Wednesday, February 5, 2014
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုကို ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သည်ဟု ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က DVB သတင်းဌာနသို့ ပြောကြားခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက် ရယူကာ ဦးရွှေမောင်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။
“မေးတာက နှစ်ခုပဲ ရှိတယ်။ ရဲတွေ မီးရှို့တယ်လို့ ပြောတာက ဘယ်အထောက်အထားနဲ့ ပြောတာလဲ။ နှစ်က အဲလိုပြောဆိုမှုတွေကြောင့် ကျန်တဲ့နေရာတွေမှာ တင်းမာမှုတွေ ဖြစ်တယ်ဆိုတာကို သူသဘောပေါက်လား မေးတဲ့သဘောပါပဲ” ဟု ဦးရဲထွဋ်က ပြောဆိုသည်။
အဆိုပါ စွပ်စွဲပြောဆိုမှုနှင့် ပတ်သက်၍ စစ်ဆေးရရှိသည့် အခြေအနေပေါ် မူတည်ပြီး အရေးယူ မယူကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်းကျေးရွာ မီးရှို့မှုကို ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ နေရာသည် ရဲတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နေရာဖြစ်သဖြင့် အပြင်လူ မဝင်နိုင်သည့်အပြင် ဝင်ရောက် မီးရှို့ပါကလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမိမည် ဖြစ်ကြောင်း ဦးရွှေမောင်က DVB သတင်းဌာနကို ပြောဆိုထားသည်။
“နောက်တစ်ချက်က အဲဒီအနီး ပတ်ဝန်းကျင်က ရွာတွေက လူတွေ တယ်လီဖုန်းနဲ့ သေချာတိကျခိုင်မာတဲ့ သတင်းပို့တာကတော့ ရဲတွေကိုယ်တိုင် မီးရှို့နေတာကို သူတို့မြင်တယ်လို့ ပြောတယ်” ဟု ဦးရွှေမောင်က ပြောဆိုထားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုနှင့် ပတ်သက်၍ ဦးရွှေမောင်ကို ဆက်သွယ် မေးမြန်းခဲ့ရာ တယ်လီဖုန်း ပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပေ။
ဒုချီးရားတန်း အနောက်ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးရှို့မှု၌ မီးရှို့ရန် အသင့်ပြင်ဆင်ထားသည်ကို တွေ့ရပြီး ယင်းမီးလောင်မှု စတင်ဖြစ်ပွားသည့် နေအိမ်ကို မီးငြှိမ်းသတ်နေစဉ် နောက်ထပ် နေရာနှစ်ခုတွင် ဆက်တိုက် မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း၊ တောင်ဘက်တွင် မီးလောင်နေသည့် နေအိမ် မီးငြှိမ်းရန် သွားရောက်စဉ် ဘင်္ဂါလီ အမျိုးသား ငါးဦး ထွက်ပြေးသွားပြီး မီးလောင်မှု ဖြစ်ပွားသည့် ကျေးရွာအနီးတစ်ဝိုက် ကျေးရွာများမှာ ဘင်္ဂါလီများသာ နေထိုင်သည့် ကျေးရွာဖြစ်သဖြင့် တိုင်းရင်းသားများ လာရောက် မီးရှို့ခြင်း မဖြစ်နိုင်ဘဲ ဘင်္ဂါလီများ ကိုယ်တိုင် ရှို့သည့် ရှို့မီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, February 4, 2014
ရဲတပ်ဖွဲ့ကို စွပ်စွဲမှုဖြင့် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား စစ်ဆေး
ရဲတပ်ဖွဲ့ကို စွပ်စွဲမှုဖြင့် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား စစ်ဆေး
Reviewed by VC
on
February 04, 2014
Rating: 5
Reviewed by VC
on
February 04, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment