Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 13, 2014

ကျေးရွာအုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်နားလိုက်သဖြင့် လူ ၄ဝဝ ဆန္ဒပြမည်


လေးမျက်နှာ၊ ဖေဖော်ဝါရီ ၁၂။

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်မှ ရပ်နားခိုင်းလိုက်သဖြင့် ယင်းကျေးရွာသားများက မကျေနပ်ကြောင်းလူအင်အား ၄ဝဝ ဖြင့် ဆန္ဒပြသွားမည်ဟု ဆန္ဒထုတ်ဖော်ခွင့် ဦးဆောင်လျှောက်ထားသူ
ဦးဇော်မင်းသိန်းက ပြောသည်။
“လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်းက ၂ဝ၁၂ခုနှစ်တုန်းက ကန့်ကွက်မဲ လုံးဝမရှိပဲ တတ်လာခဲ့တဲ့ အိုင်သပြု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို သူ့သဘောနဲ့သူ ထုတ်ပယ်လိုက်တာကြောင့်ပါ၊ မနေ့က ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့လည်း သူမသိဘူးလို့ ပြောပါတယ်”ဟု ဦးဇော်မင်းသိန်းက ပြောသည်။

အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်နားသည့်စာကို မြို့နယ်စီမန်ခန့်ခွဲရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရဟုဆိုကာ ဖေဖော်ဝါရီ ၉ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရွာသားအများစုက မကျေနပ်သဖြင့် လေးမျက်နှာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံ ဆန္ဒပြခွင့်ပြုမိန့်ကို ယမန်နေ့က တောင်းခံထားခြင်း ဖြစ်သည်။
ယင်းစာထုတ်သည့်နေ့တွင် အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအုပ်စု ကြီးကြပ်ရေးအဖွဲ့ ဖျက်သိမ်းကြောင်း စာကိုလည်း လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်း၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၁ဝရက်တွင်မူ အုပ်စုကြီးကြပ်ရေးအဖွဲ့ကို ဖျက်သိမ်းသည်ကို ပြန်လည် ရုတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပြန်သည်။
“အခုလိုဖျက်သိမ်းလိုက်၊ ပြန်ရုတ်သိမ်းလိုက်လုပ်တာက အဆင့်အတန်းမရှိတဲ့ လုပ်ရပ်ပဲ၊ ဂုဏ်သိက္ခာကို စော်ကားခံလိုက်ရတာပဲ”ဟု အိုင်သပြုကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အုပ်စုကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာစိုးလွင်က ပြောသည်။
ယင်းကိစ္စများနှင့် ပတ်သက်၍ လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူးထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့ဘဲ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးကို မေးမြန်းရာတွင်လည်း တစ်စုံတရာ ဖြေဆိုခဲ့ခြင်း မရှိပေ။

မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် လိုအပ်ပါက စုံစမ်းစစ်ဆေးမှုပြုပြီး ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် နှုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း (သို့မဟုတ်) ရပ်စဲခြင်းပြုနိုင်သည်ဟု ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း(၈)၊ ပုဒ်မ(၁၅)တွင် ပြဌာန်းထားသည်။

ထက်နောင်နောင်

Credit To : The Myanma Age

No comments:

Post a Comment