Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 7, 2014

ပုဂ္ဂလိကဝန်ထမ်းအများစု ဝင်ငွေခွန် ပေးဆောင်ခြင်း မရှိဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ပြည်တွင်းအခွန်များ ဦးစီးဌာနက ၁၉၇၄ အခွန်ဥပဒေအရ လစာကျပ် တစ်သိန်းနှစ်သောင်းအထက် ဝန်ထမ်းများအားလုံး အခွန်ပေးဆောင်ရမည် ဆိုသော်လည်း ပုဂ္ဂလိက ဝန်ထမ်းအများစုမှာ အခွန်ပေးဆောင်ခြင်း မရှိသေးကြောင်း အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီ အနည်းငယ်ကသာ အခွန်ပေးဆောင်ကြကြောင်း ၎င်းကပြောဆိုသည်။
“အစိုးရဝန်ထမ်းတွေက လကုန်တာနဲ့ သူတို့ဆီက တစ်ခါတည်း ဖြတ်ထားလို့ ရတယ်လေ။ အခက်အခဲ ရှိတာက ပုဂ္ဂလိကပဲ။ အထူးသဖြင့် မီဒီယာနဲ့ စတိုးဆိုင် ဝန်ထမ်းတွေက လုံးဝနီးပါး မဆောင်ကြသေးဘူး” ဟု ၎င်းကဆိုသည်။
လစာကျပ် တစ်သိန်းနှစ်သောင်းနှင့်အထက် ရရှိသူများကို တပ်မတော် အစိုးရလက်ထက်က ကြေညာချက် ထုတ်ပြန်၍ အခွန်ကောက်ခံခြင်းကို ရပ်နားခဲ့ခြင်း ဖြစ်ပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄ အရ ၂၀၁၂ ခုနှစ် မတ်လအတွင်းက ကျင်းပသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၂) မှ သဘောတူ ခွင့်ပြုချက်အရ အဆိုပါ ဥပဒေကို ထုတ်ပြန်၍ ရရှိသည့် လစာအလိုက် အခွန်ပြန်လည် ကောက်ခံခြင်း ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
ယင်းသို့ ပေးဆောင်ရာတွင် အိမ်ထောင်သည်များအနေနှင့် တစ်လလျှင် ကျပ် ၁၈၀၀ ခန့် ပေးဆောင်ရမည် ဖြစ်ပြီး အိမ်ထောင်မရှိသူ (လူလွတ်) များမှာ ကျပ်နှစ်ထောင်ကျော်ခန့် ပေးဆောင်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အခွန်နှုန်းထား သတ်မှတ်ချက်များအရ သိရသည်။
နိုင်ငံသားမှန်လျှင် အခွန်ပေးဆောင်ရမည် ဖြစ်ပြီး ယခုသတ်မှတ်သော နှုန်းထားမှာ သင့်လျော်၍ ပေးဆောင်သင့်ကြောင်း စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက မှတ်ချက်ပြုသည်။
“နိုင်ငံတွင်းမှာ လခစားဝန်ထမ်း ဘယ်နှဦးရှိလဲ ဆိုတာကို အတိအကျ စာရင်းနဲ့တကွ ဖော်ပြကောက်ခံနိုင်ရင် ပိုကောင်းပါတယ်” ဟု ၎င်းကဆိုသည်။
“အခွန်ဆောင်တယ် ဆိုတာကတော့ မီဒီယာလုပ်ငန်းရယ် ဘာလုပ်ငန်းရယ်တော့ ခြွင်းချက်ရှိမှာ မဟုတ်ပါဘူး။ နိုင်ငံသားတိုင်း အခွန်ဆောင်ရမှာပါ။ တကယ်တမ်း အဲဒီလိုသာ ဆောင်ရမယ်ဆို ကျွန်တော်တို့ ဘက်ကလည်း ဝန်ထမ်းတွေနဲ့ရော စာနယ်ဇင်း လောကသားတွေနဲ့ပါ ညှိနှိုင်းသွားဖို့ လိုပါတယ်” ဟု Yangon Media Group ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။
အခွန်ဆောင်ရမည် ဆိုသည်ကို သိရှိခြင်း မရှိသေးဘဲ မည်သို့ အခွန်ဆောင်ရမည်ကိုလည်း မသိရှိကြောင်း အားကစားပစ္စည်းများ ရောင်းချသော စတိုးဆိုင် ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
ဗဟန်းမြို့နယ်တွင် ကိုယ်ပိုင် စာသင်ကျောင်းတစ်ခု ဖွင့်လှစ်ထားသူ တစ်ဦးကလည်း မှန်မှန်ကန်ကန် အခွန်ဆောင် လိုသော်လည်း အခွန်ဝန်ထမ်းများ၏ အခွန်ကောက်ခံမှု မူမမှန်သည့်အတွက် အခက်အခဲ ဖြစ်ရကြောင်း၊ အခွန်ဝန်ထမ်းများက မှန်မှန်ကန်ကန်နှင့် စနစ်တကျ အခွန်ကောက်ပါက အခွန်ရှောင်စရာ အကြောင်းမရှိကြောင်း ရှင်းပြသည်။
The Voice Weekly

No comments:

Post a Comment