Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

တရုတ်လယ်သမားကြီး၏ လက်လုပ် Lamborghini မော်တော်ကားလေး




 
Monday, February 24, 2014

နောက်ကြည့်မှန်၊ ဟွန်း၊ စတီရီယိုစနစ်တို့အပြင် ကားကိုနောက်ပြန်ဆုတ်နိုင်မည့် ဂီရာစနစ်ပင် ပါဝင်သည်။

Lamborghini ကုမ္ပဏီထုတ် ဇိမ်ခံပြိုင်ကား တစ်စင်းကို ဝယ်စီးနိုင်ရန် ဆိုသည်မှာ ဒေါ်လာ၊ ပေါင်စတာလင် သိန်းနှင့်သန်းနှင့်ချီ ကြွယ်ဝမှသာ ဖြစ်နိုင်မည့် အခြေအနေမျိုးဟု ဆိုရမည်သာ။ သာမန် လယ်သမား တစ်ဦးအတွက်မူ အိပ်မက်ဆိုသည်ထက် မပိုချေ။ သို့သော်လည်း ဂူရိုဟုခေါ်သည့် တရုတ်လယ်သမား တစ်ဦးကမူ Lamborghiniကို ကိုယ်တိုင်ပင် မစီးဘဲ ၎င်း၏ မြေးလေးအတွက် လက်ဆောင်ပေးထားလိုက်သည်။

အမှန်ပင် ယင်းLamborghini မော်တော်ကားလေးကို ဂူရို၏ အသက်(၄)နှစ်ဝန်းကျင် မြေးလေးက ပိုင်ဆိုင်နေသည်။ သို့သော်လည်း ဂူရိုမှာ အီတလီ မော်တော်ကား ကုမ္ပဏီထံမှ Lamborghini ကားသစ်ကြီး ဝယ်ပေးထားခြင်း မဟုတ်ဘဲ ကလေးငယ် စီးနင်းနိုင်မည့် ကားငယ်လေးကို ကိုယ်တိုင် ဖန်တီးပေးထားခြင်း ဖြစ်သည်။ ယင်းမှာ အရုပ်ကားလေးဟု မှတ်ချက်ပေးရန် ခက်ခဲပြီး တစ်နာရီလျှင် မိုင်(၆၀)နှုန်းထိ မောင်းနှင်နိုင်စွမ်း ရှိနေသည်။ အလျား(၂)မီတာနှင့် အနံ(၁)မီတာရှိသော ကားငယ်လေးတွင် ဂူရို့မြေးလေး တက်ထိုင်နိုင်သည်သာ မကဘဲ ဂူရိုကိုယ်တိုင် ကားကိုဝင်၍ မောင်းနှင်နိုင်သည်။

ယင်းမော်တော်ကားလေးကို ဂူရိုက (၆)လကြာ အချိန်ယူ ဆောက်လုပ်ခဲ့ရသည်။ သတ္တုအပိုင်းအစလေးများကို ဆက်စပ်ပြီး တည်ဆောက်ထားသော ကားလေးသည် ယခုအခါ ဇန်ဇူးဒေသခံများ စိတ်ဝင်စားစရာ ဖန်တီးမှုလေး ဖြစ်လာသည်။ မော်တော်ကားသည် မြို့ထဲတွင် လှည့်ပတ်မောင်းနှင်နိုင်သလို တံခါးများကလည်း တကယ့်Lamborghini ကားကဲ့သို့ စင်ရော်တောင်ပံသဖွယ် ပြန့်ကားအောင် ဖွင့်ရခြင်း ဖြစ်သည်။ နောက်ကြည့်မှန်၊ ဟွန်း၊ စတီရီယိုစနစ်တို့အပြင် ကားကိုနောက်ပြန်ဆုတ်နိုင်မည့် ဂီရာစနစ်ပင် ပါဝင်သည်။ ယင်းအတွက် ဂူရိုအနေဖြင့် ယွမ်(၅၀၀၀) တစ်နည်းအားဖြင့် စတာလင်ပေါင် (၅၀၀၀)မျှ ကုန်ကျခဲ့သည်။

အသက်(၅၀)ဝန်းကျင်ရှိ ဂူရိုသည် ကားပေါ်တွင် Lamborghini အမှတ်တံဆိပ်ကိုပင် ထည့်သွင်းတပ်ဆင်ထားသေးသည်။ "ကျွန်တော့်မြေးလေးအတွက် ကစားစရာပေါ့ဗျာ။ နောက်ဆိုရင် သူကိုယ်တိုင် မောင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ခုဆိုရင် သူ့ကို ကျောင်းပို့တဲ့အခါ လမ်းပေါ်မှာ ကျွန်တော်က ကားမောင်းသွားတယ်။ လျှပ်စစ်စက်ဘီး စီးရတာထက်တောင် သက်တောင့်သက်သာ ရှိသေးတယ်"ဟုလည်း ဂူရိုက ဇန်ဇူးညနေခင်း သတင်းစာသို့ ပြောကြားခဲ့သည်။ ကားလေးတွင် လောင်စာအဖြစ် လျှပ်စစ်စွမ်းအင်ကို အသုံးပြုပြီး ဘက်ထရီ(၅)လုံး ထည့်သွင်းထားကာ တစ်ကြိမ်အားသွင်းပြီးလျှင် (၃၇)မိုင်ထိ ခရီးပေါက်အောင် မောင်းနှင်နိုင်ကြောင်း သိရသည်။

Planet Myanmar Network














No comments:

Post a Comment