လွှတ်တော် နိုင်ငံရေးထဲ ဝင်ရောက်မည်ဟု ပြော ဆိုထားသော ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား အချို့သည် ယခုနှစ် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲကိုမူ ဝင်ရောက် ယှဉ်ပြိုင်ဦးမည် မဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးမြအေးက The Voice သို့ ပြောကြားသည်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအတွင်း ချမှတ်ထားသော မူဝါဒအရ ကြားဖြတ် ရွေးကောက်ပွဲသို့ ဝင်ရောက် မယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“၈၈ ကို ကိုယ်စားပြုပြီးတော့ မပြိုင်ဘူး။ တစ်သီးပုဂ္ဂလ အနေနဲ့တော့ ပြိုင်ချင်ရင် ပြိုင်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဝင်မပြိုင်ဘူး ဆိုတာ သေချာတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ဦးကိုကိုကြီးကမူ လွှတ်တော်အတွင်း နိုင်ငံရေး လုပ်မည်ဟု ကြေညာ ထားသောကြောင့် ကြားဖြတ် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် မပြိုင် မပြောနိုင်ကြောင်း ၎င်းကဆိုသည်။
ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်များကို အရပ်ဘက် လူ့အဖွဲ့အစည်း လှုပ်ရှားမှုများမှ လွှတ်တော် နိုင်ငံရေးသို့ ကူးပြောင်းလုပ်ရန် ဆုံးဖြတ်ချက် ချထားပြီး မည်သည့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည်ကို ထုတ်ဖော် မပြောနိုင်သေးကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက The Voice သို့ ပြောကြားထားသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် အရပ်ဘက် လူ့အဖွဲ့အစည်းအဖြစ် ပြုပြင်ပြောင်းလဲရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ဟောပြော ဆောင်ရွက်နေပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံထားသည်။
ယင်းအပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာခဏ တွေ့ဆုံလေ့ ရှိသည်။
ယင်းသို့ ကြားဖြတ် ရွေးကောက်ပွဲသို့ ၈၈ မျိုးဆက်များ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသော်လည်း လွှတ်တော်အတွင်း အင်အားကြီး ပါတီ နှစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတို့က လစ်လပ် မဲဆန္ဒနယ်များ အားလုံးသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာထားသည်။
နယ်မြေ အေးချမ်းမှု မရှိသဖြင့် ရွေးကောက်ပွဲ မကျင်းပခဲ့ရသည့် ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယ အကြိမ်မြောက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပပေးမည် ဖြစ်ကြောင်း၊ ကျင်းပမည့် အချိန်ကို သုံးလ ကြိုတင် ကြေညာပေးသွားမည် ဖြစ်ကြောင်း မတ်၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။
The Voice Weekly

No comments:
Post a Comment