Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

ဧရာဝတီစာပေပွဲတော် ဒုတိယနေ့သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး စာပေသူရဲကောင်းများနှင့် ဗီလိန်များ ခေါင်းစဉ်ဖြင့် ၀င်ရောက်ဆွေးနွေး


မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသော ဧရာဝတီနိုင်ငံတကာ စာပေပွဲတော်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ပြည်တွင်းပြည်ပ စာရေးဆရာ၊ ဆရာမကြီးများနှင့်အတူ “စာပေသူရဲကောင်းများနှင့် ဗီလိန်များ” ခေါင်းစဉ်ဖြင့် ၀င်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မန္တလေးတောင်ဟိုတယ်တွင် ကျင်းပသော ဧရာဝတီစာပေပွဲတော်သို့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ ပြည်တွင်းပြည်ပ စာရေးဆရာများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် နံနက် ၁၁ နာရီအချိန်က အင်္ဂလန်နိုင်ငံမှ စာရေးဆရာမ Dame Joan နှင့် တစ်နာရီနီးပါး အမေးအဖြေပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြည်တွင်းပြည်ပမှ စာရေးဆရာ ငါးဦးနှင့် တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နံနက်ပိုင်း၌ အင်္ဂလန်နိုင်ငံမှ စာရေးဆရာမ Dame Joan က ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျစဉ် ခံစားမှုများ၊ ဘာသာရေးလုပ်ဆောင်မှုများနှင့် အခြားကိုယ်ရေးကိုယ်တာများကို မေးမြန်းခဲ့ပြီး မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်တွင်းစာရေးဆရာ ဦးသော်ကောင်း၊ အမျိုးသားစာရေး ဆရာကြီးတစ်ယောက် အပါအ၀င် နိုင်ငံခြားသားစာရေးဆရာ သုံးဦးက မိမိတို့၏ဘ၀တွင် လေးစားအားကျရသော စာရေးဆရာကြီးများအကြောင်း စာပေသူရဲကောင်းများအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

“မနက်ပိုင်း ဒေါ်စုနဲ့ဆွေးနွေးတဲ့ အင်္ဂလန်နိုင်ငံက စာရေးဆရာမက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျတုန်းက ဘယ်လိုခံစားခဲ့ရတာတွေ၊ ဘာသာရေးပြုလုပ်ပုံတွေနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကို မေးမြန်းခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာတော့ ပြည်တွင်းစာရေးဆရာ ဦးသော်ကောင်း၊ အမျိုးသားစာရေးဆရာကြီးတစ်ယောက် အပါအ၀င် နိုင်ငံခြားသားစာရေးဆရာသုံးဦး နဲ့ “စာပေသူရဲကောင်းများနှင့် ဗီလိန်များ”ခေါင်းစဉ်ကို ဆွေးနွေးခဲ့ပြီး အစီအစဉ်ပြီးတဲ့နောက် ဧည့်ခံကျွေးမွေးတဲ့နေရာမှာ နိုင်ငံတကာက စာရေးဆရာတွေနဲ့ တွေ့ဆုံပြီးစကားပြောခဲ့ကြတယ်”ဟု ဧရာဝတီစာပေပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်မြင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၅ရက်တွင် ဧရာဝတီစာပေပွဲတော်၌ ဟိုတယ်အတွင်းရှိ ခန်းမ ငါးနေရာတွင် ပြည်တွင်း၊ ပြည်ပစာရေးဆရာများက စာပေဆိုင်ရာ စာတမ်း ၃၀ ကျော်အား အသီးသီးဖတ်ကြားသွားခဲ့ကြောင်း၊ ဖတ်ကြားခဲ့သည့် စာတမ်းများတွင် မန္တလေးနှင့် သက်ဆိုင်သည့် စာတမ်းများ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ စာတမ်းများ၊ လူကုန်ကူးမှု အကြောင်းစာတမ်းများ၊ ရသစာတမ်းများ၊ နိုင်ငံတကာမှ စာတမ်းများ၊ အတ္ထုပ္ပတ္တိများ စသည့် ခေါင်းစဉ်များပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက် ဧရာဝတီစာပေပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ မန္တလေးကုသိုလ်တော်ဘုရားဝင်းတွင် သုံးရက်တိုင် ကျင်းပသွားရန် မူလကစီစဉ်ခဲ့သော်လည်း အဆိုပါနေရာသည် Memory of the World အဖြစ် စာရင်းဝင်ထားပြီး Conservation အထူးအာရုံပြု ဆောင်ရွက်နေသည့်ဇုန်တစ်ခု ဖြစ်သဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်မရရှိ၍ Mandalay Hill Resort Hotel သို့ပြောင်းရွှေ့ကျင်းပခဲ့ရကြောင်း သိရသည်။

(ဧရာဝတီစာပေပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဆွေးနွေးမှုပြုလုပ်နေစဉ်)
Eleven Media Group

No comments:

Post a Comment