Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 6, 2014

ယူနတီသတင်းဂျာနယ် ဖြစ်စဉ်နှင့်ပတ်သက်၍ ခံဝန်ချုပ်ဖြင့် ပြန်လွတ်လာသည့် မလွင်လွင်မြင့် ဖေဖော်ဝါရီ ၅ ရက်က ခင်ပွန်းဖြစ်သူ ကိုလူမော်နိုင်နှင့် ပခုက္ကူထောင်၌ တွေ့ဆုံခွင့်ရရှိ

ယူနတီ သတင်းဂျာနယ်၌ ဖော်ပြခဲ့သော ပေါက်မြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံဟုဆိုသော သတင်းနှင့်ပတ်သက်၍ ထိန်းသိမ်းခံထားရသည့် ယူနတီဂျာနယ် သတင်းထောက် ကိုလူမော်နိုင်ကို ထောင်ဝင်စာသွားတွေ့စဉ် ခေါ်ယူမေးမြန်း ထိန်းသိမ်းခံခဲ့ရသော မလွင်လွင်မြင့်သည် ဖေဖော်ဝါရီ ၄ ရက်ညပိုင်းက ပြန်လွတ်လာကာ ဖေဖော်ဝါရီ ၅ ရက်၌ ခင်ပွန်းဖြစ်သူ ကိုလူမော်နိုင်နှင့် ပခုက္ကူထောင်၌ တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။

မလွင်လွင်မြင့်သည် ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းက ပခုက္ကူထောင်တွင် ထိန်းသိမ်းခံထားရသော ကိုလူမော်နိုင်ကို သွားရောက်တွေ့ဆုံရာမှ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

“ကိုလူမော်ကို ထောင်ဝင်စာသွားတော့ အရင်တွေ့ခွင့်တင်လိုက်တယ်။ ၁၂ နာရီကျော်တဲ့အထိ တွေ့ခွင့်မပေးဘူး။ နောက်တော့ ရဲတွေရောက်လာပြီး ကိုလူမော်နဲ့ တွေ့ပေးဖို့ သူတို့နဲ့ လိုက်ခဲ့ပါဆိုလို့ လိုက်သွားတယ်။ အမှတ် (၁) ရပ်ကွက် ဗုဒ္ဓကုန်းထဲက ရဲရုံးတစ်ရုံးကို ခေါ်သွားပြီး ရဲအရာရှိ လေးယောက်ကစစ်တယ်။ ကျွန်မကိုစစ်တာ ဘယ်အဖွဲ့လဲမေးတော့ ရန်ကုန်က နယ်လှည့်သတင်းတပ်ဖွဲ့ကပါဆိုပြီး ပြန်ဖြေတယ်။ ကျွန်မငယ်ဘ၀နဲ့ ပတ်သက်တာတွေရော၊ ကျွန်မသုံးတဲ့ မေးလ်လိပ်စာတွေ၊ Password တွေ အကုန်မေးတယ်။ မိသားစုတွေ ဘာလုပ်နေလဲ မေးတယ်။ စက်ရုံဆီသွားတော့ ကျွန်မပါသွားသေးလား မေးတယ်။ ကျွန်မလည်း ပါသွားတယ်။ ကျွန်မရော၊ ကိုလူမော်ရော ကားနဲ့လိုက်သွားတယ်။ စက်ရုံထဲကို ၀င်လည်းမ၀င်ဘူး။ ဓာတ်ပုံလည်း မရိုက်ဘူးလို့ ပြန်ဖြေလိုက်တယ်။ အားလုံးစစ်ပြီးတော့ စစ်ဆေးချက်တွေ မှန်ကန်ကြောင်း လက်မှတ်ထိုးခိုင်းတယ်” ဟု မလွင်လွင်မြင့်ကဆိုသည်။

ထိုသို့စစ်ဆေးပြီးနောက် ဖေဖော်ဝါရီ ၃ ရက်ညတွင် ထိုရုံး၌ပင် ညအိပ်ခဲ့ကာ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် တရားရုံးသို့ ခေါ်ဆောင်သွားပြီး ရမန်တစ်ပတ်ယူကာ ထောင်သို့ခေါ်ဆောင်သွားကြောင်း မလွင်လွင်မြင့်က ပြောကြားသည်။

“ကျွန်မကို ဘာအမှုနဲ့ ရမန်ယူတာလဲလို့ ပြန်မေးတော့ သူတို့လည်း မသိဘူး။ အထက်ကခိုင်းလို့ လုပ်ရတာဆိုပြီး ပြန်ပြောတယ်” ဟု မလွင်လွင်မြင့်က ပြောကြားသည်။

သို့သော် ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ပြန်လွှတ်ခဲ့ကြောင်း ထောင်မှူးက ပြောဆိုကာ ရဲအရာရှိက ပေါက်မြို့ရှိနေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ပို့ဆောင်စဉ် လမ်း၌ပင် ခံဝန်ချက် ထိုးခိုင်းခဲ့ကြောင်း မလွင်လွင်မြင့်ကဆိုသည်။

ခံဝန်ဖြင့် ပြန်လွတ်လာပြီးနောက် ဖေဖော်ဝါရီ ၅ ရက်တွင် မလွင်လွင်မြင့်သည် ခင်ပွန်းဖြစ်သူ ကိုလူမော်နိုင်နှင့် ပခုက္ကူထောင်၌ တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။

“ဒီနေ့မွန်းလွဲပိုင်း ၂ နာရီကျော်လောက်မှာ ကိုလူမော်နိုင်ကို ပခုက္ကူထောင်မှာ သွားတွေ့တယ်။ ကိုလူမော်နိုင်ရဲ့ ထောင်တွင်းနေထိုင်ရမှု အခြေအနေကတော့ ပုံမှန်ပါပဲ။ ကျွန်မဆီကနေ သိမ်းသွားတဲ့ လက်ကိုင်ဖုန်းရယ်၊ လက်ပ်တော့ရယ်ကို SB တွေဆီက ပြန်တောင်းဖို့နဲ့ သမ္မတဆီကို ဖြစ်စဉ်စာတင်ဖို့ ကိုလူမော်နိုင်က ကျွန်မကို မှာလိုက်တယ်” ဟု မလွင်လွင်မြင့်ကဆိုသည်။

“ကိုလူမော်နိုင်မှာ အပြစ်မရှိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။ သူအဖမ်းခံထားရတဲ့အတွက် ပေါက်မြို့မှာ ဖွင့်ထားတဲ့ ကျွန်မတို့ရဲ့ ပရဟိတ စာသင်ကျောင်းမှာလည်း အခက်အခဲတွေရှိတယ်။ ထောင်ထဲမှာ ကျွန်မတို့နှစ်ယောက် ပြောသမျှကို ရဲလုံခြုံရေးတစ်ယောက်က မှတ်တမ်းယူပြီး ထောင်မှူးကလည်း အသံဖမ်းစက်နဲ့ အသံဖမ်းထားတယ်” ဟု မလွင်လွင်မြင့်က ဆက်လက်ပြောကြားသည်။

ဖေဖော်ဝါရီ ၃ ရက်က ကိုလူမော်နိုင်အား ထောင်ဝင်စာ သွားတွေ့ချိန်တွင် မလွင်လွင်မြင့်နှင့်အတူ ၎င်းတို့၏ နှစ်နှစ်အရွယ် သမီးငယ်၊ အသက် ၁၆ နှစ်ခန့်ရှိသော ကိုဝင်းမင်းအောင်နှင့် မဖူးပွင့်လှိုင်တို့လည်း ပါသွားခဲ့ပြီး လေးဦးစလုံး ထိန်းသိမ်းစစ် မေးခံခဲ့ရခြင်းဖြစ်သည်။ ကိုဝင်းမင်းအောင်နှင့် မဖူးပွင့်လှိုင်တို့မှာ ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်းက ပေါက်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး မလွင်လွင်မြင့်နှင့် သမီးငယ်မှာ ဖေဖော်ဝါရီ ၄ ရက် ညပိုင်းမှ ပြန်လွတ်ခဲ့ခြင်းဖြစ်သည်။

မလွင်လွင်မြင့်သည် ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းတွင် ဖမ်းဆီးခံခဲ့ရသော ကိုအောင်ကျော်ကျော်နှင့် ဦးဂမ္ဘီရတို့၏ ညီမဖြစ်သည်။

No comments:

Post a Comment