Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 22, 2014

နေပြည်တော်အတွက် တောင်းခံသော ဘဏ္ဍာငွေမှ ကျပ် ၉၆ ဘီလီယံလျှော့ချရန် လွှတ်တော်တင်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

အဆောက်အအုံများ ထပ်မံဆောက်ရန် အဓိက တောင်းခံထားသော နေပြည်တော် ကောင် စီနယ်မြေအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အသုံးပြုမည့် တောင်းခံငွေ များထဲမှ ငွေကျပ် ၉၆ ဘီလီယံကို လျှော့ချရန် ပြည်ထောင်စု လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ကြောင်း ယင်းအဆို တင်သွင်းသူ ပြည်သူ့ငွေစာရင်း ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမိုးဇော်ဟိန်းက ပြောကြားသည်။

ယင်းအဆိုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဆွေးနွေးစဉ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် ကောင်စီနယ်မြေတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျပ် ၁၉၆ ဒသမ ၉၄၅ ဘီလီယံ အသုံးပြုရန် အစိုးရက တောင်းခံထားပြီး ၉၆ ဒသမ ၇၂၁ ဘီလီယံကို လျှော့ချရန် ပြည်သူ့ငွေစာရင်း ကော်မတီက ဆုံးဖြတ်ခဲခြင်းကြောင့် ယင်းကဲ့သို့ အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း ဦးမိုးဇော်ဟိန်းက ရှင်းပြသည်။
“နေပြည်တော်မှာ လုပ်မယ့် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို စိစစ်ပြီးမှ လျှော့ချဖို့ အဆိုတင်ခြင်း ဖြစ်ပါတယ်။ ဖြတ်တောက်ငွေတွေကို တကယ်လိုအပ်နေတဲ့ ကဏ္ဍတွေမှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းကဲ့သို့ နေပြည်တော် ကောင်စီအတွက် အသုံးပြုရန် အစိုးရ တောင်းခံထားသော ဘဏ္ဍာငွေ လျှော့ပစ်ရန် အဆိုတင်သွင်း ထားသော်လည်း ယင်းအဆိုကို မည်သည့်နေ့တွင် မဲခွဲဆုံးဖြတ်ရန်ကိုမူ ပြည်ထောင်စု လွှတ်တော် နာယက က ဆုံးဖြတ်သွားခြင်း မရှိပေ။

နေပြည်တော်ကောင်စီ နယ်မြေအတွက် တောင်းခံထားသော ဘဏ္ဍာငွေများမှ လမ်းနှင့်တံတား လုပ်ငန်းတွင် ၂၇ ဒသမ ၁၃၄ ဘီလီယံ၊ ရေရရှိရေး လုပ်ငန်းတွင် ၃၆ ဒသမ ၄၂၈ ဘီလီယံ၊ အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းတွင် ၂၁ ဒသမ ၉၇၁ ဘီလီယံ၊ လျှပ်စစ်ဓာတ်အား ပေးရေး လုပ်ငန်းတွင် ၅ ဒသမ ၁၈၆ ဘီလီယံနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းတွင် ၅ ဘီလီယံ စုစုပေါင်း ၉၆ ဒသမ ၇၂၁ ဘီလီယံကို လျှော့ချ ဖြတ်တောက်ထားကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါ လျှော့ချ လုပ်ငန်းများတွင် ပါဝင်သော နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိဆေးရုံတွင် ဓာတ်ရောင်ခြည် ကုသစက်နှင့် ဆေးရုံသုံး ပစ္စည်းများအတွက် လျာထားငွေ ၇ ဒသမ ၆၀၃ ဘီလီယံကို ကျန်းမာရေး ဝန်ကြီးဌာန ရသုံးစာရင်းတွင် ပြောင်းလဲပြီး တိုက်နယ်ဆေးရုံများ ကျေးလက် ကျန်းမာရေး ဌာနများအတွက် ပြောင်းလဲသုံးစွဲရန် တိုက်တွန်းထားကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီထံမှ သိရသည်။

အလားတူ ဖြတ်တောက်ငွေ ၇၉ ဒသမ ၁၁၈ ဘီလီယံကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှီ လျှပ်စစ် မီးလင်းရေး လုပ်ငန်းများတွင် ပြောင်းလဲသုံးစွဲရန် တိုက်တွန်းထားကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ စိစစ်တွေ့ရှိချက်များအရ သိရသည်။

ထို့ပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်အတွက် နေပြည်တော် ကောင်စီနယ်မြေ ဘဏ္ဍာငွေ တောင်းခံမှုမှာ ယခု (၂၀၁၃-၂၀၁၄) ဘဏ္ဍာနှစ်ထက် ၁၈ ဘီလီယံကျော် မြင့်တက်နေကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ကော်မတီက ထောက်ပြထားသည်။

The Voice Weekly

No comments:

Post a Comment