Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 28, 2014

ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ငြိမ်းချမ်းရေး လုပ်ဆောင်မှုအပေါ် ဝေဖန်

ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၆
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်လုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းများမှာ ငြိမ်းချမ်းရေးဆု ရရှိချင်သည့်အတွက် အဖွဲ့အစည်း များများပါအောင် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း အာဏာရ ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက Hot News ဂျာနယ်မှတစ်ဆင့် ဝေဖန်လိုက်သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ထုတ် Hot News ဂျာနယ် အတွဲ (၄)၊ အမှတ် (၁၈၁) ၌ အယ်ဒီတာ (သတင်း)နှင့် ဦးလှဆွေတို့ တွေ့ဆုံ မေးမြန်းခန်း၌ ““ခု မီးကျိုး မောင်းပျက် ဖြစ်နေတဲ့ CNF တို့ ဘာတို့ကို လာကြပါ၊ ဆရာကြီး လို့ဆိုပြီး လုပ်နေရတယ်။ CNF ကို လက်မခံတဲ့ ချင်းတွေ အများကြီးပဲ။ ဦးအောင်မင်း တို့ကလည်း နည်းနည်းဆို ငါတို့က အဖွဲ့တွေ အများကြီးနဲ့ လုပ်တာဆိုပြီး Peace Prize လေးများ ရမလားဆိုပြီ ထင်ပါရဲ့ဗျာ။ ဒါမျိုး လုပ်တာ တွေတော့ မကောင်းဘူး”” ဟု ဦးလှဆွေက ဖြေဆိုထားကြောင်း ပါရှိသည်။
ထို့ပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အတွင်းရေးမှူး ဦးခွန်ဥက္ကာ မှာလည်း ပအို့ဝ်နီများမှ လက်ခံသူ မဟုတ်ကြောင်း၊ UNFC ကိုလည်း ကုလသမဂ္ဂ ဘောလုံးအသင်းလို့သာ သိကြောင်းလည်း အဆိုပါ တွေ့ဆုံမေးမြန်းခန်း၌ ဦးလှဆွေက ဖြေကြားထားသည်။
ယင်းကဲ့သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ Hot News ဂျာနယ်၌ ပြောကြားထားမှုနှင့် ပတ်သက်ပြီး ““အမတ်တွေ ဆိုတော့လည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေပဲလေ။ ဒါကတော့ သူတို့ရဲ့အမြင် သူတို့ ပြောလို့ရတာပေါ့။ ကျွန်တော်တို့ရဲ့ အမြင်မှာတော့ ဒါက ဒီအမတ်တွေအနေနဲ့ သူတို့အမြင် သူတို့ ပြောတာတော့ ပြောလို့ရတယ်။ ပြောပိုင်ခွင့်၊ ဝေဖန်ထောက်ပြခွင့်၊ သူတို့ အခန်းကဏ္ဍကို သူတို့ လုပ်တယ်လို့ပဲ မြင်ပါတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာတော့ အကုန်လုံးက အမြင်တူကြတာ မဟုတ်ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူကွဲပြားတဲ့ အမြင်တွေ ရှိတာပေါ့။ အဓိကက ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာက အမြင်တွေ ကွဲပြားလို့ ငြိမ်းချမ်းရေး လုပ်ရတာလေ။ အမြင်တွေ တူနေရင် ငြိမ်းချမ်းရေး လုပ်စရာ မလိုတော့ဘူးလေ””ဟု ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စီစဉ်ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
တိုင်းရင်းသားများအနေဖြင့် အစိုးရ၏ မည်သို့သော မူဝါဒမျိုးတွေက စောင့်ကြည့်စရာ အနေအထားမျိုး ဖြစ်သွား စေသလဲဆိုသည့် မေးခွန်းနှင့် ပတ်သက်ပြီး ဦးလှဆွေက ဖြေဆိုထားရာ၌လည်း ““ကျွန်တော်တို့မှာ လွှတ်တော် ရှိတယ်။ အစိုးရရှိတယ်။ မဏ္ဍိုင်အစုံ ရှိတယ်။ ဒီလိုမဏ္ဍိုင်အစုံ ရှိရဲ့သားနဲ့ လွှတ်တော်ပြင်ပမှာ စကား သွားပြောမယ်ဆိုရင်တော့ အယုံအကြည် မရှိဘူး။ လာခဲ့ပါ လွှတ်တော်ထဲကို။ ၈၈ တို့ ဘာတို့လည်း ဒီအတိုင်းပဲ။ ဟိုဘက်ကနေ သွားမယ်။ ဒီဘက်ကနေ သွားမယ်။ ကျွန်တော် အဲဒါတွေ တစ်ခုမှ အယုံအကြည် မရှိဘူး။ ဒါတွေက အလကားပါဗျာလို့ ပြောရမှာပေါ့”” ဟုလည်း ဖြေကြားထားသည်။
ယင်းကဲ့သို့ ဦးလှဆွေ၏ ပြောကြားမှုများနှင့် ပတ်သက်၍ UNFC အတွင်းရေးမှူး ဦးခွန်ဥက္ကာက ““ဘာပဲဖြစ်ဖြစ် ဦးလှဆွေကို ကျေးဇူးတင်ရမှာပါ။ ကျွန်တော့်ကို ကြေညာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြောတဲ့အတွက် ကျွန်တော့်နာမည်လည်း အများသိရတာတော့ ၀မ်းသာစရာပေါ့။ သူ့ကို ကျွန်တော် မကန့်ကွက်ပါဘူး။ သူ သုံးသပ်တာလည်း မှန်ပါတယ်။ မမှန်ဘူး မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဦးလှဆွေက သူ့ရဲ့နေရာ၊ ပတ်ဝန်းကျင်၊ ကျင်လည်ခဲ့တဲ့ တပ်ထဲမှာ သူ့ကိုသင်ကြားပေးတဲ့ ဆရာတွေ အားလုံး ကြည့်လိုက်တော့ ဒီလိုပြောဆိုတာ၊ ဝေဖန်တာကတော့ မထူးဆန်းဘူးလို့ ထင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ခွင့်ဆိုတဲ့ ဒီမိုကရေစီ အခွင့်အရေးထဲမှာ ဦးလှဆွေက အသုံးချနေတယ်လို့ မှတ်ယူ ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အမျိုးသားတာဝန်ကိုပဲ လုပ်နေတယ်။ တိုင်းရင်းသား ပေါင်းစုံကပေးတဲ့ တာဝန်ကိုပဲ လုပ်နေတယ်။ တောထဲရောက်တာလည်း ၄၂ နှစ်ရှိပြီ။ ကျွန်တော့်အနေနဲ့ ဘယ်အချိန်မှာမှ အရှုံးပေး အညံ့ခံ လက်နက်ချခြင်း မရှိဘဲနဲ့ တစိုက်မတ်မတ်နဲ့ ဒီမိုကရေစီနိုင်ငံ ရည်မှန်းချက် ပန်းတိုင် ရောက်အောင် ကြိုးစားနေပါတယ်””ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။
Hot News ဂျာနယ်ပါ ဦးလှဆွေ၏ တွေ့ဆုံမေးမြန်းခန်းထဲ၌ ဦးခွန်ဥက္ကာနှင့် ပတ်သက်ပြီး ၎င်းမှာ ပအို့ဝ်ဖြူကော၊ ပအို့ဝ်နီကပါ လက်မခံသူ ပအို့ဝ်ကြောင်ကျား ဖြစ်ကြောင်းလည်း ဝေဖန်ထားသေးသည်။
ယခုလက်ရှိတွင် ဦးအောင်မင်း ဦးဆောင်သည့် MPC အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေး အကြို ညှိနှိုင်းပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် မတ်လ ပထမပတ်အတွင်း ထပ်မံတွေ့ဆုံရန် စီစဉ်လျက် ရှိသည်။
ယင်းညီလာခံတွင် ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့သည့် လော်ခီးလာညီလာခံမှ သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေး မူဝါဒများအပေါ် ဆွေးနွေးကြမည် ဖြစ်သည်။
Myanmartandawsint Newspaper

No comments:

Post a Comment