Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ တရားဝင်ဖိတ်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်၏ ပြောကြားမှုကို တရုတ်မီဒီယာများဖော်ပြ


ဒေါ်အောင်ဆန်းစုကြည်အား တရုတ်အစိုးရက ဖိတ်ကြားမည့်သတင်းကို South China Morning Post ၀က်ဘ်ဆိုက်တွင် ဇန်န၀ါရီ ၂၆ ရက်က ဖော်ပြထားစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး ဖိတ်ကြားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်ဟု South China Morning Post သတင်းစာတွင် ဇန်နဝါရီ ၂၆ ရက်က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် သိသာသည့် လွှမ်းမိုးမှုများ ရှိနေဆဲဖြစ်သော တရုတ်နိုင်ငံသို့ သွားရောက်လိုသော်လည်း တရုတ်အစိုးရက ဖိတ်ကြားမှု ပြုလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်အစိုးရက တစ်စိတ်တစ်ပိုင်း ပါဝင်နေသည့် အဖွဲ့အစည်းများ၏ ဖိတ်ကြားမှုများကို ယခင်က ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန်းက Sunday Morning Post နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် တရုတ်အစိုးရအနေ့ဖင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီအားလုံးနှင့် ဆက်ဆံမှုများ ဆက်လက်လုပ်သွားမည်ဖြစ်ကြောင်း၊ အစီအစဉ် အတိအကျ ရေးဆွဲထားမှု မရှိသေးသော်လည်း နှစ်ဖက်စလုံးက အဆင်ပြေမည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ ဖိတ်ကြားသွားမည်ဟု ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ကျွန်တော်စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်များစွာ တွေ့ဆုံခဲ့ပြီးပါပြီ။ သူမအနေနဲ့ နိုင်ငံတကာမှာ ထင်ရှားမှု၊ မြန်မာပြည်သူတွေအကြားမှာ ကျော်ကြားမှုတို့ကြောင့် တရုတ်အစိုးရအနေနဲ့ ဖိတ်ကြားသွားမှာဖြစ်ပါတယ်” ဟု ယန်ကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည့် သတင်းများ ၂ဝ၁၁ ခုနှစ် နှောင်းပိုင်းက ထွက်ပေါ်ခဲ့ပြီး တရုတ်မီဒီယာများနှင့်ပြုလုပ်သည့် အင်တာဗျူးများတွင် အဆိုပါသတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခြင်းမရှိကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ မကြာမီ သွားရောက်လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂ဝ၁၃ ခုနှစ်အတွင်းက ကိုယ်စားလှယ်အဖွဲ့လေးဖွဲ့ကို တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့ပြီး မကြာသေးမီကလည်း ပါတီ၏အတွင်းရေးမှူးဖြစ်သူ ဦးဥာဏ်ဝင်းဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကို ဒီဇင်ဘာလအတွင်းက စေလွှတ်ခဲ့သည်။

သံအမတ်ကြီးယန်က “ပြောင်းလဲလာတဲ့ အခြေအနေသစ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဖို့ သူတို့ရဲ့အမြင်တွေကို ကျွန်တော်တို့ သိချင်ကြားချင်ပါတယ်” ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တရုတ်အစိုးရတို့အကြား ယမန်နှစ်မှစ၍ ဆက်ဆံရေးများစွာ တိုးတက်ခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်းပုဒ်မ ၅၉ (စ) ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်နေချိန်တွင် တရုတ်နိုင်ငံဘက်ကလည်း ယခုအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားသော မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းမှုများ ရှိနေသည်။ ထိုသို့ကြိုးပမ်းခြင်းနှင့်အတူ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ၊ နိုင်ငံရေး အဖွဲ့အစည်းများကို တရုတ်အစိုးရက တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ပြီး မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရန် ဆွဲဆောင်မှုများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ ဆွဲဆောင်ခြင်းနှင့်အတူ ယခင်က တရုတ်အစိုးရ၏ လွှမ်းမိုးမှုကို ခံထားရသော ယခုအစိုးရ ထိပ်ပိုင်းခေါင်းဆောင်များဘက်တွင်လည်း ဖိအားများ ရှိနေသည်။

မကြာသေးမီအချိန်က မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီ CPI ၌ အကြီးစားရှယ်ယာ ပိုင်ဆိုင်ထားသည့် ဧရာဝတီ မြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ (ACHC) က ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရန်အတွက် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာမည့်အစိုးရနှင့် ညှိနှိုင်းမည်ဟု ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီ၏ ပြောကြားမှုနှင့် ပတ်သက်၍ လွတ်လပ်သော အာရှအသံ (RFA) က ‘ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့ပြီး ထိုမေးမြန်းမှုကို ဇန်နဝါရီ ၁ ရက်က ထုတ်လွှင့်ခဲ့သည်။

“ညှိနှိုင်းရမှာပေါ့။ မညှိနှိုင်းလို့ ဘယ့်နဲ့လုပ်မလဲ။ ဘာလဲဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်းကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ။ တာဝန်မယူတဲ့သဘော ဖြစ်တာပေါ့။ တကယ်ဆိုရင် အစိုးရဆိုတာ တာဝန်ယူရမှာပဲ။ နောက်ပြီးတော့ အခုမြစ်ဆုံစီမံကိန်းကို အခုအစိုးရထဲက လူအများစုဟာ အရင်အစိုးရထဲမှာ ပါခဲ့တာပဲ။ ဒီမြစ်ဆုံစီမံကိန်းကို သဘောတူခဲ့တုန်းကလည်း ဒီအစိုးရအဖွဲ့ဝင်တွေပဲ။ အခုမှ မဆိုင်သလိုလုပ်နေလို့ ဘယ်ဖြစ်မလဲ။ ဒါပေမဲ့ ဒီမြစ်ဆုံစီမံကိန်းကို ငါးနှစ်ရပ်ထားတယ်ဆိုတာ နောက်လာမယ့် အစိုးရမှပဲ တာဝန်ယူတော့လို့ ပြောတဲ့သဘောမျိုး ဖြစ်နေတာပေါ့။ အဲဒါတော့ အစ်မကမကြိုက်ဘူး။ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်။ တာဝန်ယူနိုင်တဲ့ အရည်အချင်း ရှိရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်က လွှတ်တော်ရုံး၌ ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် မြစ်ဆုံစီမံကိန်းအပေါ် သူရဦးရွှေမန်း၏ သဘောထားကို သတင်းထောက်များက မေးမြန်းရာ၌ သူရဦးရွှေမန်းက “မိမိကိုယ်မိမိ သမ္မတလောင်းလို့တော့ မိမိဒီလိုမယူဆထားပါဘူး။ မိမိသည် နိုင်ငံရဲ့နိုင်ငံသား အကျိုးစီးပွားကို ဖြစ်နိုင်သမျှ စွမ်းဆောင်ပေးဖို့ ရည်ရွယ်ပြီးတော့ အခြေအနေပေးရင်ပေးသလို ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဇန်နဝါရီ ၁ ရက်တွင် ဒေါ် အောင်ဆန်းစုကြည်က RFA သတင်းဌာနသို့ ပြောကြားအပြီး “မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့်နှင့် ပတ်သက်ပြီး NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားပြတ်သားမှု မရှိကြောင်း” The Daily Eleven သတင်းစာက ရေးသားခဲ့သည်။

“မြစ်ဆုံကိစ္စက လက်ပံတောင်းတောင်ကိစ္စလို မဟုတ်ဘူး။ ညှိနှိုင်းစရာမလိုတဲ့ ကိစ္စဖြစ်ပြီး ယတိပြတ်ပြောရမှာပါ။ မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်၊ သူရဦးရွှေမန်းပဲဖြစ်ဖြစ် နောက်ဆုံးကာကွယ်ရေးဦးစီးချုပ်ပဲဖြစ်ဖြစ် တိုင်းရင်းသား ပြည်သူလူထုနဲ့ ထိပ်တိုက်တိုးရနိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲမတိုင်ခင်မှာ လူထုကို ရှင်းရှင်းလင်းလင်း ဖြေဆိုထားဖို့ လိုပါတယ် ....” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က အဆိုပါသတင်းတွင် ပြောကြားထားသည်။

ထိုသတင်းဖော်ပြအပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားအပေါ် ပြန်လည်ရှင်းလင်း ပြောကြားချက်တစ်ရပ်ကို NLD Facebook မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

NLD ပါတီထောက်ခံသူ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အတိုင်း မြစ်ဆုံစီမံကိန်းသည် သမ္မတဦးသိန်းစိန်နှင့် ယခုအစိုးရတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ပြီး ‘မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပြတ်သားမှုမရှိကြောင်း’ ပြောကြားခဲ့သည့် Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နှင့် Eleven Media Group တို့အား ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
Eleven Media Group

Suu Kyi will be invited to Beijing, says China's ambassador to Myanmar

China's ambassador to Myanmar says Nobel Peace laureate's standing ensures future meeting
PUBLISHED : Sunday, 26 January, 2014, 5:35am
UPDATED : Sunday, 26 January, 2014, 5:35am

No comments:

Post a Comment