Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 23, 2014

ဝမ်ပေါင် ကုမ္ပဏီတွင် ဒေါ်လာ နှစ်ရာ့လေးဆယ် ရမှသာ လက်ပံတောင်း ဒေသခံများ အလုပ်ဝင်မည်

23 March 2014 16:18


ကျိုင်းတုံ၊ မတ် ၂၂

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဝင်ရောက် လုပ်ကိုင်ရန်အတွက် ဝမ်ပေါင်ကုမ္ပဏီက စာတွေ့လက်တွေ့ သင်တန်းပေးလျက် ရှိသည့် ကျေးရွာ ၂၆ ရွာမှ ဒေသခံ ဘွဲ့ရလုပ်သားများက အခြေခံလစာ တစ်လလျှင် အမေရိကန်ဒေါ်လာ နှစ်ရာ့လေးဆယ် ရမှသာ လုပ်ကိုင်မည် ဖြစ်ကြောင်း ဘွဲ့ရ လုပ်သားများက ပြောကြားသည်။

“ဝမ်ပေါင်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှု နှစ်ကြိမ် ပြုလုပ်ပြီးပါပြီ။ မနေ့က (မတ်လ ၂၁ ရက်နေ့) မှာ နောက်ဆုံး တွေ့ဆုံခဲ့တာပါ။ ပြေလည်မှု မရတဲ့အတွက် ဒီနေ့ (မတ်လ ၂၂ ရက်နေ့) က စပြီး ကျွန်တော်တို့ ဒေသခံ ဘွဲ့ရလုပ်သား ၂၃၄ ယောက်လုံး အလုပ် မဆင်းတော့ပါဘူး။ လက်ရှိ သူတို့ပေးတဲ့ လစာက တစ်လမှ မြန်မာငွေနဲ့ တွက်ရင် ကျပ်တစ်သိန်းကျော်လေးပဲ ရတယ်။ လုပ်ရတဲ့ လုပ်ငန်းခွင်က အန္တရာယ်များတယ်။ ဒီငွေနဲ့ဆိုရင်တော့ ဆက်မလုပ်နိုင်ဘူး” ဟု ဖောင်းကတာ ကျေးရွာမှ ဘွဲ့ရလုပ်သား အမျိုးသားတစ်ဦးက ပြောကြားသည်။

လုပ်ငန်းခွင် ဝင်ရောက်တော့ခြင်း မရှိတော့သည့် လုပ်သားများသည် မတ်လ ၂၂ ရက်နေ့က လက်ပံတောင်းတောင် စီမံကိန်းအနီး သတိပဋ္ဌာန် ဝိပဿနာ ကံကြီးအောင် ကျောင်းတိုက်တွင် စုဝေးခဲ့ကာ တောင်းဆိုလိုသည့် အချက်များကို ဆွေးနွေးခဲ့ပြီး လစာတိုးမြင့် ရရှိရေးအတွက် တောင်းဆိုမည့် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ဒီသင်တန်းသားတွေကို ခေါ်ကတည်းက ကြော်ငြာမှာ အခြေခံလစာ အမေရိကန်ဒေါ်လာ ၁၂၀ ပဲ ရမယ်ဆိုတဲ့ အချက်နဲ့ ကုမ္ပဏီက ကြော်ငြာခဲ့တယ်။ နောက် ဝန်ထမ်းရွေးချယ်ရေး အဖွဲ့တွေကလည်း လစာငွေကို ကြိုပြောခဲ့တယ်လို့ သိရပါတယ်။ တောင်းဆိုတာကတော့ သူတို့ အခွင့်အရေးပေါ့၊ တောင်းဆိုလို့ ရပါတယ်” ဟု မြန်မာဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

စာတွေ့လက်တွေ့ သင်တန်းသည် ယခုလ မတ်လ ၂၆ ရက်နေ့တွင် ပြီးဆုံးတော့မည် ဖြစ်ပြီး လုပ်သားများနှင့် ကုမ္ပဏီကြား စာချုပ် ချုပ်ဆိုရတော့မည် ဖြစ်ကြောင်း၊ လုပ်သားများက အမေရိကန် ဒေါ်လာ၂၄၀ ထိ တိုးမြှင့် ရရှိစေလိုခြင်း ဖြစ်ကာ လက်ရှိ ဝမ်ပေါင်တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် အထွေထွေ လုပ်သားတစ်ဦး၏ လစာမှာ အမေရိကန်ဒေါ်လာ ၁၁၀ ရရှိနေပြီး ဘွဲ့ရထားသည့် လုပ်သားများ ဖြစ်၍ လစာတိုးမြှင့် ရရှိလိုခြင်း ဖြစ်ကြောင်း ဘွဲ့ရလုပ်သား အများစုက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment