Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 19, 2014

သန်းခေါင်စာရင်း ကောက်ယူချိန်တွင် ရှမ်းနီလူမျိုးအမည် ထည့်သွင်းရန် လက်ကမ်းစာစောင်ဖြင့် နှိုးဆော်


မိုင်းတုံ၊ ဖေဖော်ဝါရီ ၁၈

သမိုင်းကြောင်းအရ တည်ရှိခဲ့ပြီး ရှမ်းပြည်နယ်အတွင်း အခြားဒေသများတွင် နေထိုင်ကြသည့် ရှမ်းနီလူမျိုး များသည် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူချိန်တွင် လူမျိုးအမည် နေရာ၌ လူမျိုးအမှန်ဖြစ်သည့် ရှမ်းနီဟုသာ ထည့်သွင်းကြရန် လက်ကမ်း စာစောင်များ ကမ်း၍ နှိုးဆော်လျက်ရှိ ကြောင်း ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြောကြားသည်။

ရှမ်းနီလူမျိုးများ၏ ဆန္ဒနှင့် ပါတီ၏ အခြေခံသဘောဆန္ဒ တို့ဖြင့် ကိုက်ညီမှု ရှိသည့်အတွက် ရှမ်းနီ လူငယ်ကွန်ရက်မှ လက်ကမ်းစာစောင် များကို တရားဝင် ထုတ်ဝေခွင့်ဖြင့် ဖြန့်ချိလျက် ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

"သတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ ဆိုတဲ့ အထဲက ရှမ်းမျိုးနွယ်စု ၃၃ မျိုး ထဲမှာ ရှမ်းနီဆိုပြီးတော့ မပါဘူး။ အဲဒီထဲမှာ ပါတဲ့ တိုင်းလျန်ဆိုတာ မြန်မာလိုရေးရင် တိုင်း (ရှမ်း) ဖြစ်ပြီး (လျန်)ဆိုတာ အနီရောင်ကိုခေါ်တာမို့ တိုင်းလျန်ဆိုတာ မြန်မာလို ရှမ်းနီပါပဲ။ ပြီးတော့ ရှမ်းပြည်နယ်က ရှမ်းကြီး ဆိုတာလည်း တိုင်းလုံဆိုတာနဲ့ အတူတူဖြစ်သလို သူတို့အခေါ် မြေပြန့်ရှမ်း၊ ဗမာရှမ်းဆိုတဲ့ ရှမ်းကလေးဆိုတာ ရှမ်းနီပါပဲ။ ဒါကြောင့် တိုင်းရင်းသား Code ထဲ မှာမပါပေမယ့် ၉၂၄ လို Code သတ်မှတ်ခံရမယ်မှန်း သိပေမယ့် အများဆန္ဒအရ လူမျိုး အမည်မှန် ရှမ်းနီဆိုပြီး အရဲစွန့် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်" ဟု ၄င်းကဆိုသည်။

ရှမ်းတိုင်းရင်းသား မျိုးနွယ်စုအမည် ထပ်နေခြင်းများမှာ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုအလွန်တွင် လူမျိုးအမည် ထပ်နေသည်များ ပေါင်းစည်းခြင်းအရ လည်းကောင်း၊ မြန်မာအမည် ပြောင်းလဲသတ်မှတ်ခြင်းဖြင့် လည်းကောင်း လူမျိုးအမည်မှန် ရှမ်းနီအနေနှင့် မှန်ကန်စွာ ရပ်တည်နိုင်မည် ယူဆကြောင်း၊ ရှမ်းနီလူမျိုး အနေနှင့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စု အတွင်း အမည်မှန်ဖြင့် တရားဝင် ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အချိန်ကာလ တစ်ခုအတွင်းတွင် ရှမ်းလူမျိုးစုများ ပြန်လည်ပေါင်းစည်းနိုင်ရေး မျှော်လင့်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

"ကျွန်တော်တို့ ရှမ်းနီတွေက ကိုယ့်လူမျိုးကို ရှမ်းနီဆိုတာ လက်ခံခေါ်ဝေါ် ကျင့်သုံးတယ်။ ရှမ်းကြီးတွေက ရှမ်းဗမာ လို့ပြောပေမယ့် ဗမာတွေက ဗမာလို့ သတ်မှတ်တာ မဟုတ်ဘူး၊ သမိုင်းကြောင်း အရ ရှမ်းနီဆိုတာ အခိုင်အမာရှိတယ်။ ရှမ်းတိုင်းရင်းသား အုပ်စုတစ်အုပ်စု တည်းမှာပဲ ရှိတယ်။ နောက်ထပ် အနှိမ်ခံလူမျိုး အနေနဲ့ မနေချင်ဘူး။ ဒါကိုလက်ခံကြဖို့ပဲ ဆောင်ရွက်နေတာပါ။ မျိုးကွဲပေမယ့် သွေးမကွဲဖို့ လိုပါမယ်" ဟု ရှမ်းနီလူငယ်တစ်ဦးက ဆိုသည်။

နိုင်ငံတော်အစိုးရက တရားဝင် အသိအမှတ်ပြုထားသော တိုင်းရင်းသား လူမျိုးစုကြီး ရှစ်မျိုးမှာ ကချင် ၁၂ မျိုး၊ ကယားကိုးမျိုး၊ ကရင် ၁၁ မျိုး၊ ချင်း ၅၃ မျိုး၊ ဗမာကိုးမျိုး၊ မွန်တစ်မျိုး၊ ရခိုင်ခုနစ်မျိုး၊ ရှမ်း ၃၃ မျိုး စုစုပေါင်း ၁၃၅ မျိုးဖြစ်ပြီး ရှမ်း လူမျိုးစုကြီးတွင် ဆင့်ပွားလူမျိုး တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၃၃ မျိုးရှိကြောင်း ရှမ်းနီ လူငယ်ကွန်ရက် ထံမှ သိရသည်။

ကချင်ပြည်နယ် အတွက် တရားဝင် အသိအမှတ်ပြု တိုင်းရင်းသား Code နံပါတ် ရရှိပြီးသူများ စာရင်းတွင် ခန္တီးရှမ်း Code (၈၁၃)၊ ရှမ်းကလေး Code (၈၂၁)၊ ရှမ်းကြီး Code (၈၂၃)၊ တိုင်းလျမ် Code (၈၂၈)၊ တိုင်းလုံ Code (၈၂၉)၊ တိုင်းလေ Code (၈၃၀)၊ မိုင်းသာ Code (၈၃၁) တို့ဖြစ်ကြောင်း အဆိုပါကွန်ရက် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက် ရေးပါတီ TNDP ကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်တွင် အခြေစိုက်သည့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စုအတွင်းမှ ရှမ်းနီတိုင်းရင်းသား များဖြင့် ၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့က ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်ပြီး ရှမ်းပြည်နယ်ပြင်ပ ဖြစ်သည့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် မြေပြန့်ရောက် ရှမ်းနီလူမျိုး များကို ကိုယ်စားပြုသည့်ပါတီ ဖြစ်ကြောင်းနှင့် ပါတီဝင်အင်အား ဦးရေ ခုနစ်သောင်းကျော် ရှိကြောင်း ပါတီအတွင်းရေးမှူး (၂) ဖြစ်သူ ဦးစောဝင်းထွန်းက ပြောကြားသည်။

ရှမ်းနီ လူငယ်ကွန်ရက် TYN မှာ ရှမ်းနီလူငယ်များဖြင့် ဖွဲ့စည်းထားပြီး အမျိုးသားရေး အင်အားတစ်ရပ် အနေနှင့် ပူးပေါင်းပြီး ရှမ်းနီလူမျိုးများ တရားဝင် ရပ်တည်နိုင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းနီလူမျိုးများ နေထိုင်ရာ မြို့နယ်၂၆ ခုတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး ရှမ်းနီလူမျိုး ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ထွက်ပေါ်ကာ လူမျိုးအကျိုးပြု လုပ်ဆောင်နိုင်ရေး တို့ဖြင့် ရည်ရွယ် ဖွဲ့စည်းထားကြောင်း ပါတီအတွင်းရေးမှူးက ရှင်းလင်းပြောကြားသည်။

ရှမ်းနီလူမျိုးဦးရေမှာ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ဦးရေ နှစ်သန်းကျော် ရှိကြောင်း ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စာရင်းအရ သိရသည်။

The Voice Weekly

No comments:

Post a Comment