Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်ကြီးဟောပြောပွဲ မြေနေရာခွင့်မပြု


တောင်ကြီးမြို့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲကို တောင်နယံမှ အားပေးနေသော ပြည်သူများ / Photo by Uwinnaing Soe 

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရှမ်းပြည်နယ် ခရီးစဉ်အတွင်းမှာ တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းကို စစ်တပ်ပိုင်ဆိုပြီး ခွင့်မပြုတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို လမ်းဘေး မြေကွက်လပ် တခုမှာ ကျင်းပရတယ်လို့ ခရီးစဉ်အတွင်း လိုက်ပါသူ ညောင်ရွှေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

“နမ့်စန်၊ မိုးနဲ၊ လင်းခေးမှာ ဟောပြောပွဲတွေ လုပ်တယ်။ ပြည်သူလူထုက မျှော်လင့်တာထက် များပါတယ်။ ၁ သောင်းနီးပါးလောက်ရှိတယ်။ မြို့ငယ်လေးတွေကို ၃ နေရာခွဲလိုက်တဲ့ အင်အားက ပြည်မလိုကြီး မများဘူးပေါ့ဗျာ။ တက်ရောက်တဲ့သူတွေက တက်တက်ကြွကြွ တက်ကြပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အမေစုဟောပြောတဲ့အတိုင်း အသစ်ရေးဆွဲရေးက ကြာမယ်။ ပြင်ဆင်တာက ပြင်ကို ပြင်ရမယ်ပေါ့။ သမ္မတအရည်အချင်း၊ ခန့်အပ်တဲ့ကိစ္စကို လျော့ပေါ့ဖို့နဲ့ တိုင်းရင်းသားလူမျိုးငယ်များရဲ့ အခွင့်အရေးကို ဘယ်လောက်အထိပေးမလဲပေါ့။ အမေစုက အခု တောင်ကြီးမှာ ဟောပြောပွဲလုပ်နေတယ်။ တောင်ကြီး မီးပုံးပျံကွင်းကို တောင်းကြတာ။ အာဏာပိုင်တွေ ခွင့်မပြုဘူး။ မပြုတော့ လမ်းဘေးက ကွက်လပ်တခု ဟောပြောပွဲလုပ်ရတဲ့ အနေအထားရှိတယ်။ တောင်ကြီးက မြို့ကြီးဆိုတော့ တက်ရောက်တဲ့ သူတွေက တခဲနက်ပဲဗျာ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါရီလ ၂၆ ရက် ညနေ ၄ နာရီခွဲ တောင်ကြီးမြို့ ဟောပြောပွဲကို အဝေရာ မီးပုံးပျံကွင်းရဲ့ မြောက်ဘက် ကျောင်းကြီးစုရပ်ကွက် ကျောက်တလုံးလမ်းမှာ ၁၀ ဘီးကားကို စင်လုပ်ပြီး ဟောပြောခဲ့ ရတယ်လို့ နောက်ဆုံး သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကို ဇန်န၀ါရီလ ၂၄ ရက်နေ့က စတင်ခဲ့ပါတယ်။ နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့တွေမှာ လူထု ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ကို ပြင်ရမယ်လို့ ပြောဆိုခဲ့သလို ဒီလို ပြင်တဲ့ အထဲမှာလည်း တိုင်းရင်းသားတွေအတွက် ပါဝင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း ရှမ်းပြည်နယ်မှာ ပိတ်ပင် တားဆီးတာတွေ ရှိခဲ့သလို မကြာခင်က ချင်းပြည်နယ် ခရီးစဉ်အတွင်းမှာလည်း ချင်းပြည်နယ်အစိုးရ အာဏာပိုင်က ပိတ်ပင်တားမြစ်မှု တချို့ကိုလည်း ကြုံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

By ဒီဗွီဘီ
တောင်ကြီး မီးပုံးပျံကွင်းဘေးရှိ ခြံဝင်းကျယ်တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်
တောင်ကြီး၊ မဇ္ဈိမ။ ။ ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီး မြို့ခံများနှင့် ဇန်န၀ါရီ ၂၆ ရက်တွင် လူထုတွေ့ဆုံပွဲပြုလုပ်ရန် စီစဉ်ထားသည့် စစ်တပ်ပိုင် အဝေရာ မီးပုံးပျံကွင်းတွင် ဟောပြောရန် ကွင်းမရသဖြင့် ကွင်းဘေးရှိ ပုဂ္ဂလိက ခြံဝင်းကျယ်တွင် ဟောပြောစင်ဆောက်ကာ ဟောပြောမည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

ဟောပြောခွင့်ရရန် ဇန်န၀ါရီ ၂၃ က စတင် ကြိုးပမ်းခဲ့သော်လည်း မရရှိသေးဟုသာ ပြည်နယ်အုပ်ချုပ်ရေးမှုးက အကြောင်းပြန်သည်ဟု ဦးတင်မောင်တိုးက ဆိုသည်။

၎င်းက “ မူလအတိုင်းပါပဲ။ ကျွန်တော်တို့ ပြည်နယ် အစိုးရက အာဏာ မသက်ရောက်ပါဘူး။ တပ်ပိုင်မြေ ဖြစ်နေတဲ့ အတွက်ကြောင့်လို့ အကြောင်းပြန်ပါတယ်" ဟု ဆိုသည်။

ယင်းသို့ ကွင်းမရရှိသည့် အတွက် ကွင်းအနီး ခြံဝင်း တစ်ခု အတွင်းတွင် စင်ဆောက်၍ ယင်းစင်ပေါ်မှ တဆင့် ဒေါ်အောင်ဆန်းစုကြည်က ဟောပြောမည်ဖြစ်သည်ဟု ဦးတင်မောင်တိုးက ဆိုသည်။ ယင်းသို့ စီစဉ်ထားခြင်းသည် လာရောက်သည့် ပြည်သူများ အနေဖြင့် မီးပုံးပျံကွင်း အတွင်း လာရောက်နားထောင်နိုင်မည့် အနေအထားဖြစ်သည်။

အဆိုပါကွင်းတွင် ဟောပြောခွင့် မရခြင်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည် လူထု တွေ့ဆုံပွဲပြုလုပ်သည့် မိုးနဲမြို့တွင် မေးမြန်းခဲ့ရာ ၎င်းက အခြား ပါတီများကိုလည်း အသုံးပြုခွင့် မပေးပါက မိမိ အနေနှင့် မည်သို့မျှ သဘောမထားဟုလည်း ပြောဆိုလိုက်သည်။

“အခြား အဖွဲ့အစည်းတွေ ပါတီတွေ ပေးတယ်ဆိုရင် ကျွန်မတို့ကို ဘာအတွက် မပေးဘူးဆိုတာ မေးမြန်းရ ပါလိမ့်မယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က လူထု တွေ့ဆုံပွဲတွင် ပြောလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်တွင် စစ်တပ်ပိုင် နမ့်စန် လေယာဉ်ကွင်းတွင်လည်း အခြား လေယာဉ်များ ဆင်းသက်ခွင့် မရှိ၍ ဆင်းသက်ခွင့် မရခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည် ခရီးစဉ်တွင် ဇန်န၀ါရီ ၂၅ ရက်က နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့များတွင် အခြေခံဥပဒေ ဆိုင်ရာ လူထု တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။

တင်ဇာအောင်၊ ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese

No comments:

Post a Comment