Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 28, 2014

နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လက်မှတ်ရသတင်း သင်တန်းကျောင်းဖွင့်မည်


မန္တလေး၊ ဖေဖော်ဝါရီ ၂၇

နိုင်ငံတကာရှိ နာမည်ကြီး သတင်းဌာန အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီတို့ ပူးပေါင်းကာ မြန်မာနိုင်ငံတွင် နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လက်မှတ်ရ သတင်း သင်တန်းကျောင်းကို လာမည့် ဇူလိုင်လအတွင်း ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ယင်းသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် အဓိက ဆောင်ရွက်လျက် ရှိသည့် ဆွီဒင်နိုင်ငံ အခြေစိုက် သတင်းအဖွဲ့အစည်း တစ်ခုဖြစ်သော FOJO MEDIA INSTITUTE အဖွဲ့တာဝန်ရှိသူ Mrs. Fiona Barton ကပြောကြားသည်။

“တရားဝင်ကျောင်း ဖွင့်လှစ်ဖို့ ခွင့်ပြုချက်က မေလ အတွင်းလောက်မှ အဖြေ ထွက်လာမှာပါ၊ ဘုတ်အဖွဲ့ဝင် အတည်အကျ ဖွဲ့ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ဘုတ်အဖွဲ့ဝင်မှာတော့ နိုင်ငံတကာမှာ ရှိတဲ့ နာမည်ကြီး သတင်းဌာနက တာဝန်ရှိသူတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ သင်တန်းကျောင်းကို ဘယ်မြို့မှာ တည်ထောင် ဖွင့်လှစ် ဖြစ်မယ်နဲ့ သင်တန်းကျောင်း နာမည်ကိုလည်း မကြာမီအချိန်မှာ အတည်ပြုထုတ် ပြန်ပေးသွားမှာပါ” ဟု ၎င်းက ထပ်မံဆိုသည်။

အဆိုပါ ကျောင်းအတွက် သင်တန်း ဆရာများကို နိုင်ငံတကာမှ အတွေ့အကြုံရင့် သတင်းဆရာများနှင့် ပြည်တွင်းသတင်းစာ ဆရာကြီးများကို ရွေးချယ်သွားမည်ဖြစ်ကာ သင်တန်းကြေး သင့်တင့်သည့် နှုန်းထား ဖြစ်ရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြည်တွင်းမှ မည်သူမဆို တက်ရောက်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းသင်တန်းတွင် အခြေခံ သတင်းပညာ သင်တန်းများ၊ ရုပ်သံလွှင့် သင်တန်းများ ပါဝင်မည် ဖြစ်ပြီး သင်တန်းကြေးအတွက် ပညာသင် ထောက်ပံ့ကြေးများ ပေးသွားရန် စီစဉ်ထားကာ သင်တန်း တက်ရောက်ချင်သူများ အခက်အခဲ မဖြစ်စေရန်နှင့် ပိုမိုကောင်းမွန်သော အကြဉာဏ် များကို ပြည်တွင်း သတင်းစာနယ်ဇင်း ဆရာ၊ ဆရာမများထံမှ ယူကာ ဘုတ်အဖွဲ့သို့ တင်ပြဆွေးနွေး တိုင်ပင်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့အစည်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီလိုနိုင်ငံတကာ အသိအမှတ်ပြု သတင်းပညာ ဘွဲ့လက်မှတ်ရ သင်တန်းကျောင်း လာဖွင့်မယ်ဆိုတော့ ပြည်တွင်း သတင်းသမားတွေအတွက် အရမ်းကောင်းပါတယ်။ ဒါပေမဲ့ သင်တန်းကြေးနဲ့ သင်တန်း တက်ရောက်ခွင့်ရမယ့် သတင်းသမား ပညာ အရည်အချင်းကိုလည်း ဒီကျောင်းဖွင့်မယ့် သူတွေအနေနဲ့ သေချာ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ သင်တန်းကြေး များပြန်ရင်လည်း နယ်သတင်းသမားတွေဆို တချို့က မတတ်နိုင်ကြဘူးလေ၊ သင်တန်းကျောင်း တက်ရောက်ခွင့်အတွက် သတင်းသမား ပညာအရည်အချင်းကလည်း ထည့်တွက်ရမယ့် အရေးကြီး ကိစ္စပါပဲ” ဟု The Farmer Journal သတင်းထောက် ဦးကျော်သူရမျိုးက ဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အနေနှင့် ယင်းသင်တန်းကျောင်းတွင် ပူးပေါင်း ပါဝင်လုပ်ဆောင်သွားမည် ဖြစ်ပြီး မည်သည့် အခန်းကဏ္ဍတွင် ပူးပေါင်း ပါဝင်မည် ဆိုသည်ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ တာဝန်ရှိသူ ဦးမြင့်ကျော်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment