Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 3, 2014

ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်း တူရကီ လူမှုအဖွဲ့အစည်း လှူဒါန်း

ရန်ကုန်၊ မတ် ၂

တူရကီနိုင်ငံ သဘာဝ ဘေးအန္တရာယ်နှင့် အရေးပေါ် အကူအညီပေးရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် AFAD က ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဒဏ်သင့် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈သန်းကို ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တစ်ဆင့် လှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့၏ အကြီးတန်း အရာရှိ Dominique Hyde က ပြောကြားသည်။

အဆိုပါ အဖွဲ့အစည်းသည် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ တစ်ဆင့် ဒုက္ခသည် စခန်းများတွင် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အရေးပေါ် လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ရန် အတွက် ယင်းသို့ လှူဒါန်းခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းအထောက်အပံ့ ပစ္စည်းများတွင် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ၏ ကျန်းမာရေးအတွက် အရေးကြီးသည့် သောက်သုံးရေကို အဓိကထား ထောက်ပံ့သွားမည် ဖြစ်ကြောင်း AFAD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ဘယ်အဖွဲ့အစည်းက လှူဒါန်းတာပဲ ဖြစ်ဖြစ် ကျွန်တော်တို့က လူ့အဖွဲ့အစည်း နှစ်ခုလုံးကို မျှတအောင် ပြန်ခွဲဝေ ပေးပါတယ်” ဟု ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး အရာရှိ ဦးလှသိန်းက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကပင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် ၄၀၀၀ ကျော် အတွက် တူရကီနိုင်ငံ အခြေစိုက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် (IHH) က အစားအစာ အပါအဝင် အခြေခံ အထောက်အပံ့များ လှူဒါန်းခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

အစ္စလာမ္မစ်နိုင်ငံ တစ်ခုဖြစ်သည့် တူရကီနိုင်ငံမှ အလှူရှင်များ စုပေါင်း၍ ရခိုင်ပြည်နယ် အတွင်းရှိ ပဋိပက္ခ ဒဏ်သင့် ဒုက္ခသည်များကို ထောက်ပံ့ရန် အတွက် ၂၀၁၂ ခုနှစ်အတွင်းက အမေရိကန် ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့သည်။

အလားတူပင် တူရကီနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mr. Ahmet Davutoglu သည် ၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းက မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ် ရောက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ပဋိပက္ခ ဒဏ်သင့် ဒုက္ခသည်များ အတွက် အစားအစာနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့သည်။

No comments:

Post a Comment