Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

The Irrawaddy သတင်းဂျာနယ်၌ ဖော်ပြခဲ့သော တရုတ်သံအမတ်ကြီး ပြောဆိုချက်အရ ဧရာဝတီ မြစ်ဆုံစီမံကိန်းကိစ္စမှာ စိုးရိမ်ဖွယ်အနေအထားတွင် ရှိနေဆဲဖြစ်

DSC_0261mmk
The Irrawaddy သတင်းဂျာနယ်တွင် ဖော်ပြထားချက်များကို တွေ့ရစဉ် -
သမ္မတဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၎င်း၏ အစိုးရသက်တမ်းတွင် ရပ်ဆိုင်းထားမည်ဟု ပြောဆိုထားသော်လည်း ဇန်န၀ါရီ ၁၆ ရက်ထုတ် The Irrawaddy သတင်းဂျာနယ် အတွဲ(၁)၊ အမှတ် (၃) တွင်ဖော်ပြခဲ့သော မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan ၏ ပြောဆိုချက်အရ ဧရာဝတီမြစ်ဆုံစီမံကိန်းမှာ စိုးရိမ်ဖွယ်အနေအထားတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။The Irrawaddy  သတင်းဂျာနယ်က မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လစ်တနာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan တို့နှင့်တွေ့ဆုံပြီး ဆက်စပ်ဖော်ပြခဲ့သော “နဂါးနှင့်လင်းယုန် မြန်မာပြည်မှာတွေ့ပြီ” ဆောင်းပါးတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သောသဘောထားများကို ဘာတေးလ်လစ်တနာနှင့် တရုတ်သံအမတ်ကြီး Yang Houlan  တို့က ထုတ်ဖော်ပြောကြားသည်။တရုတ်သံအမတ်ကြီး Yang Houlan က သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ၎င်း၏ အစိုးရလက်ထက်တွင် ရပ်ဆိုင်းခဲ့ခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်စေနိုင်မည်ဆိုသော သုံးသပ်ချက်များမှာ သီးခြားကိစ္စရပ်သာဖြစ်ကြောင်း ပြောကြားသည်။ သို့သော် သမ္မတဦးသိန်းစိန်၏  ဆုံးဖြတ်ချက်နောက်ကွယ်တွင် တစ်စုံတစ်ရာရှိနေသည်ဟု ၎င်းတို့ နားလည်ကြောင်း ဆိုသည်။ “ … မြစ်ဆုံနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံက စိုက်ပျိုးရေးကနေ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးဆီကို သွားနိုင်ဖို့ ကြိုးစားနေတဲ့ကာလ ဖြစ်ပါတယ်။ တကယ်လို့ စက်မှုလုပ်ငန်းကို တိုးတက်စေချင်တယ်ဆို လျှပ်စစ်ဓာတ်အားက အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ လျှပ်စစ် မရှိဘဲနဲ့ စက်မှုကဏ္ဍကို တိုးတက်အောင် ဘယ်လိုလုပ်မှာလဲ”ဟု တရုတ်သံအမတ်ကြီး Yang Houlan  က မေးခွန်းထုတ်ခဲ့သည်။
“… မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည် စတင်တာကို မြင်ချင်ပါသလား”ဟု The Irrawaddy  သတင်းဂျာနယ်က တရုတ်သံအမတ်ကြီး Yang Houlan ကို မေးမြန်းရာတွင် ၎င်းက“တကယ်လို့ ကျွန်တော်တို့က စီမံကိန်းကို ပြန်စချင်တယ်ဆိုရင် နှစ်ဖက်ကြားမှာ  ဆက်သွယ်ရေးတွေ၊ ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်ဖို့လိုအပ်မယ်လို့ထင်ပါတယ်။ အထောက်အကူယန္တရားတွေ တည်ထောင်နိုင်ဖို့လိုသလို ရှင်းလင်းဆွေးနွေးမှုတွေပိုပြီး လုပ်ဖို့လိုပါတယ်”ဟု ဖြေကြားသည်။
သမ္မတဦးသိန်းစိန်လက်ထက်၌ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်သဖြင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ချဉ်းကပ်ပုံသည် ပုံစံပြောင်းလဲသွားပြီး အတိုက်အခံနိုင်ငံရေး အင်အားစုများနှင့် ထိတွေ့ဆက်ဆံသည့် မူဝါဒကို ကျင့်သုံးလာကြောင်း ဘာတေးလ်လစ်တနာက  The Daily Eleven သတင်းဂျာနယ်သို့ ပြောကြားသည်။
ထို့အတွက်ကြောင့်ပင် တရုတ်နိုင်ငံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်ကို ချဉ်းကပ်ခဲ့ပြီး ၈၈မျိုးဆက် ကျောင်းသားများကိုလည်း ချဉ်းကပ်ခဲ့ကြောင်း ဘာတေးလ်လစ်တနာက ပြောကြားသည်။ ထို့အပြင် မြန်မာ့နိုင်ငံရေးပါတီများနှင့် ထိတွေ့မှုရှိလာပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို တရုတ်နိုင်ငံသို့ လည်ပတ်ရန်ဖိတ်ကြားခဲ့ခြင်းများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှ လူထုထောက်ခံမှုရှိသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ချဉ်းကပ်ခြင်းအားဖြင့် လူထုအမြင်ပြောင်းလဲလာစေရန် လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း ဘာတေးလ်က ပြောကြားသည်။
The Irrawaddy  သတင်းဂျာနယ်က ဖော်ပြခဲ့သော ဆောင်းပါးတွင် ဘာတေးလ်လစ်တနာက မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံ ၀င်ရောက်လာမှုသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကြောင့်မဟုတ်ဘဲ တရုတ်နှင့်မြောက်ကိုရီးယားတို့ကြောင့်ဖြစ်သည်ဟု ပြောကြားသည်။
အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ထိုအချက်ကို ငြင်းပယ်ခဲ့သည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ဆက်ဆံနေတာ မြန်မာနိုင်ငံအတွက်ပါ။ မြန်မာနဲ့ ဆက်ဆံတယ်ဆိုမှတော့ မြန်မာနိုင်ငံအတွက်ပဲ ဖြစ်ရမှာပေါ့။ နိုင်ငံရေးဝေဖန်သူအချို့နဲ့ တရုတ်တွေက ကျွန်တော်တို့ကို အမြင်စောင်းနေတဲ့အချက်တစ်ခုရှိပါတယ်။  အဲဒါဘာလဲ ဆိုတော့ အာရှတိုက်မှာ ကျွန်တော်တို့ ဘာလုပ်လုပ် တရုတ်နိုင်ငံနဲ့ ပတ်သက်တယ်။ တရုတ်နိုင်ငံကို ၀ိုင်းပတ်ပိတ်ဆို့ဖို့လုပ်နေတာလို့ အထင်ရှိနေတာပဲ။ ဒါပေမဲ့ သူတို့ထင်သလို မဟုတ်ပါဘူး”ဟု ဒဲရစ်မစ်ချယ်က The Irrawaddy  သတင်းဂျာနယ်သို့ ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံနှင့် အခြားနိုင်ငံများက တပ်မတော်ချင်း ထိတွေ့ဆက်ဆံမှုကိစ္စရပ်များမှာ အမေရိကန်အစိုးရအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ အထူးဂရုပြု အာရုံစိုက်သည့်ကိစ္စဖြစ်ကြောင်း ဒဲရစ်မစ်ချဲ က ပြောကြားသည်။
“… မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးသမိုင်းကြောင်း အခြေအနေ၊ နှစ်နိုင်ငံဆက်ဆံရေးမှာ မြန်မာနိုင်ငံဟာ ဘယ်လိုအနအထားမှာ ရပ်တည်နေတယ်ဆိုတာကို ကျွန်တော်တို့ မေးခွန်းထုတ်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားလုံခြုံရေးအတွက် အဓိက ကျနေလို့ပါပဲ”ဟု ဒဲရစ်မစ်ချဲက ပြောကြားသည်။
မြန်မာနိုင်ငံ၌ တရုတ်နှင့် အမေရိကန်အားပြိုင်မှု ဖြစ်သည်ဆိုပါက မြန်မာနိုင်ငံအတွက် မကောင်းနိုင်ကြောင်း တရုတ်သံအမတ်ကြီး Yang Houlan က ဆိုသည်။
“ကျွန်တော် သတင်းစာတွေကို ဖတ်ရပါတယ်။ ဒီက ကျွန်တော့်မိတ်ဆွေတွေနဲ့လည်း စကားပြောဖြစ်တယ်။ သူတို့မှာ တူညီတဲ့ အတွေးတစ်ခုရှိကြတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပါဝါအားပြိုင်မှုတွေအကြောင်းပြော ကြတယ်။ အထူးသဖြင့် တရုတ်နဲ့ အမေရိကန်ကြားကပါ။ တကယ်လို့ အဲဒီလိုမျိုးသာ တကယ်ဖြစ်ခဲ့ရင် ကံမကောင်းမှုတစ်ခုလို့ပဲ ကျွန်တော်မြင်ပါတယ်။ ဒီမှာလာပြီးတော့ တရုတ်နဲ့ အမေရိကန် အားပြိုင်ကြမယ်ဆိုရင် မြန်မာနိုင်ငံအတွက်လည်း မကောင်းပါဘူး။ ဒီလိုမဖြစ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါ တယ်”ဟု Yang Houlan  က ပြောကြားသည်။
Eleven M G

No comments:

Post a Comment