Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2014

အသက် (၁၈)နှစ် ပြည့်ပြီးသူ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ ရွှေတိဂုံ အထက်ပစ္စယံသို့ တက်ရောက် ဖူးမြော်နိုင်


အသက်(၁၈)နှစ် ပြည့်ပြီးသော ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား များကို ရွှေတိဂုံစေတီတော် အထက်ပစ္စယံသို့ သတ်မှတ်ချက်များနှင့် အညီ တက်ရောက် ဖူးမြော် ခွင့်ပြုထားပြီး ယခု ၂၀၁၄ ခုနှစ်အတွင်း တက်ရောက် ဖူးမြော်ခွင့် ကတ်ပြား ထုတ်ပေးထားသူ ဦးရေ ၂၅၀၀ ရှိကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။

အဆိုပါ အထက်ပစ္စယံသို့ တက်ရောက် ဖူးမြော်လိုပါက ဂေါပကအဖွဲ့တွင် တက်ရောက်ခွင့် ကတ်ပြားရရှိရန် လိုအပ်ပြီး ၂၀၁၃ခုနှစ်က ၈၆၂၄ ကတ် ပြုလုပ်ပေးခဲ့ကာ ၂၀၁၄ ခုနှစ်တွင် ဇန်နဝါရီ ၂၄ ရက် စာရင်းအရ ကတ်ပေါင်း ၂၅၀၀ ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

တက်ရောက်ခွင့် ကတ်ပြားပြုလုပ်ရန် ဂေါပကအဖွဲ့၏ သတ်မှတ်ပုံစံ ကို ပြည့်စုံအောင် ဖြည့်စွက် လျှောက်ထားရမည် ဖြစ်ကြောင်း၊ လျှောက်လွှာ တွင် လွန်ခဲ့သော ခြောက်လအတွင်းက လည်ကတုံး အင်္ကျီအဖြူနှင့် တိုက်ပုံဖြင့် ရိုက်ကူးထား သော ၁_၁ ဒသမ ၂၅ လက်မ အရွယ် ဓာတ်ပုံနှစ်ပုံ ပူးတွဲတင်ပြရမည်ဖြစ်ပြီး တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မြို့တော်စည်ပင်၊ ဆောက်လုပ်ရေး စသည့် နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက သက်ဆိုင်ရာ ယူနီဖောင်းဖြင့် တင်ပြ လျှောက်ထားနိုင်ကြောင်း ၊ လျှောက်ထားသူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူ မြန်မာနိုင်ငံသား ဗုဒ္ဓ ဘာသာဝင်ဖြစ်ရန် လိုအပ်ပြီး လျှောက်လွှာနှင့်အတူ အမျိုးသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသား စိစစ်ရေး ကတ်ပြားမူရင်း တင်ပြ၍ မိတ္တူ ပူးတွဲ ပါရှိရမည်ဖြစ်ကြောင်း၊ လျှောက်လွှာနှင့် အတူ နေထိုင်ရာ ရပ်ကွက်နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့မှ အမှန်တကယ် နေထိုင်သူ ဖြစ်ကြောင်း ထောက်ခံချက်၊ အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ကြောင်း ထောက်ခံချက်တို့ ပါရှိရမည်ဖြစ်ပြီး လျှောက်လွှာပုံစံနှင့် စည်းကမ်းချက် တစ်စုံကို ငွေကျပ် ၃၀၀ ဖြင့် ဝယ်ယူကာ အချက်အလက် ပြည့်စုံစွာ ဖြည့်စွက်၍ အလှူငွေ ကျပ် ၁၂၀၀ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် မြန်မာနိုင်ငံသို့ လာရောက်၍ သာသနာပြုကာ ရဟန်း ဝတ်နေသော နိုင်ငံခြားသားများ အနေဖြင့် တက်ရောက် ဖူးမြော်ခွင့် ရနိုင်မည် မဟုတ်ကြောင်း၊ အထက်ပစ္စယံသို့ တက်ရောက် ဖူးမြော်ခွင့် ရရှိသူသည် ဝါတွင်းကာလတွင် စနေ၊ တနင်္ဂနွေ၊ ဥပုသ်နေ့နှင့် အခါကြီး ရက်ကြီးများ၊ ဝါပကာလတွင် စနေ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူးနေ့၊ အခါကြီး ရက်ကြီးများတွင် နံနက် ၇ နာရီမှ ညနေ ၄ နာရီအတွင်း တက်ရောက် ခွင့်ရမည် ဖြစ်ကြောင်း၊ စွပ်ကျယ်၊ အင်္ကျီလက်ပြတ်၊ ဘောင်းဘီတို/ ရှည်တို့ကို ဝတ်ဆင် တက်ရောက် ခွင့်မပြုဘဲ မြန်မာ ဆန်ဆန် ဝတ်စား ဆင်ယင်၍သာ တက်ရောက် ခွင့်ပြုကြောင်း၊ အထက်ပစ္စယံပေါ် ဟန်းဖုန်း ပြောခွင့် မပြုကြောင်း၊ ဆေးလိပ်၊ မီးခြစ်၊ ဖိနပ်၊ ကင်မရာ စသည့် အသုံးအဆောင် ပစ္စည်းများ ယူဆောင် ခွင့်မပြုဘဲ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်အရ တာဝန်ရှိသူက မေတ္တာရပ်ခံပါက အထက်ပစ္စယံမှ ဆင်းသက်ပေးရ မည် ဖြစ်ကြောင်း ဂေါပကအဖွဲ့က ရှင်းလင်း ပြောကြားသည်။

MOI Webportal Myanmar

No comments:

Post a Comment